ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မဲဆန္ဒနယ်ရှိ ပရွတ်ကျေးရွာ၊ လမုကျေးရွာ၊ စန္ဒယော်ကျေးရွာ၊ မငေးစုကျေးရွာ၊ မရွှေဥကျေးရွာ၊ ရေစိုကျေးရွာ၊ ပန်းတိုင်ကျေးရွာ၊ ထိန်နှစ်ပင်ကျေးရွာ၊ ဒိတ်ကုန်းကျေးရွာ၊ လမုတန်းကျေးရွာတို့မှာ လှိုင်သာယာနှင့် ညောင်တုန်းသို့ သွယ်တန်းထားသော ၃၃ ကေဗွီ၊ ၁၁ ကေဗွီ လျှပ်စစ်မီးကြိုးအောက်တွင်တည်ရှိနေကြပါတယ်။ အဆိုပါရွာများသည် လျှပ်စစ်မီးလင်းရေးကို မျှော်လင့်တောင့်တလျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ ကျေးလက်ဒေသလျှပ်စစ်မီးလင်းရေးအတွက် ထန်းတပင်မြို့နယ်အတွင်းရှိအဆိုပါကျေးရွာ ၁ဝ ရွာ အား ကျေးလက်ဒေသမီးလင်းရေး အစီအစဉ်ရှိ၊ မရှိ သိလိုပါတယ်။ ဆောင်ရွက်ရန်အစီအစဉ်ရှိပါက မည့်သည်အချိန်ဆောင်ရွက်ပေးမည်နည်းကို သိလိုကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်း ဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ပရွတ်၊ လမု၊ စန္ဒယော်၊ ရေစို၊ မငေးစု၊ မရွှေဥနှင့် ပန်းတိုင်ကျေးရွာတို့မှာ ၃၃ ကေဗွီ၊ လှိုင်သာယာ-ညောင်တုန်းဓာတ်အားလိုင်းမှလည်းကောင်း၊ ဒိတ်ကုန်းနှင့်ထိန်နှစ်ပင်ကျေးရွာ တို့အား၃၃ကေဗွီ၊ လှိုင်သာယာ-ရွှေလင်ဗန်း(အနောက်ပိုင်းတက္ကသိုလ်)ဓာတ်အားလိုင်းမှလည်းကောင်း ဆက်သွယ်ဓာတ်အားပေးရမှာဖြစ်တဲ့အတွက် စုစုပေါင်း ၃၃ ကေဗွီဓာတ်အားလိုင်း ၁၀ မိုင်ခန့်နဲ့ ၃၃/ဝ.၄ ကေဗွီ၊ ၁၀၀ ကေဗွီအေထရန်စဖော်မာ ၁လုံး၊ ၁၆၀ ကေဗွီအေထရန်စဖော်မာ ၂ လုံး၊ ၂၀၀ ကေဗွီအေထရန်စဖော်မာ ၃ လုံးနဲ့ ၃၁၅ ကေဗွီအေထရန်စဖော်မာ ၃ လုံး၊ စုစုပေါင်း ထရန်စဖော်မာ ၉ လုံး အပြင် အဆိုပါထရန်စဖော်မာအသီးသီးက ဓာတ်အားရယူသုံးစွဲလိုသူအသီးသီးတို့၏ နေအိမ်များသို့ ၄၀၀ ဗို့နဲ့ ၂၃၀ ဗို့စတဲ့ ဗို့အားနိမ့်ဓာတ်အားလိုင်းများကိုလည်း ရွာအသီးသီးမှာတည်ရှိတဲ့ ရွာတွင်းလမ်းအခြေအနေအရ ထည့်သွင်းတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ဟာ ဓာတ်အားဖြန့်ဖြူးရေးစနစ်တိုးချဲ့တည်ဆောက်အကောင်အထည်ဖော် လျက်ရှိရာမှာ ကျေးရွာမီးလင်းရေးကိစ္စရပ်များကိုလည်း နှစ်စဉ်ခွင့်ပြုရရှိသောရန်ပုံငွေအခြေအနေ အရ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ရန်ပုံငွေခွင့်ပြုဆောင်ရွက်မှုအနေအထားအရ ဆောင်ရွက်ပေးနိုင် မည့်အခြေအနေထက်ဆောလျင်စွာရရှိလိုပါက ဒေသအာဏာပိုင်များ၏ခွင့်ပြုထောက်ခံချက်ရယူပြီး ပြည်သူလူထု၏ခိုင်ခိုင်မာမာဖွဲ့စည်းထားသော ကိုယ့်အားကိုယ်ကိုးကျေးရွာမီးလင်းရေးကော်မတီများ ဖွဲ့စည်းပြီး သက်ဆိုင်ရာမြို့နယ်လျှပ်စစ်ရုံးများမှတစ်ဆင့် လျှောက်ထားရမှာဖြစ်ပါတယ်။ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ ကျေးရွာမီးလင်းရေးအတွက် မူဘောင်သတ်မှတ်ချက်များနဲ့ ကိုက်ညီသည့်ကျေးရွာမီးလင်းရေးများကို ဆောင်ရွက်ခွင့်ပြုပေးလျက်ရှိပြီး လိုအပ်သည့်နည်းပညာ ပိုင်းများကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
