ဖျာပုံမြို့နယ်ကလူဦးရေ ၃၀၀၀၀၀ ကျော်ရှိ ပြီးတော့ သင်္ဘောဆိပ်၊ လူနေရပ်ကွက်၊ ဈေးရောင်းဈေးဝယ်၊ လှေအဝင်အထွက် အလွန်များပြား စည်ကားတဲ့ ခရိုင်မြို့ကြီးတစ်မြို့ဖြစ်ပါတယ်။ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကျော်လောက်ကစပြီးတော့ မြို့ရဲ့လူစည်ကားတဲ့နေရာတွေမှာ မြစ်ရေတိုက်စားကမ်းပါးပြိုခြင်းကို ခံခဲ့ရတာတွေရှိပြီးတော့ ဒီလိုဖြစ် ရတဲ့အကြောင်းအရင်းများကို လေ့လာတဲ့အခါမှာလည်းပဲ ဖျာပုံမြို့ဟာမြစ်ကမ်းပါးရဲ့ကွေ့မှာ တည်ရှိ ပြီးတော့ ဖျာပုံရဲ့တစ်ဖက်ကမ်းမှာရှိတဲ့ ဒေးဒရဲမြို့နယ်ဘက်အခြမ်း၊ ဆားဖိုချောင်းကျေးရွာမှာ တစ်စတစ်စသောင်ထွန်းလာခဲ့ပါတယ်။ ထိုကဲ့သို့ သောင်ထွန်းလာခြင်းအားဖြင့် ဖျာပုံမြစ်ရဲ့ ရေစီးကြောင်းဟာလည်းပဲ ပြောင်းလဲလာတာကိုတွေ့ရပါတယ်။ ၎င်းအပြင် ဖျာပုံဟာပင်လယ်ဝနဲ့ နီးကပ်တဲ့အတွက် ဒီရေအတက်အကျဟာလည်းပဲ နေ့စဉ်ကြုံတွေ့လျက်ရှိပါတယ်။ ဤအချက်များ ကတော့ မြစ်ကမ်းပါးပြိုရခြင်းရဲ့ အကြောင်းအချက်များပဲဖြစ်ပါတယ်။ ဒီမှာ ကျွန်တော်တို့မြို့ရဲ့ ရေတိုက်စားတဲ့နယ်နမိတ်နဲ့ ဧရိယာကို ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲ ဖျာပုံမြစ်ဖက်အခြမ်းအမှတ် (၂) ရပ်ကွက်ကနေပြီးတော့ အမှတ် (၃) ရပ်ကွက်ဆိုတာ ခလရ (၉၈) ကြားပေ ၇၀၀၀ လောက်ရှည်တဲ့ ကမ်းနားတစ်လျှောက်မှာပဲ ဖြစ်တာကိုတွေ့ရပါတယ်။ ဤကဲ့သို့ ဒီရေတိုက်စားခဲ့တဲ့ ဖြစ်စဉ်အချို့နဲ့ ဆောင်ရွက်ချက်ကိုသိအောင် ပြန်ပြီးတော့တင်ပြရမယ်ဆိုလို့ရှိရင်လည်းပဲ မူလရှိခဲ့တဲ့ ဖျာပုံမြို့မဈေးကို နေရာရွှေ့ခဲ့ရတာရှိပါတယ်။ နောက် ဧရာဝတီသင်္ဘောဆိပ်နဲ့ ပုဂ္ဂလိကနှစ်ထပ်သင်္ဘောဆိပ်ကိုလည်းပဲ နေရာပြောင်းခဲ့ရပါတယ်။ နောက် ကမ်းနားတစ်လျှောက်မှာရှိတဲ့ ရေခဲဒိုင်တွေလည်းပဲ တစ်စတစ်စ ဖျက်ပြီးတော့ ရပ်ကွက် ၁၂ ဘက်ကိုပြောင်းခဲ့ရပါတယ်။ နောက်ပြီးကြတော့ ရှေးဟောင်းသမိုင်းဝင် သာဂီဘုရားကြီး တစ်ဝိုက်မှာရှိနေတဲ့ အိမ်အချို့နဲ့ ဘုန်းကြီးကျောင်းနှစ်ကျောင်းကိုလည်းပဲ မြို့ရဲ့ အတွင်းပိုင်းရပ်ကွက်များကို ပြောင်းရွှေ့ခဲ့ရတဲ့ဖြစ်စဉ်များရှိပါတယ်။ နိုင်ငံတော်အစိုးရကလည်းပဲ ၁၉၆၈ ခုနှစ်ကတည်းက