(ဂ)-မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ (၃၀-၈-၂၀၁၁)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မင်းကင်းမြို့နယ်နဲ့ ကလေးဝမြို့နယ်ကိုဖြတ်သန်းဖောက်လုပ်ထားတဲ့ မုံရွာ- ယာကြီး- ကလေးဝလမ်းဟာ ၁၁၅ မိုင် ၅ ဖာလုံ ရှည်လျားပြီး အင်မတန်အရေးကြီးတဲ့ လမ်းမကြီး အပိုင်းထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သို့သော် လည်းပဲ ဒီလမ်းကြောင်းဟာ ပွင့်လင်းရာသီမှာသာ သွားလာနိုင်ပြီးတော့မှ တစ်နှစ်မှာခြောက်လခန့်သာ သွားလာနိုင်တဲ့အတွက် မေလနောက်ဆုံးအပတ်က နေပြီးတော့မှ နိုဝင်ဘာလနောက်ဆုံးအပတ်ထိကို ကလေးမြို့ကို မုံရွာ-ပုလဲ-ဂန့်ဂေါလမ်းကနေပြီးတော့မှ မိုင် ၂၁၀ ခရီးထိဘတ်စ်ကားများ၊ ကုန်ကားကြီးများသွားလာနေကြရပါတယ်။ အဲဒါကြောင့်မို့လို့ အဖိုးတန်တဲ့ စက်ဆီ၊ ချောဆီ၊ လောင်စာဆီများပိုမိုကုန်ကျပြီးတော့မှ လူစီးခနှုန်းထားလည်းကြီးမြင့်သွားပါတယ်။ ကုန်တင်ခနှုန်းထား များလည်းကြီးမြင့်သွားပါတယ်။ ဒါကြောင့် ကုန်ဈေးနှုန်းလည်းမြင့်မားသွားတဲ့အပြင် ခရီးသည်များ လည်းပင်ပန်းစွာဖြင့်သွားလာနေကြရတဲ့အခြေအနေရှိပါတယ်။ ဒီနေရာမှာအလျဉ်းသင့်လို့ တင်ပြရရင် မုံရွာ-ယာကြီး-ကလေးဝလမ်းကို ယခုထက်ပိုမိုကောင်းမွန်တဲ့ လမ်းအူကြောင်းအသစ် ရှာနေ ကြောင်း၊ အိန္ဒိယမှပညာရှင်များကရှာနေကြောင်းကို ဂျာနယ်များမှာဖတ်ရပါတယ်။  အဲဒီတော့ ဂျာနယ်များမှာ ဖတ်ရမှသိရတာထက် တာဝန်ရှိတဲ့အဖွဲ့အစည်းကနေပြီးတော့မှ ခိုင်လုံတဲ့သတင်းကို ထုတ်ပြန် ပေးမယ် ဆိုလို့ရှိရင် ပြည်သူတွေဝမ်းမြောက်ကြမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ပြည်ထောင်စုလမ်းမကြီးရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မုံရွာ - ယာကြီး - ကလေးဝ လမ်းပိုင်းကို ယခုထက်ပိုမိုကောင်းမွန်ပြီး ရာသီမရွေးသွားလာနိုင်တဲ့ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရင် ကလေး - တမူးမှတစ်ဆင့် အိန္ဒိယနယ်စပ်ကိုလည်းသွားလာနိုင်တဲ့အတွက် နှစ်နိုင်ငံကုန်သွယ်မှုဟာ ခုထက်ပိုမိုဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ ဒါ့အပြင် ကလေးမြို့မှတစ်ဆင့် ချင်းပြည်နယ်မြောက်ပိုင်း ငါး မြို့နယ်ကိုလည်း ကူးလူးဆက်သွယ်သွားလာနိုင်တဲ့အတွက် ချင်းပြည်နယ်ရဲ့ထွက်ကုန်၊ ဝင်ကုန်များ လည်း အဆင်ပြေတိုးတက်နိုင်မှာဖြစ်တဲ့အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်း အထောက် အကူဖြစ်မှာဖြစ်ပါတယ်။ ဒီဒေသမှာသွားလာနေကြတဲ့ ခရီးသွားပြည်သူများလည်း မပင်မပန်း လိုရာ ခရီးကို အချိန်တိုတိုနဲ့ရောက်ကြမှာဖြစ်ပါတယ်။ ကုန်ပစ္စည်းသယ်ယူခများလည်း သက်သာသွားတဲ့ အတွက် ကုန်ဈေးနှုန်းကြီးမြင့်မှုကိုလည်းလျှော့ချနိုင်မယ်ဆိုတဲ့ အကျိုးကျေးဇူးများရရှိနိုင်မှာဖြစ်ပါ တယ်။ ဒါကြောင့် ပြည်ထောင်စုလမ်းမကြီးရဲ့အစိတ်အပိုင်းဖြစ်တဲ့ မုံရွာ- ယာကြီး-ကလေးဝလမ်းပိုင်းကို ဆယ့်နှစ်ရာသီသွားလာနိုင်တဲ့ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးပါရန် ပြည်သူတို့ကမျှော်လင့် လျက်ရှိကြပါတယ်။ သို့ဖြစ်ပါ၍ (၁) ဤလမ်းအဆင့်မြှင့်တင်မှုလုပ်ငန်းကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိပါသလား။ (၂) ရှိလျှင်မည်သည့်အချိန်မှာစတင်၍ မည်သည်‌့အချိန်မှာ ပြီးစီးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်‌မောင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မုံရွာ-ယာကြီး-ကလေးဝလမ်းဟာ ကျွန်တော်တို့ ၁၁၅ မိုင်နှင့် ၅ ဖာလုံ ရှည်လျားသောလမ်းကြီး ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာတည်ရှိပြီး ကနီမြို့နယ်၊ မင်းကင်းမြို့နယ်၊ ကလေးဝ မြို့နယ်တို့ကိုဖြတ်သန်းပြီး ဖောက်ထားတဲ့လမ်းကြီးဖြစ်ပါတယ်။ ၃၁-၅-၂၀၁၁ နေ့မှာရှိနေတဲ့လမ်း အခြေအနေကတော့ ကတ္တရာလမ်းက ၇၃ မိုင်နှင့် ၂ ဖာလုံ၊ ကျောက်လမ်းက ၁၆ မိုင်နှင့် ၄ ဖာလုံ၊ အမာခံလမ်းက ၂၂ မိုင်နှင့် ၃ ဖာလုံ၊ မြေလမ်းက ၃ မိုင် ၄ ဖာလုံနဲ့ စုစုပေါင်း  ၁၁၅ မိုင်နဲ့ ၅ဖာလုံ ရှိပါတယ်။ စံချိန်စံညွှန်းနဲ့ကိုက်ညီပြီး လမ်းအင်္ဂါရပ်နဲ့ ပြည့်စုံကောင်းမွန်သော ကတ္တရာလမ်းအဆင့် ရာနှုန်းပြည့်အမြန်ဆုံးပြီးစီးစေရန် ရည်ရွယ်ပြီးတော့ ဒေသခံတိုင်းရင်းသား ကုမ္ပဏီလုပ်ငန်းရှင် များဖြစ်သော မုံရွာအုပ်စုဆောက်လုပ်ရေးကုမ္ပဏီလီမိတက်ကနေပြီး BOT စနစ်နဲ့လမ်း၊ တံတားများကို အဆင့်မြှင့်တင်ဆောင်ရွက်ရန် ၁၇-၈-၂၀၁၀ ရက်နေ့မှာစတင်ပြီးတော့ လျှောက်ထားတဲ့အတွက် ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ မုံရွာ-ယာကြီး-ကလေးဝလမ်းဟာ BOT စနစ်နဲ့ ဆောင်ရွက်ခွင့်ပြုထားတဲ့ မုံရွာအုပ်စုဆောက်လုပ်ရေးကုမ္ပဏီလီမိတက်က ယာဉ်ကြီး၊ ယာဉ်ငယ်များချောမွေ့စွာသွားလာနိုင်ရေး နှင်‌့ မိုးတွင်းမှာ ယာဉ်လမ်းကြောင်းမပြတ်တောက်စေရေးအတွက် စက်ယာဉ်ယန္တရား၊ လုပ်သား အင်အားမြောက်မြားစွာနဲ့ဆောင်ရွက်ခဲ့ပါတယ်။ ကတ္တရာလမ်းသားများကိုလည်းပြုပြင်ခြင်း၊ မြေသား လမ်းမကောင်းတဲ့နေရာမှာ နိမ့်ကျကျွံတဲ့အပိုင်းတွေကိုဖယ်ထုတ်ပြီးတော့ ကျောက်ရောမြေတွေအဖြစ် တာ‌ပေါင်ပြုလုပ်ပြီးဆောင်ရွက်ခဲ့ပါတယ်။ ဘေလီတံတားများ၊ သစ်သားတံတားများပြင်ဆင်ခြင်း၊ စက် ယာဉ်ယန္တရားများဖြင့်တာ‌ပေါင်ချဲ့ခြင်း၊ လမ်းချောခြင်း၊ လမ်းဘေးဝဲ/ယာ ရေနုတ်မြောင်းတူးခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ မုံရွာ-ယာကြီး-ကလေးဝလမ်းဟာ လမ်းကြောင်းတည်နေရာ အရ အောက်ခံမြေသားညံ့ဖျင်းပါတယ်။ ပုထိုးလုံးတောင်နဲ့ ရွှေသမင်တောင်ကြောတစ်လျှောက်မှာ ပြတ်ရွေ့ဇုန်အတွင်း၌တည်ရှိပြီးတော့ မိုးသည်းထန်စွာရွာသွန်းလျှင်တောင်ပြိုခြင်း၊ မြေသားလွှာများဟာ လျှောကျပြိုဆင်းခြင်း၊ အောက်ခံမြေသားများကြေပျက်ခြင်းစတဲ့ သဘာဝအတားအဆီးများရှိတဲ့အတွက် တန်ဖိုးကြီးမြင့်သော အဆင့်မြှင့်တင်လမ်းတည်ဆောက်တဲ့နည်းပညာနဲ့သာ ဆောင်ရွက်မှုလိုအပ် ပါတယ်။ ဒါကြောင့်မို့လည်း BOT လုပ်ငန်းရှင်ကနေပြီးတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနကို ၎င်းလမ်းပိုင်းအားပြန်လည်ပြီးအပ်နှံခဲ့ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း ၎င်းလမ်းပိုင်းကို ယခုထက်ပိုမို ကောင်းမွန်စွာသွားလာနိုင်ရေးအတွက် လမ်းသုတေသနမှတိုင်းတာပြီး တွက်ချက်လျက် ရှိပါတယ်။ ဒီထက် နည်းပညာပိုမိုအဆင့်မြှင့်တင်နိုင်ရန်အတွက် ထိုင်းနိုင်ငံမှာအခြေစိုက်နေတဲ့ NEDA (အိမ်နီးချင်းနိုင်ငံများဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) ကနေပြီးတော့ အင်ဂျင်နီယာများကို ဖိတ်ခေါ်ထားပါတယ်။ ၎င်းအင်ဂျင်နီယာများနှင့် မြန်မာအင်ဂျင်နီယာများပူးပေါင်းပြီး မုံရွာ-ယာကြီး-ကလေးဝလမ်း မြေသားညံ့သောနေရာများအား မည်ကဲ့သို့လုပ်ဆောင်ရမည်ကို လေ့လာအဖြေရှာပြီး ဆက်လက်၍ ကောင်းမွန်သောလမ်းတစ်လမ်းဖြစ်အောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။