တိုက်ကြီးမြို့နယ်သည် ရန်ကုန်မြို့နှင့် မီးရထားသံလမ်းမိုင် ၅၂ မိုင်ကွာဝေးပြီး ရထားလမ်း၊ ကားလမ်းဆုံ သော စည်ကားသည့်မြို့နယ် တစ်မြို့နယ်ဖြစ်ပါတယ်။ နိုင်ငံတော်မှ ရန်ကုန်-ပုဂံမီးရထားခရီးစဉ်ကို စီစဉ် ဆောင်ရွက်ပြီး ပြေးဆွဲစေခဲ့ရာ တိုက်ကြီးဘူတာကို မြို့မိမြို့ဖများနှင့်ပူးပေါင်း၍ အဆင့်မြှင့်တင် တည်ဆောက်ပေးခဲ့ပြီး ပုဂံရထားကို တိုက်ကြီးဘူတာတွင် ရပ်နားစေခဲ့ပါတယ်။ ယခုအခါ ပုဂံရထားသည် တိုက်ကြီးဘူတာတွင် မရပ်နားသည်မှာ အတော်ကြာပြီဖြစ်ပါတယ်။ မြို့နေပြည်သူများအနေဖြင့် ပုဂံရထား စီးနင်းနိုင်ရေးအတွက် ရန်ကုန်မြို့သို့သွားရောက်၍ စီးနင်းနေရပါတယ်။ သို့ဖြစ်ပါ၍ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာခရီးသွားလာနိုင်ရေးအတွက် တိုက်ကြီးဘူတာတွင် ပုဂံရထားကိုသတ်မှတ်ချိန် ၂ မိနစ်ခန့်ရပ်နားပေးနိုင်ရန်အစီအစဉ် ရှိ၊ မရှိ။ ရှိပါကမည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်။ မရှိပါကမည်သည့်အတွက်ကြောင့် မဆောင်ရွက်ပေးနိုင်သည်ကိုပြန်လည်ဖြေကြားပေးပါရန် လေးစားစွာ တင်ပြအပ်ပါတယ်။ လေးစားအပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျား။ ဒုတိယကြယ်ပွင့်ပြမေးခွန်းဖြစ်သော ရန်ကုန်-လက်ပံတန်းခရီးစဉ်အား ပြန်လည်ပြေးဆွဲပေးပါရန်မေးခွန်းကို ဆက်လက်မေးမြန်းခွင့်ပြုပါခင်ဗျား။ တိုက်ကြီးမြို့နယ်ရှိ ပြည်သူများအနေဖြင့် နှစ်ပေါင်းများစွာကပင် ရန်ကုန်မြို့သို့သွားလာရာတွင် မီးရထားကိုသာအဓိကအားထားခဲ့ရပါတယ်။ ကားလမ်းနှင့်ဝေးကွာပြီး မီးရထားကိုသာအားထား ရသော ကျေးရွာအုပ်စုများလည်းများစွာရှိပါတယ်။ ယခင်က ရန်ကုန်-လက်ပံတန်းလော်ကယ်ခရီးစဉ် ရှိခဲ့ဖူးပြီး ရပ်ဆိုင်းသွားသည်မှာ နှစ်ပေါင်းအတော်ကြာပြီဖြစ်ပါတယ်။ ၎င်းလော်ကယ်ရထားအစား ကားရထားဖြင့် အစားထိုးပြေးဆွဲပေးခဲ့သော်လည်း ၂၉-၁-၂၀၀၅ ခုနှစ်မှစ၍ ရပ်ဆိုင်းသွားသည်မှာ ယခုအချိန်ထိဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လုပ်သား ပြည်သူများ နေ့စဉ်အသွားအပြန် သက်သာချောင်ချိစွာဖြင့် စီးနင်းသွားလာနိုင်ရေးအတွက် လက်ပံတန်း-ရန်ကုန်လော်ကယ်မီးရထားခရီးစဉ်အား ပြန်လည်ပြေးဆွဲနိုင်ရန်အစီအစဉ် ရှိ၊ မရှိ။ ရှိပါက မည်သည့်ကာလတွင်ဆောင်ရွက်ပေးမည်။ မရှိပါကမည်သည့်အတွက်ကြောင့် မဆောင်ရွက်ပေးနိုင် သည်ကို မေးမြန်းပါသည်။