အရေးကြီးတဲ့နေရာတွေကို ရေထိန်းအုတ်ရိုးတွေ ဆောင်ရွက်ပေးခဲ့တာ ရှိပါတယ်။ ဆောင်ရွက်ပေးခဲ့တဲ့ ရေထိန်းအုတ်ရိုးတွေဟာလည်းပဲ ၁၉၇၅ ခုနှစ်မှာ အခုလိုပဲ ရေတိုက်စားတဲ့ဒဏ်ကြောင့် အားလုံးနီးပါးပျက်စီးသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ ကာကွယ်ပြုပြင်တဲ့ လုပ်ငန်းတွေကို မြို့နေလူထုတွေပါ ပါဝင်ပြီးတော့ နည်းမျိုးစုံနဲ့ဆောင်ရွက်ခဲ့ပါ တယ်။ ထင်ရှားတဲ့ဖြစ်စဉ်တစ်ခုအနေနဲ့ကတော့ အခု ၂၀၁၁ ခုနှစ်နှစ်ဆန်းပိုင်းမှာ ကျွန်တော်တို့ ကမ်းနားမှာရှိတဲ့နှစ်တစ်ရာကျော် ရှေးဟောင်းသမိုင်းဝင်ဘုရားကြီးဖြစ်တဲ့ သာဂီဘုရားကြီးတစ်ဝိုက် မှာကမ်းပြိုမှုဖြစ်ခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော်ဦးစီးပြီးတော့ မြို့သူမြို့သားတွေ၊ အလှူရှင်တွေနဲ့ စုစုပေါင်းလှူဒါန်းငွေ ကျပ်သိန်းတစ်ထောင်ကျော်မတည်ပြီးတော့ ပို့ဆောင်ရေးဝန်ကြီးဌာနကလည်းပဲ ရုံးချုပ်နဲ့တိုင်းမှာရှိတဲ့ မြစ်ကြောင်းထိန်းသိမ်းရေးအရာရှိများ အနီးကပ်ကြပ်မတ်ပြီးတော့ မြို့လူထု များနဲ့နေ့ညမပြတ် ဆောင်ရွက်ပေးခဲ့တဲ့အခါမှာတော့ ရှေးဟောင်းသမိုင်းဝင် သာဂီဘုရားကြီးရဲ့ ကမ်းပြိုပျက်စီးမှုကိုအထိုက်အလျောက် ကျွန်တော်တို့ ကာကွယ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီ့အတွက် လည်းပဲ မြို့သူ၊ မြို့သားများအားလုံးက ဝမ်းသာပြီး ကျေးဇူးတင်လျက်ရှိပါတယ်။ နောက် မြို့သူ၊ မြို့သားတွေအားလုံးရဲ့ စိတ်ဆန္ဒကတော့ ဖျာပုံမြို့မှာ အလားတူမြစ်ကမ်းပါးပြိုမှုတွေကနေ လွတ်ကင်း ရလိုတဲ့ စိတ်ဆန္ဒရှိနေကြောင်းတွေ့ရပါတယ်။ ကျွန်တော်ကလည်းပဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့အတွက် ယခုကဲ့သို့ အလေးအနက်ထားပြီးတင်ပြရခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် မို့လို့ ကျွန်တော်တို့ ဒီရေကြောင်းနဲ့ မြစ်ကမ်းထိန်းသိမ်းရေး အတတ်ပညာရှင်များရှိတဲ့ ဒီပို့ဆောင်ရေးဝန်ကြီး ဌာနကနေပြီးတော့ လေ့လာတိုင်းထွာမှုအဖွဲ့များကို ထပ်မံစေလွှတ်ပြီးတော့ ဆောင်ရွက်မယ့် ကိစ္စအဝဝကို ကျွန်တော်တို့ ဦးစားပေးဆောင်ရွက်နိုင်ပါရန် မေးမြန်းပါသည်။
