ရှမ်းပြည်နယ် တောင်ပိုင်း၊ အင်းလေးဒေသ၊ ပင်းတယရွှေဥမင်ဘုရားနှင့် တောင်ကြီးမွေတော် ကက္ကူ ဘုရား စသည့် နေရာဒေသများသည် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအပါအဝင် နိုင်ငံခြားသားအတွက် စိတ်ဝင် စားဖွယ်ရာနေရာဒေသများဖြစ်ပါတယ်။ အဆိုပါနေရာဒေသများအနက် ရွှေဥမင်ဘုရားနှင့် တောင်ကြီး မွေတော်ကက္ကူဘုရားများသို့လာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်တော်များထံမှ ကောက်ခံ ရရှိသော Entrance Fees များကို သက်ဆိုင်ရာဘုရားဂေါပကအဖွဲ့များမှ တာဝန်ယူထိန်းသိမ်း ထားရှိပြီး ဘုရားနှင့်ပတ်သက်သည့်ကိစ္စအဝဝတွင် တာဝန်ခံ၍အသုံးပြုကြကြောင်းသိရပါတယ်။ သို့ဖြစ်ပါ၍ ပထမမေးခွန်းအဖြစ် အင်းလေးဒေသအတွက် Entrance Fees ကိုမည်သို့မည်ပုံ စီမံဆောင်ရွက်နေသည်ကိုသိလိုပါတယ်။ ဒုတိယမေးခွန်းမှာ အင်းလေးကန်မတိမ်ကောစေရေး လုပ်ငန်းရပ်များနှင့် အင်းလေးကန်ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ ထိန်းသိမ်းရေးလုပ်ငန်းများတွင် Entrance Fees ကို စနစ်တကျအသုံးပြုသွားမည်ဆိုပါက အင်းလေးကန်နှင့်ပတ်သက်သည့် လုပ်ငန်းရပ်များတွင် ယခုထက်ပို၍ဆောင်ရွက်နိုင်မည်ဖြစ်ပါတယ်။ ပို၍ထိရောက်အောင်မြင်ဖွယ်ရာ လည်းရှိပါတယ်။ သို့ဖြစ်၍ အင်လေးကန်နှင့်ပတ်သက်သည့် Entrance Fees ကို အင်းလေးကန် ထိန်းသိမ်းရေးလုပ်ငန်းများတွင် အဓိကထားပြီးအသုံးပြု၍ ရနိုင်၊ မရနိုင်ဆိုသည်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် ၁၉၈၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဝန်ကြီးဌာနရဲ့အမိန့်ကြော်ငြာစာအမှတ်( ၁၅ / ၁၉၈၅ ) ဖြင့် အင်းလေးကန်ရဲ့ ရေပြင် အပါအဝင် ဧရိယာအကျယ်အဝန်း ၁၅၈၆၂၀ ဧကကို အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အဖြစ် သဘာဝနယ်မြေအဖြစ်သတ်မှတ်ပြီးတော့ထိန်းသိမ်းလျက်ရှိပါတယ်။ အင်းလေးကန်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောကို ပြည်တွင်း၊ ပြည်ပမှခရီးသွားဧည့်သည်များလာရောက်ကြည့်ရှုကြတဲ့အတွက်၊ ကြည့်ရှုမှုအတွက် မိမိတို့ဝန်ကြီးဌာနလက်အောက်မှာရှိသော သစ်တောဦးစီးဌာနအနေဖြင့်တော့ မည်သည့်အခွန်အခမှ ကောက်ခံခြင်းမရှိပါကြောင်းနဲ့ ဇုန်ဝင်ကြေးအဖြစ် ပြည်နယ် အစီအမံဖြင့်သာ ကောက်ခံမှုရှိကြောင်းသိရှိရပါတယ်။ ဦးဝင်းဆွေမေးမြန်းထားတဲ့ အင်းလေးကန်နဲ့ ပတ်သက်တဲ့ Entrance Fees ကို အင်းလေးကန်ထိန်းသိမ်းရေးလုပ်ငန်းများမှ အဓိကထားအသုံးပြု၍ ရနိုင်၊ မရနိုင်ဆိုခြင်းမှာ သက်ဆိုင်ရာပြည်နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းက ညှိနှိုင်းဆုံးဖြတ်ရမယ့်ကိစ္စတစ်ခု ဖြစ်ပါတယ်ခင်ဗျား။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေနဲ့ နိုင်ငံအဆင့်ထိန်းသိမ်းရေးလုပ်ငန်းစီမံချက်များရေးဆွဲပြီး နိုင်ငံတော်ရဲ့ဘဏ္ဍာငွေခွဲဝေချထားပေးမှု အပြင် နိုင်ငံတကာအစိုးရဌာနများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီးတော့ ထိန်းသိမ်းရေးလုပ်ငန်းအတွက်နည်းပညာ၊ ငွေကြေးအကူအညီ အထောက်အပံ့များရှာဖွေစုဆောင်းကာ အင်းလေးကန်ရေရှည်တည်တံ့စေရန်ထိန်းသိမ်း၍ လုပ်ငန်း စီမံကိန်းများကို တိုးမြှင့်အကောင်အထည်ဖော်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