တိုက်ကြီးဘူတာတွင် ရန်ကုန်-သာရဝေါ အမှတ် ၆၉ အဆန်နဲ့ ၇၀ အစုန် စာပို့ရထား၊ ရန်ကုန်-ပြည် အမှတ် ၆၃ အဆန်နဲ့ ၆၄ အစုန်စာပို့ရထား၊ ရန်ကုန်-ပြည် အမှတ် ၇၁ အဆန်နဲ့ အမှတ် ၇၂ အစုန်အမြန်ရထား စုစုပေါင်း ရထားခြောက်စင်းကို ရပ်တန့်ပေးခဲ့ပြီးဖြစ်ပါတယ်။ ရန်ကုန်-ပုဂံအမြန်ရထားကို အမြန်ရထားအဆင့်နဲ့လျော်ညီစွာပြေးဆွဲနိုင်ရန်အတွက် လမ်းခရီးတွင် လူစီးများပြားပြီး လမ်းဆုံလမ်းခွကျသည့် ခုနစ်ဘူတာတွင်သာလက်ရှိရပ်တန့်ခွင့်ပြုထားပါတယ်။ တိုက်ကြီးတွင်ရပ်တန့်ပေးပါက အဆင့်တူမြို့နယ်များဖြစ်သော နောက်ထပ်ဘူတာ ၁၁ ခုကိုပါရပ်တန့် ပေးရမှာဖြစ်ပါတယ်။ ဘူတာတစ်ခု၌ ၂ မိနစ်ရပ်တန့်ပေးရန်အတွက် ဘူတာဝင်ချိန်မှာအရှိန်လျှော့ ချခြင်း၊ ဘူတာထွက်လျှင်အရှိန်မြှင့်တင်ခြင်းအပါအဝင်စုစုပေါင်း ၁၂ မိနစ်ခန့်ကြာမြင့်မည်ဖြစ်ပါတယ်။ ထို့ကြောင့် တိုက်ကြီးဘူတာအပါအဝင် မြို့နယ်အဆင့်ဘူတာ ၁၂ ခုမှာရပ်တန့်ရန်အချိန် ၁၄၄ မိနစ်ခန့် ထပ်မံကြန့်ကြာသွားမည်ဖြစ်ပြီး ရထားအဆင့်ကိုလည်း အမြန်ရထားအဆင့်မှ စာပို့ရထားအဆင့်သို့ လျှော့ချရမည်ဖြစ်ပါတယ်။ ရန်ကုန်-ပုဂံရထားကို အမြန်ရထားအဖြစ် ဆက်လက်ထားရှိလိုပါ၍ တိုက်ကြီးတွင်ရပ်တန့်ပေးရန်အစီအစဉ်မရှိပါကြောင်းပြန်လည်ဖြေရှင်းတင်ပြအပ်ပါတယ်။ ဦးဟန်စိန်ရဲ့ ဒုတိယမေးခွန်းကို ဆက်လက်ဖြေကြားသွားမှာဖြစ်ပါတယ်။ တိုက်ကြီးနဲ့ရန်ကုန်ကြား ယခင်အချိန်က သွားလာရန်အခက်အခဲရှိသဖြင့် ရထားပြေးဆွဲပေးခဲ့ပါတယ်။ မြန်မာ့မီးရထားရဲ့ ကွင်းဆင်းလေ့လာ တိုင်းတာချက်များအရ တိုက်ကြီးကိုဖြတ်သန်းသည့် လက်ပံတန်း-သာယာဝတီ-ဥက္ကံတို့မှစတင်ထွက်ခွာ သည့်ယာဉ်နှင့် တိုက်ကြီးမှစတင်ထွက်ခွာသောယာဉ်များအဖြစ် City Bus ၁၅၈ စီး၊ အမြန်ယာဉ် ၁၆၈ စီး၊ စုစုပေါင်းနေ့စဉ် ၃၂၆ စီးခန့်ရှိကြောင်းသိရှိရပါတယ်။ ရထားရဲ့သဘောသဘာဝအရ ခရီးဝေးလျှင် ပိုမိုထိရောက်အကျိုးရှိပြီး၊ ခရီးတိုလျှင် မော်တော်ကားများက ပိုမိုထိရောက်တဲ့သဘာဝရှိပါတယ်။ ရန်ကုန်-တိုက်ကြီး၊ ရန်ကုန်-လက်ပံတန်း ခရီးစဉ်များကို ယခင်လော်ကယ်ရထားပြေးဆွဲခဲ့ရာတွင် အမှန်တကယ်စီးနင်းသူများနည်းပါး၍ စီးပွားရေးဆောင်ရွက် တွက်ခြေမကိုက်မှုများဖြစ်ခဲ့ရပါတယ်။ ထို့ကြောင့် လက်ပံတန်း-ရန်ကုန်လော်ကယ်ရထားပြေးဆွဲပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်း တင်ပြအပ်ပါတယ်။