မြန်မာနိုင်ငံဟာ ရှည်လျားသောရေလမ်းကြောင်းကြီးနဲ့ ထုထည်ကြီးမားသောရေထုကြီးကို တစ်နှစ်လုံး သယ်ဆောင်လာတာဖြစ်ပါတယ်။ ဖျာပုံမြစ်နဲ့ပတ်သက်ပြီးတော့ ဖျာပုံမြို့ဟာ ပင်လယ်ဝကနေပြီးတော့ ၅ မိုင်အကွာမှာရှိပါတယ်။ မြစ်ဟာဖျာပုံမြို့ရဲ့ အနောက်ဘက်ကမ်းမှာရှိပါတယ်။ ဖျာပုံမြို့ရဲ့ အမြင့် ပေဟာ ပင်လယ်ရေပြင်အထက်ကို ၁၀ ပေပဲရှိပါတယ်။ ဖျာပုံမြို့ဟာ ရန်ကုန်မြို့ကနေ ရေလမ်းအားဖြင့် ၆၄ မိုင်ရှိပါတယ်။ ဖျာပုံမြို့ရဲ့ ရေအကျဆုံးအချိန်မှာ ၅ ပေ ၆ လက်မဖြစ်ပြီးတော့ အတက်ဆုံးအချိန်မှာ ၇ ပေဖြစ်ကြောင်းတွေ့ရပါတယ်။ ဖျာပုံမြစ်ကို ဥက္ကဋ္ဌကြီး ကြည့်လိုက်မယ်ဆိုလို့ရှိရင် သူဟာမြို့ရဲ့ Outer Tern မှာရှိတော့ ရေက အဲ့ဒီဘက်ကစီးတာဖြစ်ပါတယ်။ သူ့ရဲ့တစ်ဖက်ကမ်းမှာ သောင်ကြီး ပေါ်တာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ မြို့ရွာများရေစီးကမ်းပြိုမှုနဲ့ပတ်သက်လို့ မြစ်ကြောင်း ပြောင်းလိုက်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ဟာ မြစ်ကတစ်ဖက်စီးသွားပြီးတော့ သောင်ပေါ်တာ ဖြစ်ပါတယ်။ တစ်ဖက်ကသောင်ပေါ်ပြီးရင် တစ်ဖက်ကကမ်းပြိုတာဖြစ်ပါတယ်။ ဒါဟာ မြစ်တွေရဲ့ သဘာဝပါ။ အထူးသဖြင့် အကွေ့တွေမှာဖြစ်ပါတယ်။ Outer Tern ဆိုတဲ့နေရာမှာ ကမ်းပြိုပြီးတော့ Inner Tern ကသောင်ပေါ်ပါတယ်။ အဲ့ဒါ မြစ်ရဲ့သဘာဝဖြစ်ပါတယ်။ ဖျာပုံမြို့ တစ်ဖက်ကမ်းမှ သောင်ခုံကျယ်ပြန့်လာခြင်းကြောင့် မြစ်ကွေးအပြင်ဘက်ကျယ်ပြန့်လာမှုဖြစ်ခြင်း၊ မြစ်ကွေးရဲ့ Outer Tern မှာရှိခြင်းကြောင့် ဒီနောက်တစ်ခုက ဖျာပုံမြစ်ကမ်းပါးမြေဟာ မြစ်ဝကျွန်းပေါ် ဒေသဖြစ်တဲ့အလျောက် သဲနှုန်းဆန်တဲ့မြေဖြစ်တဲ့အတွက်ကြောင့် ရေတိုက်စားမှုဖြစ်တာဖြစ်ပါတယ်။ နောက်တစ်ခုက ကျွန်တော်ဒီမှာတင်ပြချင်တာက ကမ်းနားမှာရှိတဲ့၊ ထုထည်ကြီးမားတဲ့၊ ဝိတ်များတဲ့ ဘုရားတို့၊ တိုက်တို့ရှိလို့ရှိရင် ဒါဟာပြိုဖို့အခွင့်အလမ်းများပါတယ်။ ဖျာပုံမြို့မြစ်ကမ်းပါးတစ်လျှောက် ကမ်းပါးအခြေအနေကို လေ့လာပြီးတော့ မြစ်ကွေးရဲ့အလယ်ဗဟိုမှာရှိတဲ့ ပြည်လုံးချမ်းသာဘုရား တစ်ဝိုက်က ပြည်လုံးချမ်းသာဘုရားအနေနဲ့ ဖျာပုံမြို့ရဲ့ မြစ်ကွေးရဲ့ အလယ်ခေါင်တည့်တည့်မှာ ရှိပါတယ်။ အလယ်ခေါင်တည့်တည့်ရှိတဲ့အပြင်ကိုလည်း