(ဈ)-တန့်ယန်းနှင့် မိုင်းရှုးမြို့ကြားရှိ ကျန်ရှိ‌ြမေလမ်းများအား ပြုပြင်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၂) ရက်မြောက်နေ့ (၅-၁၀-၂၀၁၁)

နိုင်ငံတော်အစိုးရသည် ရှမ်းပြည်နယ်အတွင်းရှိ “ဝ” ခြောက်မြို့နယ်နှင့် မြို့နယ် သုံးခုကို စုစည်း၍ ဟိုပန်ခရိုင်အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။ မက်မန်းမြို့နယ်သည် “ဝ” လူမျိုး၊ ရှမ်းလူမျိုးနှင့် လားဟူ လူမျိုးစုပေါင်းနေထိုင်သော မြို့တစ်မြို့ ဖြစ်ပါတယ်။ ၂၇-၇-၂၀၁၁ ရက်နေ့တွင် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် ခုတင် ၅၀ ဆံ့မြို့နယ် ပြည်သူ့ဆေးရုံ ဖွင့်လှစ် ခဲ့ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ဟိုပန်ခရိုင်မှ လားရှိုး-တန့်ယန်းအထိ ကတ္တရာခင်းလမ်း ဖြစ်ပါတယ်။ လမ်းလည်း ကောင်းမွန်လျက်ရှိပါတယ်။ တန့်ယန်းနဲ့ မိုင်းရှုး ၅၆ မိုင်လမ်းမှာ ကတ္တရာခင်းလမ်း တစ်ဝက်၊ ‌ြမေသားလမ်းတစ်ဝက် ဖြစ်နေပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဟိုပန်ခရိုင်မှ မိုင်းမော-ပန်ဆန်း၊ မက်မန်းသို့လည်းကောင်း၊ ဟိုပန်ခရိုင်မှ လားရှိုး-မန္တလေး-တောင်ကြီး-ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပြင်းမှမက်မန်း သို့လည်းကောင်း သွားလာ၍ရသော်လည်း အလွန်ခရီးကွာဝေးပြီး ခရီးစရိတ်လည်း ပိုမိုများပြားလျက်ရှိပါတယ်။ ထို့ကြောင့် မိုင်းရှုးနှင့် မက်မန်းသို့ ၉၈ မိုင်ခန့်လမ်းတွင် နွေ၊ မိုး၊ ဆောင်း ကျောက်ခင်းလမ်းအဖြစ် ပြုပြင်ပေးနိုင်ပါက ပြည်သူလူထုနဲ့ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်လူမှုရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် လွယ်ကူစွာသွားလာ နိုင်မယ်ဖြစ်ပါတယ်။ သို့ဖြစ်၍ မက်မန်းမြို့နယ်မှ ဟိုပန်ခရိုင်သို့ လွယ်ကူစွာသွားလာနိုင်ရေးအတွက် ကျန်ရှိသော‌ြမေလမ်းများအား ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်‌မောင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း တန့်ယန်း-မိုင်းရှူးလမ်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ တန့်ယန်းမြို့နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့မိုင်းရှူးမြို့တို့ကို ဆက်သွယ်ထားသောလမ်း ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တန့်ယန်း-မိုင်းကောင်-မိုင်းအော့ကနေပြီးတော့ ရှမ်းပြည်နယ်မြောက်ပိုင်းနယ်စပ်ထိဟာ ၄၃ မိုင် ရှည်လျားပြီး ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းမှာတော့ မိုင်းအော့နယ်စပ်မှ မိုင်းရှူးမြို့အထိ ၁၂ မိုင် ရှည်လျားပါတယ်။ စုစုပေါင်း ၅၅ မိုင်ရှည်လျားပါတယ်။ ၃၁-၅-၂၀၁၁ နေ့အထိ လမ်းပြင်ဆင်ထားမှု အခြေအနေကို တင်ပြရပါက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကတ္တရာလမ်းက ၄၀ မိုင်၊ အမာခံလမ်းက    ၃ မိုင်၊ စုစုပေါင်း ၄၃ မိုင် ရှိပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့ ကတ္တရာလမ်းဟာ ၁၂ မိုင် ရှိပါတယ်။ ဒါကြောင့်မို့လို့ စုစုပေါင်းကတ္တရာလမ်းဟာ ၅၂မိုင်နဲ့ မြေသားအမာခံလမ်းဟာ ၃ မိုင်နဲ့ စုစုပေါင်း  ၅၅ မိုင်ရှိတာဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းအပိုင်းမှာ လားရှိုးခရိုင်၊ တန့်ယန်း မြို့နယ် အင်ဂျင်နီယာအဖွဲ့မှ တာဝန်ယူထိန်းသိမ်းပြီးတော့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ လွယ်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် အင်ဂျင်နီယာအဖွဲ့ကနေ တာဝန်ယူဆောင်ရွက်တဲ့လမ်းပိုင်း ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ခွဲဝေရရှိတဲ့သာမန်ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေနဲ့ပတ်သက်ပြီး ဆောင်ရွက်ထားတာ ကတော့  ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သာမန် ပြင်ဆင်ထိန်းသိမ်းခြင်းက ၂၅ မိုင်၊ ကတ္တရာ လမ်းပျက်များကို ကျောက်ကတ္တရာဖြင့် အကြီးစားဖာထေးခြင်းက ၆ မိုင်၊ ယာယီမျောဖြင့်ရေပြွန် တံတားများ သံကူကွန်ကရစ်ရေပိုက်များနဲ့ ရေပြွန်များ အစားထိုးတည်ဆောက်ခြင်းက ၁၅ စင်း၊ နောက် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဆောင်ရွက်ထားတာကတော့ သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းက ၁၂ မိုင်၊ ကတ္တရာဖြင့် အကြီးစားလမ်းပေါက်များ ဖာထေးခြင်းက ၅ မိုင်၊ သစ်သားတံတားများ၏ ယက်မတွေ၊ ကြမ်းခင်းတွေ၊ ဘီးလမ်းတွေ၊ လက်ရမ်းတွေပြုပြင်ခြင်းက ၆ စင်းတို့ ဆောင်ရွက်လျက်ရှိပါတယ်။  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆက်သွယ် ထားသော တန့်ယန်း-မိုင်းရှူးလမ်းပေါ်ရှိ လမ်းတံတားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းနဲ့ သာမန်ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေများ တင်ပြတောင်းခံပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖြေကြားပါသည်။