(ဋ)-မြောက်ဦးမြို့ ကံလှနှင့် ညောင်ပင်ဈေးတံတားများ တည်ဆောက်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၂) ရက်မြောက်နေ့ (၅-၁၀-၂၀၁၁)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် မြို့သူမြို့သားများနဲ့ ခရီးသွားလုပ်သားပြည်သူများ တစ်နေရာမှတစ်နေရာသို့ သွားလာမှုလွယ်ကူစေရန် သံတံတား ၇ စင်းနဲ့ သစ်သားတံတား ၁ စင်း၊ စုစုပေါင်းတံတား ၈ စင်းရှိပါတယ်။ သံတံတားများကို အင်္ဂလိပ်အစိုးရလက်ထက် ၁၉၂၈ ခုနှစ်တွင် တည်ဆောက်ခဲ့ကြောင်း တံတားဘေးအုတ်ခုံတွင် ရေးထားသည့်မှတ်တမ်းများအရ သိရှိရပါတယ်။ ယနေ့ကာလအထိဆိုလျှင် တံတားကိုအသုံးပြုမှု သက်တမ်းဟာ နှစ်ပေါင်း ၈၃ နှစ်ကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။ ဒီတံတားများအတွင်းမှ အလယ်ဈေး တံတားနဲ့ ကြက်ဈေးတံတားနှစ်စင်းဟာ ရန်ကုန်-စစ်တွေ ကားလမ်းအပိုင်းတွင် ပါဝင်ခဲ့သောကြောင့် ယခုအခါ သံကူကွန်ကရစ်တံတားများအဖြစ် အသစ်တည်ဆောက်ခဲ့ပြီး ဖြစ်ပါတယ်။ နောက် မြို့၏ အချက်အခြာအကျဆုံး တံတားတစ်စင်းဖြစ်သည့် တောင်ရပ် တစ်နည်းအားဖြင့်ပြောရရင် ဂါလာတုန် တံတားကို ဘေးတစ်ဖက်တစ်ချက်စီမှာ ၃ ပေစီတိုးချဲ့ပြီး ပြန်လည်တည်ဆောက်ခဲ့ပြီးပါပြီ။ ယခု ဝါဈေး တံတားကိုလည်း အသစ်ပြန်လည်တည်ဆောက်လျက်ရှိပါတယ်။ အဲဒီတံတားနှစ်စင်းတည်ဆောက် ပေးခဲ့တဲ့အတွက် နိုင်ငံတော်အား မြောက်ဦးမြို့ပေါ်ရှိ မဲဆန္ဒရှင်များအားလုံးက အထူးကျေးဇူးတင် လျက်ရှိကြောင်းပြောလိုပါတယ်။ သို့သော် ကျန်ရှိသော မြို့လယ်တံတားနှစ်စင်းဖြစ်သည့် ကံလှတံတား နဲ့ ညောင်ပင်ဈေးတံတားတို့မှာ အောက်ခြေသံတိုင်အချို့ကျိုးပျက်နေတာကြောင့် တံတားအလယ်မှာ နိမ့်ဆင်းလျက်ရှိနေပါတယ်။ ယနေ့ သို့မဟုတ် မနက်ဖြန် နှစ်ပိုင်းကျိုးပြီး ပြိုကျမြေခပျက်စီးမည့် အခြေအနေတွင်ရောက်ရှိနေပါသောကြောင့် ခရီးသွားလုပ်သားပြည်သူများနဲ့ တံတားအနီးနေ ပြည်သူများ အထူးစိုးရိမ်ကြောက်လန့်လျက်ရှိနေကြပါတယ်။ ဒါကြောင့် မဲဆန္ဒရှင်များ၏ကိုယ်စား ကျွန်တော်မေးမြန်းလိုတာကတော့ နှစ်ပေါင်း ၈၃ နှစ်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ အန္တရာယ်ရှိ တံတားအိုနှစ်စင်း၊ ကံလှတံတားနဲ့ ညောင်ပင်ဈေးတံတားမှာ ပြိုကျပျက်စီးမည့်အခြေအနေရှိသည်ကို နိုင်ငံတော်မှ သိရှိပါသလား။ သိရှိပါက မည်သည့်အချိန်တွင် တံတားအသစ်ပြန်လည်တည်ဆောက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မြောက်ဦးမြို့ဟာ ရခိုင်ပြည်နယ်အတွက်သာမက မြန်မာနိုင်ငံရဲ့ ယဥ‌်ကျေးမှုအမွေအနှစ်ဒေသတစ်ခုဖြစ်တဲ့ မြို့တစ်မြို့ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ ပြည်ထောင်စုအစိုးရအနေနဲ့ အလေးအနက်အသိအမှတ်ပြုပြီးဖြစ်ပါတယ်။ ဒီလိုအသိအမှတ်ပြုတဲ့ အပြင် ဒီနှစ်စဉ်နှစ်စဉ် နိုင်ငံခြားသားမြောက်မြားစွာ လာရောက်လည်ပတ်နေတဲ့ မြို့အဖြစ်လည်း ကျွန်တော်တို့ အလေးအနက်ထားကြောင်းတင်ပြလိုပါတယ်။ ဒီလိုအလေးအနက်ထားတဲ့အတွက် ကြောင့်ပဲ ဒီ‌ြမောက်ဦးရဲ့အထင်ကရဖြစ်တဲ့ ဒီနန်းတော်ကုန်းပတ်ဝန်းကျင်မှာ အားလုံး တံတား ၁၁ စင်း ရှိပါတယ်။ ၁၁ စင်းမှာအခုလတ်တလောကိုပဲ ကျွန်‌တော်တို့ ပြင်ဆင်ပေးခဲ့တာ ပြင်ဆင်ပေးပြီးနဲ့ ပြင်ဆင်ဆဲအားလုံး ၉ စင်းရှိပါတယ်။ ဒီ ၉ စင်းအတွက်လည်း ကျွန်‌တော်တို့ရန်ပုံငွေ ၄၉ သန်းကျော် ကျခံသုံးစွဲပြီးတော့ ပြင်ဆင်တာဖြစ်တဲ့အတွက်ကြောင့် ဒီနှစ် အတွင်းမှာပဲ ဒီတံတားတွေအားလုံးဟာ ပြီးစီးသွားမှာ ဖြစ်ပါတယ်။ ဒီလိုပြင်ဆင်တဲ့အခါမှာ ဒီ ၉ စင်းအနက်မှာတော့ ၅ စင်းက ပြင်ဆင်ခြင်း ဖြစ်ပြီးတော့ ၄ စင်းကတော့ အသစ်ဆောက်လုပ်ခြင်းပဲ ဖြစ်ပါတယ်။ ခုနကတင်ပြတဲ့ ဒီတံတား ၂ စင်းနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ သေချာလေ့လာ ကြည့်ရှုပြီးဖြစ်ပါတယ်။ ဒီခေတ်ကြီးက IT ခေတ်ဖြစ်တဲ့အားလျော်စွာ ဒီတံတားရဲ့ဓာတ်ပုံတွေ အားလုံးလည်း ကျွန်တော့်လက်ထဲမှာ ရောက်ရှိပြီး ဖြစ်တဲ့အပြင်ကို ပြည်သူ့လွှတ်တော်ကိုတင်ပြတဲ့ အထဲမှာလည်း အကုန်လုံးတံတားဓာတ်ပုံတွေနဲ့ အသေးစိတ်ကျွန်တော် တင်ပြထားတာ ဖြစ်ပါတယ်။ ခုနက ပြောကြားပြီးဖြစ်တဲ့အတိုင်းပဲ ဒီကံလှ တံတား၊ သူကတော့ ကံလှရပ်ကွက်နဲ့ တောင်ရပ်ရပ်ကွက်ကြားမှာ ရှိပြီးတော့ ၁၉၂၆ ခုနှစ်က တည်ဆောက်ခဲ့တဲ့တံတား ဖြစ်ပါတယ်။  Brick Pillar နဲ့ ဒီ Steel ရက်မနဲ့ နောက်တစ်ခါ ကွန်ကရစ် ကြမ်းခင်း ဖြစ်ပါတယ်။ သူကတော့ ၆၅ ပေ၊ ၁၂ ပေအကျယ် ဖြစ်ပါတယ်။ နောက်ဒီတံတားအနေနဲ့ ကြည့်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ Pillar တွေကလည်း တော်တော်လေးကောင်းသေးတဲ့ အနေအထား ဖြစ်ပါတယ်။ သူ့မှာအဓိကကတော့ ဒီကွန်ကရစ်အခင်းနဲ့ ကျွန်တော်တို့ လက်ရမ်းတွေကို ကျွန်တော်တို့ ပြုပြင်ပေးရမယ့်အနေအထားဖြစ်ကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ အလားတူပဲ ညောင်ပင်ဈေး တံတားဟာ  လက်ကောက်ဈေးရပ်ကွက်နဲ့ ညောင်ပင်ဈေးရပ်ကွက်ကို ဆက်သွယ်တဲ့တံတား ဖြစ်ပြီးတော့ သူကတော့ ၁၉၂၈ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့တံတား ဖြစ်ပါတယ်။ အလျားပေ ၈၀ ရှိပြီး တော့ အကျယ် ၁၂ ပေရှိတဲ့ ကွန်ကရစ်တံတားပဲ ဖြစ်ပါတယ်။ သူ့တံတား အ‌ြခေအနေကတော့ လက်ရှိအ‌ြခေအနေမှာ တော်တော်ဆိုးဝါးပါတယ်။ ရေတိုက်စားမှုကြောင့် ညောင်ပင်ဈေးဘက်က ကမ်းကပ်ခုံဟာ ၂ ပေလောက်နိမ့်ကျနေတဲ့အတွက် ချက်ချင်းလက်ငင်း အန္တရာယ်ရှိနေတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါကြောင့်ဒီတံတားကို လတ်တလော ဖြတ်သန်းလို့ မသင့်ဘူးဆိုတဲ့ အနေအထားဖြစ်တဲ့ အတွက်ကြောင့် ခေတ္တတားထားပြီးတော့ ချက်ချင်းပြုပြင်ပေးဖို့ ကျွန်တော်တို့ စီမံဆောင်ရွက်လျက် ရှိပါတယ်။ ဒီလို‌ဆောင်ရွက်တဲ့နေရာမှာလည်း ဒီတံတား အရင်တုန်းက ဒီ Pillar တွေက အုတ်အမြောက်အမြားနဲ့ ၁၉၂၈ ခုနှစ်လောက်ကတည်ဆောက်တဲ့ ဒီဇိုင်းဖြစ်တဲ့အတွက်ကြောင့် သူ့ကိုအခုချိန်မှာတော့ ဒီအတိုင်းလည်းပြန်ပြုပြင် လို့မရတော့ပါဘူး။ အဲဒီအတွက်ကြောင့် သူ့မှာ ကျွန်တော်တို့ Pole Pile Foundation အနေနဲ့ နောက်တစ်ခါ  Reinforce Concrete Columns နဲ့ နောက်တစ်ခါဒီ H-Beam အနေနဲ့ နောက်တစ်ခါ ကျွန်တော်တို့ Reinforce Concrete ကြမ်းခင်း တွေနဲ့ ပြန်ပြီးတော့ တည်ဆောက်ပေးရမှာဖြစ်ပါတယ်။ ဒါကိုလည်းကျွန်တော်တို့ ဒီနှစ်ထဲမှာပဲ ပြီးစီးအောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ အဲဒီတော့ ဒီတံတားတွေ တည်ဆောက်ဖို့အတွက် မူလကလည်း ဒီ ၉ စင်းကို ဆောင်ရွက်ပေးပြီးဖြစ်တဲ့အတွက်ကြောင့် ဒီမြောက်ဦးမြို့နယ် စည်ပင် သာယာရေးအဖွဲ့အနေနဲ့တော့ ရန်ပုံငွေမရှိတော့ပါဘူး။ အဲဒီတော့ ကျွန်‌တော်တို့ တွက်ချက်မှုအရတော့ နောက်ထပ်ရန်ပုံငွေကျပ်သန်း ၅၀ လောက်လိုအပ်မှာဖြစ်ပါတယ်။ ဒီကျပ်သန်း ၅၀ ကိုလည်း ကျွန်‌တော်တို့ နယ်စပ်ရေးရာဝန်ကြီးဌာန နိုင်ငံတော်ထောက်ပံ့ငွေရန်ပုံငွေ ကနေပဲ ကျခံပြီးတော့ တည်ဆောက်ပေးသွားမှာဖြစ်ကြောင်း ဖြေကြားပါသည်။