အဲ့ဒီနေရာဟာ မြစ်ရဲ့အကျဉ်းဆုံးနေရာ ဖြစ်တယ်။ ဒါကြောင့် အဲ့ဒီဘုရားမှာ ကမ်းပြိုမှုဖြစ်ပွားကြောင်းတွေ့ရှိရပါတယ်။ ဖျာပုံမြို့၊ အမှတ် ၁၁ ရပ်ကွက် ပြည်လုံးချမ်းသာဘုရားကြီးဟာ မြန်မာသက္ကရာဇ် ၁၂၄၉ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၈၇ ခုနှစ်မှာ ဉာဏ်တော် ၂၅ တောင်ရုပ်ပွားတော်တည်ခဲ့ပါတယ်။ မူလတည်ဆောက်စဉ်က ပြဿဒ် တန်ဆောင်းနှစ်ဆောင်နဲ့ ဘုန်းတော်ကြီးကျောင်းသုံးကျောင်းခြံရံလျက် နှစ်စဉ်ကမ်းပြိုမှုဖြစ်ပွားပြီး နောက် ၁၉၆၄ ခုနှစ်မှာ တန်ဆောင်းတော်ကြီးတစ်ခုနဲ့ ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်းတို့ဟာ ကမ်းပြိုထဲမှာပါသွားခဲ့ပါတယ်။ ထို့နောက် သာစည်ဘုရားကြီးရဲ့ ကျန်ရှိသောတန်ဆောင်းကြီးကို ဖျာပုံမြစ်ကမ်းပါးပေါ်မှာ ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းကြောင့်လည်း တန်ဆောင်းတော်ကြီး တစ်ခါထပ် ပြိုခဲ့ပါတယ်။ သာစည်ဘုရားကြီးရှေ့ မြစ်ကမ်းအခြေအနေကို အသေးစိတ်တိုင်းတာပြီးတော့ ဘုရားကြီးနဲ့တည့်တည့်မြစ်ကမ်းမှ ၁၇၀ ပေအကွာမှာ ရေနက်အိုးကြီးဖြစ်နေပါတယ်။ ဘုရားရှေ့ တည့်တည့်မှာ။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ခုနကိုယ်စားလှယ်တော်ကြီးမေးမြန်းတဲ့အတိုင်းပဲ ၂၀၁၀ ခုနှစ်မှာ ခုနဖျာပုံက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်တင်ပြသလိုပါပဲ ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့ ဒေသခံပေါင်းပြီးတော့ ဘုရားကြီးကမ်းပြိုမှုကို ဆောင်ရွက်ပေးပြီးဖြစ်ပါတယ်။ သို့သော် လည်းပဲ ခုနကိုယ်စားလှယ်ကြီးပြောတဲ့အတိုင်းပဲ ဒီမြစ်ကမ်းပါးရဲ့အခြေအနေဟာ မြစ်ကမ်းအလျားဟာ ပေပေါင်း ၁၁၀၀၀ ကျော်ရှိပါတယ်။ နှစ်မိုင်လောက်ရှိပါတယ်။ ဒီကမ်းပါးဟာဆိုလို့ရှိရင်တော့ တဖြည်းဖြည်းပြိုနိုင်တဲ့ အခြေအနေရှိတဲ့အတွက်ကြောင့်မို့လို့ ကိုယ်စားလှယ်တော်ကြီးနဲ့ ဒေသခံ အာဏာပိုင်များမကြာမကြာကြည့်ရှုပြီးတော့ လိုအပ်မယ်ဆိုရင် ကျွန်တော်တို့ဝန်ကြီးဌာနကို အကြောင်း ကြားမယ်ဆိုရင် ကျွန်တော်တို့ ဆက်လက်ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ဖြေကြားပါသည်။
