(ဈ) မန္တလေး-မြစ်ကြီးနားရထားလမ်းနှင့်ရထားတွဲများကိုအဆင့်မြှင့်တင်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၉-၉-၂၀၁၁)

ယခု နိုင်ငံတော်အစိုးရဖွဲ့သည့်လက်ထက်မှာ ကျွန်တော်တို့ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းအတွင်း ရထားစီးရေတိုးချဲ့ပြေးဆွဲပေးခဲ့အတွက် ဒေသခံခရီးသွားပြည်သူများ အထူးပဲ ဝမ်းမြောက်ကျေနပ်လျက်ရှိပါတယ်။ သို့သော်လည်း မြန်မာ့မီးရထားလမ်း ကြံ့ခိုင်မှုနဲ့ မီးရထားတွဲများ အရည်အချင်းပြည့်မီမှုမရှိတဲ့အတွက်ကြောင့်မို့ အဆိုပါလုပ်ငန်းများကို ယခုထက် ပိုမိုကောင်းမွန်ရန် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်မယ့်အစီအစဉ် ရှိ၊ မရှိ မေးမြန်းပါသည်။


 

ဖြေကြားသူ
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း
အဖြေ

ပထမအမေးကို စတင်ဖြေကြားသွားမှာ ဖြစ်ပါတယ်။ မန္တလေး-မြစ်ကြီးနား ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို နှစ်စဉ်ဘဏ္ဍာငွေရရှိမှုအပေါ်မှာမူတည်၍ ပြုပြင်ဆောင်ရွက်လျက် ရှိရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၃၅၀ ခွင့်ပြုချက်ရရှိသဖြင့် ဦးစားပေးလုပ်ငန်း အလိုက် ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ၎င်းလမ်းပိုင်းတွင် ဦးစားပေးအရ မဲဇာ-ဘုတ်ကျောင်းရထားလမ်းပိုင်းကို တစ်နှစ်ပတ်လုံး စိတ်ချလက်ချသွားလာနိုင်ရေးအတွက် ပထမအဆင့် အနေဖြင့် ကွေ့ ကွေ့အား အကြီးစားပြုပြင်ခြင်း၊ ၇၅ ပေါင်သံလမ်းအသစ်များဖြင့် လဲလှယ်ခြင်း၊         ပေအကျယ် ရေထွက်ပေါက်များ တည်ဆောက်ခြင်း၊ လမ်းခင်းကျောက်ဖြည့်တင်း၍ ရထား လမ်းပိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ယခုနှစ် မိုးမကျမီကပင် ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိကွန်ကရစ်ဇလီဖားနှင့်လမ်းခင်းကျောက် ထပ်မံဖြည့်သွင်းသည့်လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်။ မဲဇာ-ဘုတ်ကျောင်းရထားလမ်းပိုင်းသည် တောင်တက်၊ တောင်ဆင်း ဆင်ခြေလျှောမတ်စောက်ခြင်း S ပုံသဏ္ဍာန်ကွေ့များအပါအဝင် ကွေ့ ၃၃ ကွေ့ရှိနေခြင်း၊ မိုးကာလတွင် ရထားလမ်း၏ အရှေ့ကပ်လျက်တည်ရှိသော ငရဲချောင်းရေတိုက်စားမှုကြောင့် ရထားလမ်းတာဘောင် များ ပဲ့ပါခြင်းများရှိသည့်အတွက် ရာသီမရွေးစိတ်ချလက်ချအသုံးပြုနိုင်သည့် လမ်းကြောင်းတစ်ခုကို ရှာဖွေပြီးလာမည့် ပွင့်လင်းရာသီတွင်ဖောက်လုပ်နိုင်ရေး လျာထားစီစဉ်ဆောင်ရွက်ပြီးဖြစ်ပါတယ်။ စက်မောင်းများ၏ တွေ့ရှိချက်များအရ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းသည် ယခင်နှစ်များထက် ပိုမို တိုးတက်ကောင်းမွန်လာကြောင်း သိရှိရပါတယ်။ လမ်းပိုင်းအဓိကအားနည်းချက်မှာ သစ်သားဇလီဖား အဆွေးမြန်ခြင်းပင်ဖြစ်ရာ တစ်နှစ်ထက်တစ်နှစ် တိုးချဲ့ထုတ်လုပ်လာသော ကွန်ကရစ်ဇလီဖားများကို ပိုမိုအသုံးပြုပြီး လမ်းပိုင်းကြံ့ခိုင်တောင့်တင်းစေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ         ပါကြောင်း ဖြေကြားအပ်ပါတယ်။

          ဆက်လက်ပြီး ဒုတိယအမေးကို  ဆက်လက်ဖြေကြားသွားမှာ ဖြစ်ပါတယ်။ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် လက်ရှိပြေးဆွဲနေသည့် လူစီးတွဲများအနက် သတ်မှတ်သက်တမ်း ၃၀ နှစ်ကျော်လွန် နေသည့် လူစီးတွဲများမှာ ၄၅ ရာခိုင်နှုန်းရှိသဖြင့် လူစီးတွဲများ အစားထိုးလဲလှယ်ရေးဆောင်ရွက် သွားမည်ဖြစ်ပါတယ်။ ယင်းသို့ အစားထိုးလဲလှယ်ရေးအတွက် ရထားစက်ခေါင်း ၄၀၊ လူစီးတွဲ ၂၁၇ တွဲနှင့် ကုန်တွဲသစ်များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဝယ်ယူရန်စာချုပ်ချုပ်ဆိုပြီးနောက် လမှ ၂၄ လအတွင်း စက်ခေါင်းအသစ်နဲ့ တွဲအသစ်များ ရှောက်ရှိလာမှာဖြစ်ပါတယ်။ တွဲအသစ်များရောက်ရှိလာချိန်တွင် မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် လူစီးတွဲအသစ် ၆၀ ကို ထည့်သွင်းအသုံးပြုသွားမှာဖြစ်ပါတယ်။ စက်ခေါင်းနှင့်တွဲများ လိုအပ်ချက် များကို အမြဲဖြည့်တင်းနိုင်ရန်အတွက် တရုတ်ချေးငွေ အမေရိကန်ဒေါ်လာ ၉၄ သန်းဖြင့် ရထားစက် ခေါင်းစက်ရုံတစ်ခုကို နေပြည်တော်မှာလည်းကောင်း၊ တွဲတည်ဆောက်ရေးစက်ရုံကို မြစ်ငယ်၌ လည်းကောင်း တည်ဆောက်ရန်စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ထိုသို့ တွဲအသစ်များ အစားမထိုးမီ ကာလတွင် မြန်မာ့မီးရထားအနေဖြင့် တွဲပျက်စီးမှုကြိုတင်ကာကွယ်ခြင်း၊ မွမ်းမံထိန်းသိမ်းမှုအဆင့်မြှင့် တင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြေကြားပါသည်။