မိုင်းကိုင်မြို့နယ်မှာ လူဦးရေ ၁ သိန်းခန့်နေထိုင်လျက်ရှိပြီး စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေးစနစ် အလွန်နိမ့်ကျသော မြို့တစ်မြို့ဖြစ်ပါတယ်။ မြို့တွင်းမှာ လက်လှည့်ဖုန်းများ အသုံးပြုရပြီး တခြားမြို့များနှင့် ဆက်သွယ်လို ပါက မြို့တွင်းရှိဖုန်းဆိုင်များမှ အခကြေးငွေပေးဆောင်ရ၍ ဆက်သွယ်ရပါတယ်။ တိုင်းဒေသကြီးနှင့် အခြားပြည်နယ်ရှိမြို့များ ရောင်းဝယ်ဖောက်ကားမှု လွယ်ကူမြန်ဆန်စေရန် နိုင်ငံတော်မှ CDMA နှင့် GSM ဖုန်းများ တိုးချဲ့တပ်ဆင်ပေးတဲ့စီမံကိန်း ပထမနှစ်မှာ လိုင်းပေါင်း လေးသန်းကျော်ရှိတယ်လို့ သိရှိရပါတယ်။ မိုင်းကိုင်မြို့နယ်သည် ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိပြီးတော့ ဝေးလံခေါင်သီတဲ့ မြို့တစ်မြို့ဖြစ်တဲ့အတွက် ခေတ်မီတဲ့ဆက်သွယ်ရေးစနစ်ရှိမှသာလျှင် ပြည်သူများအဆင်ပြေမည် ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ကျွန်တော်မေးလိုတဲ့မေးခွန်းကတော့ မိုင်းကိုင်မြို့နယ်နဲ့ အခြားပတ်ဝန်းကျင်ရှိ မြို့နယ်များ CDMA သို့မဟုတ် GSMဖုန်းများ တိုးချဲ့တပ်ဆင်ပေးခြင်း အစီအစဉ် ရှိ၊ မရှိ ။ အစီအစဉ် ရှိပါက မည်သည့်အချိန်ကာလတွင် တိုးချဲ့တပ်ဆင်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့တွင် လိုင်းအင်အား ၂၀၀ ပါဝင် သော လက်လှည့်အိတ်ချိန်းတပ်ဆင်ထားပြီး တယ်လီဖုန်း ၁၉၉ လုံး တပ်ဆင်ထားရှိပါတယ်။ အဆိုပါ အိတ်ချိန်းမှ အဝေးဆက်သွယ်မှုရရှိစေရန်အတွက် ရင်ကွဲတောင်မိုက္ကရိုဝေ့ဗ်စခန်းမှတစ်ဆင့် Cordless ဖုန်းဖြင့် တပ်ဆင်ထားသော ပင်လုံအော်တိုတယ်လီဖုန်းနံပါတ် ၀၈၁၃၀၂၆၆ နှင့် MPT Satellite Terminal တယ်လီဖုန်းနံပါတ် ၀၁၃၃၃၇၆၁၀ တို့ဖြင့် ဆက်သွယ်ဆောင်ရွက်ပြီး ကြေးနန်းလုပ်ငန်းသုံး တယ်လီဖုန်း ၀၁၃၃၃၇၆၁၁၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးသုံးတယ်လီဖုန်း ၀၁၃၃၃၇၆၁၂ တို့အား တပ်ဆင်၍ အသုံးပြုလျက်ရှိပါတယ်။ အဆိုပါတယ်လီဖုန်းများအား မြို့လျှပ်စစ်မီးရရှိမှု အခြေအနေသုံးစွဲမှုလိုအပ်ချက်အပေါ်မူတည်၍ ဖွင့်လှစ်အသုံးပြုနေပြီး လိုအပ်ချက်ရှိပါက ၂၄ နာရီ ဖွင့်လှစ်အသုံးပြုနိုင်မည်ဖြစ်ပါတယ်။ ထို့အပြင် မိုင်းကိုင်မြို့တွင်း၌ ပုဂ္ဂလိက MPT Satellite Terminal ဖုန်းများလည်း တပ်ဆင်ထားရှိသဖြင့် တယ်လီဖုန်းခေါ်ဆိုလိုသူများအနေဖြင့် အဆိုပါ ဖုန်းများမှလည်း ဆက်သွယ်ပြောဆိုနိုင်မည်ဖြစ်ပါတယ်။ မိုင်းကိုင်မြို့ CDMA-450 MHz တယ်လီဖုန်း လိုင်း ၄၀၀ တပ်ဆင်ခြင်းလုပ်ငန်းအတွက် စက်ပစ္စည်းများအား အောက်တိုဘာလကုန်တွင် ပို့ဆောင် တပ်ဆင်ပြီး Transmission တပ်ဆင်ခြင်းလုပ်ငန်းအား နိုဝင်ဘာလတွင် ဆောင်ရွက်မည်ဖြစ်ရာ ယခုနှစ် ဒီဇင်ဘာလတွင် မိုင်းကိုင်မြို့၌ CDMA-450 MHz တယ်လီဖုန်းများ စတင်အသုံးပြုနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
