(ဆ)-ဘွဲ့ရအထွေထွေလုပ်သားများ ရာထူးတိုးမြှင့်ရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၄၂) ရက်မြောက်နေ့ (၂၇-၁၀-၂၀၁၁)

အခြေခံပညာအောက်မှာရှိတဲ့ အ.မ.က ကျောင်း    များမှာ ဘွဲ့ရအထွေထွေလုပ်သားများရှိပါတယ်။ အထွေထွေလုပ်သားတွေအား မူလတန်းပြအဖြစ် ရာထူးတိုးမြှင့်ပေးရေးကိစ္စမှာ ဆရာအတတ်သင်ပညာကျွမ်းကျင်မှု ဒီပလိုမာသင်တန်းတက်ပြီးမှ ရာထူး တိုးရတာ ဖြစ်ပါတယ်။ အဲဒီလိုရာထူးတိုးတဲ့နေရာမှာလည်းပဲ အသက်ကန့်သတ်ချက်အနေနဲ့ အသက် ၂၅ နှစ်ဆိုပြီးတော့ ကန့်သတ်ထားပါတယ်။ အသက် ၂၅ နှစ်အထိပဲ ကန့်သတ်ထားတဲ့အတွက် သင်တန်းတက်ရောက်ရေးကိစ္စမှာ အခွင့်အလမ်းအတော်နည်းပါးကြောင်း တွေ့ရှိရပါတယ်။ ဒီဘွဲ့ရ အထွေထွေလုပ်သားတွေဟာ ဒီရာထူးတိုးမြှင့်ပေးရေးကိစ္စမှာ တစ်ဌာနအတွင်းဝန်ထမ်းဖြစ်တာကို လည်း တွေ့ရှိရပါတယ်။ နောက် ကျွန်တော်တို့ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့က ဒီရာထူး ခေါ်တဲ့နေရာမှာလည်း ဝန်ထမ်းဆိုလို့ရှိရင် အသက်ကန့်သတ်ချက်ကို လျှော့ပေါ့စဉ်းစားခဲ့တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ အထွေထွေလုပ်သားတွေ ဒီအခွင့်အလမ်းရရှိရေးအတွက်ကို အသက်ကန့်သတ်ချက် ၂၅ နှစ်ဆိုတာကို လျှော့ပေါ့ပြီးတော့ စဉ်းစားပေးနိုင်ခြင်း ရှိ၊ မရှိကို မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေး ဝန်ကြီးဌာန အနေနဲ့ မြန်မာနိုင်ငံတစ်ဝန်းလုံး ၂၀၁၁-၂၀၁၂ ပညာသင်နှစ်အထိ အခြေခံပညာကျောင်းပေါင်း ၄၁၂၇၂ ကျောင်း ဖွင့်လှစ်ထားပြီး ယင်းကျောင်းများအနက် မူလတန်းကျောင်းပေါင်း ၃၆၁၈၁ ကျောင်း ပါဝင် ပါတယ်။ မူလတန်းကျောင်းတစ်ကျောင်းမှာ အထွေထွေလုပ်သားတစ်ဦးစီ ခန့်ထားခွင့်ပြုထားပါတယ်။ အထက်တန်း၊ အလယ်တန်းကျောင်းများရှိ သန့်ရှင်းရေး၊ ကျောင်းအကူ၊ ကျောင်းစောင့်ရာထူးများ အပါအဝင် လစာနှုန်းတူ စုစုပေါင်း ၄၂၀၀၀ ခန့်ထားတာရှိပါတယ်။ ပညာရေးကောလိပ်များမှာ ဖွင့်လှစ်ပေးလျက်ရှိတဲ့ လုပ်ငန်းခွင် အကြိုဆရာအတတ်ပညာကျွမ်းကျင်မှု ဒီပလိုမာသင်တန်းများသို့ နှစ်စဉ်သင်တန်းသား ၄၀၀၀ ကို ရွေးချယ်တက်ရောက်ခွင့်ပြုထားပြီး အဆိုပါအင်အား အနက် ဝန်ထမ်းများ တက်ရောက်ရန်အတွက် ၂၅ ရာခိုင်နှုန်း ၁၀၀၀ ဦး သတ်မှတ်ထားပါတယ်။ ပြင်ပ ဘွဲ့ရများအတွက် အသက် ၂၅ နှစ်မကျော်သူများဖြစ်ရန်နဲ့ ဘွဲ့ရဝန်ထမ်းများအတွက် အသက် ၃၀ နှစ် မကျော်သေးသော အမြဲတမ်းဝန်ထမ်းအဖြစ် လုပ်သက် ၂ နှစ်ပြည့်ပြီး သူများကို ဒီသင်တန်းကို တက်ရောက်ခွင့်၊ လျှောက်ထားခွင့်ရှိပါတယ်။ သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ဝင်ခွင့် လျှောက်ထားသူများ ကို အင်္ဂလိပ်ဘာသာ၊ အထွေထွေဗဟုသုတဘာသာရပ်တို့ကို ရေးဖြေစစ်ဆေးပြီးမှ ရမှတ်မြင့်မားသူများ ကို သိပ္ပံ၊ ဝိဇ္ဇာဘာသာရပ်အုပ်စုလိုက်ရွေးချယ်ပြီး သင်တန်းတက်ရောက်ခွင့်ပြုလျက်ရှိပါတယ်။ သို့ပါ၍ အခြေခံပညာကျောင်းများမှ အထွေထွေလုပ်သားများအပါအဝင် အောက်ခြေဝန်ထမ်းများအတွက် အသက် ၂၅ နှစ်မဟုတ်ဘဲ အသက် ၃၀ နှစ်အထိ လျှော့ပေါ့၍ DTEC သင်တန်းများဝင်ခွင့် လျှောက်လွှာကို တင်သွင်းခွင့်ပြုထားပါကြောင်း ပြန်လည်ဖြေကြားပါသည်။