ရွှေဘိုခရိုင်အတွင်းရှိ ရေဦး၊ ခင်ဦး၊ တန့်ဆည်မြို့များသည် ဆန်စပါးအဓိကစိုက်ပျိုး ထုတ်လုပ်သော မြို့နယ်များဖြစ်ပါတယ်။ စိုက်ပျိုးထုတ်လုပ်သော ဆန်များကို ဆန်လိုဒေသဖြစ်သော မုံရွာခရိုင်သို့ နေ့စဉ် ဆန်အိတ်ပေါင်း ၃၀၀၀ မှ ၅၀၀၀ အထိ ဒိုင်နာမော်တော်ယာဉ်များဖြင့် အစီးရေ ၅၀ ခန့်တင်ပို့ရောင်းချရပါတယ် ခင်ဗျား။ ဒိုင်နာမော်တော်ယာဉ်များ၏ တင်ဆောင်နိုင်သောဝန် အင်အား မှာဆန်အိတ် ၁၀၀၊ ငါးတန်ခန့် ဖြစ်ပါတယ်။ ယာဉ်နဲ့ကုန်တန်ချိန် ခုနစ်တန်ခန့် ဖြစ်ပါတယ်။ သွားလာနေရသည့် လမ်းတံတားများ၏ခွင့်ပြုချက်တန်ချိန်မှာ ၁၃ တန်ဖြစ်ပါတယ်။ လမ်းတံတားများ၏ ခွင့်ပြုတန်ချိန်အတွင်းမှသာ သယ်ယူပို့ဆောင်ခြင်းဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ လမ်းတံတားဂိတ်များတွင် သတ်မှတ်ကောက်ခံကြေးထက် အပိုကြေးများပေး၍ ဆန်များတင်ပို့သွား လာနေကြရပါတယ်။ ယခင်ဆန်တစ်အိတ်ကားဖြင့် သယ်ယူစရိတ် ၄၀၀ ကျပ်ရှိရာမှာ ယခု အပိုကြေး များပေးရသဖြင့် ၅၀၀ ကျပ်အထိပေးနေကြရပါတယ်။ သို့ပါ၍ အပိုကြေးပေးဆောင်ရခြင်းနဲ့ ပတ်သက် ၍သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမြင့်နေမှုအား မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွင်းမှာ လေလံစနစ်ဖြင့်လုပ်ကိုင်နေသောလမ်းတံတားဂိတ်ပေါင်းဟာ ၂၆၁ ဂိတ်ရှိပါတယ်။ အဆိုပါလမ်းတံတားဂိတ်များဟာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတို့ကနေကြီးမှူးပြီးတော့ ၂၀၁၁ ခုနှစ်၊ မတ်လမှာ လေလံလုပ်ကိုင်မှုများပေးခဲ့တာ ဖြစ်ပါတယ်။ လေလံလုပ်ပိုင်ခွင့်ရရှိပါက နိုင်ငံတော်ကို လေလံကြေးများပေးသွင်းရပါတယ်။ ပြည်သူ့ ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးချုပ်တွင် စာချုပ်ချုပ်ဆိုခြင်း ဆောင်ရွက်ပြီးမှသာလျှင် လမ်းတံတား အသုံးပြုခများကို ကောက်ခွင့်ပေးထားတာဖြစ်ပါတယ်။ လမ်းတံတားလေလံစာချုပ်မှာ ကောက်ခံရ မည့်နှုန်းထားများ ထည့်သွင်းချုပ်ဆိုထားပြီးဖြစ်ပါတယ်။ ပိုမိုကောက်ခံပါက အရေးယူဆောင်ရွက် မည့်အချက်များလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။ ထို့အပြင် ၁၂-၅-၂၀၁၁ ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၌ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် လေလံလုပ်ငန်းရှင်များအား ခေါ်ယူပြီး လမ်းတံတားအသုံးပြုခများ ပိုမိုကောက်ခံပါက ပထမအကြိမ်သတိပေးခြင်း၊ ဒုတိယအကြိမ် ပိုမိုကောက်ခံပါက စစ်ဆေးမှုမှန်ကန်လျှင် ကောက်ခံခွင့်တစ်လပိတ်ခြင်း၊ အဲဒီအချိန်မှာ ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းကနေ ဝင်ရောက်ကောက်ခံမှာဖြစ်ပါတယ်။ နောက်လေလံရသူကို တစ်လပြည့်တာနဲ့ ပြန်လည်ပေးအပ်ပါမယ်။ တတိယအကြိမ် သတ်မှတ်နှုန်းထား ထက်ကျော်လွန် ကောက်ခံပါက ကောက်ခံထားသည့် ၎င်းဘဏ္ဍာရေးနှစ်အတွင်းမှာ အပြီးရုပ်သိမ်းမှာ ဖြစ်ကြောင်း ရှင်းလင်းအသိပေးခဲ့ပြီး ဖြစ်ပါတယ်။ သို့သော်လည်း လမ်းတံတားဂိတ်များ သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံနေတဲ့အတွက် လမ်းတံတားဂိတ် ၂၁ ဂိတ်ကို တစ်လပိတ်ပြီး အရေးယူခဲ့ပါတယ်။ ၎င်းတစ်လပိတ်ပြီးအရေးယူ ခဲ့တဲ့ဂိတ်တွေကတော့ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ လမ်းတံတား ဂိတ် ၁၆ ဂိတ်ကိုသော်လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှာ လမ်းတံတားဂိတ် ၄ ဂိတ်ကို သော်လည်ကောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ လမ်းတံတားဂိတ် ၁ ဂိတ်ကိုလည်းကောင်း အရေးယူခဲ့တာဖြစ်ပါတယ်။ လမ်းတံတားပျက်စီးမှု နည်းစေရန်အတွက် စည်းမဲ့ကမ်းမဲ့တန်ပိုတင်ဆောင် သွားသော တန်ပိုယာဉ်များကိုလည်း အာဆီယံစံချိန်စံညွှန်းနဲ့အညီ ကုန်တင်ယာဉ်များ ဝန်ရိုးအလိုက် ယာဉ်၊ ကုန်အလေးချိန်များ သတ်မှတ်ချက်များလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်များရဲ့ အစီအစဉ်အရလည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ လမ်းတံတားလုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ရဲ့ အစီအစဉ်အရလည်းကောင်း တားဆီးခြင်း၊ ပညာပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများလည်း အဆင့်ဆင့်ဆောင်ရွက်လျက်ရှိပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း လမ်းတံတားများအသုံးပြုခကောက်ခံခွင့်ကို လေလံစနစ်ဖြင့် ပေးအပ်လျက်ရှိတဲ့အခါမှာ လမ်းအသုံးပြုခကောက်ခံနှုန်းထားများသည် ၁၉၉၇ ခုနှစ်၊ ဇူလိုင်လကနေ သတ်မှတ်ခဲ့သောနှုန်းထားဖြစ်ပြီးတော့ ၂၀၁၁ ကနေ ယခုအချိန်အထိ ၁၄ နှစ်တာကာလရှိပြီး လုံးဝနှုန်းထားများ ပြောင်းလဲကောက်ခံထားခြင်းမရှိကြောင်း တွေ့ရှိရပါတယ်။ ထို့အတူပဲ တံတားများအနေနဲ့ သာမန်တံတားများနှင့် စီမံကိန်းဝင်တံတားများကို နှစ်မျိုးသတ်မှတ်ထားပါတယ်။ တံတားအသုံးပြုခကောက်ခံခွင့်မှာလည်း နှုန်းထားနှစ်မျိုး သတ်မှတ်ထားပြီး ၂၀၀၄ ခုနှစ်က မေလမှာ စပြီးတော့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ယခု ၂၀၁၁ ခုနှစ်၊ ၇ နှစ်တာ ကြာသည်အထိ ၎င်းနှုန်းထားများ မပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ယခုလို ၁၉၉၇ ခုနှစ်ကနေ ကောက်ခံတဲ့ လမ်းတံတားအသုံးပြုခ ကောက်ခံမှုနှုန်းထားများသည် ကိုယ်ပိုင်ယာဉ်ငယ်များကို တစ်မိုင်လျှင် အခြေခံနှုန်းပြား ၆၀ ပဲ သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ ကောက်ခံတဲ့ လမ်းတံတားနှစ်မျိုးမှာလည်း သာမန်တံတားအသုံးပြုရာတွင် ကိုယ်ပိုင်ယာဉ်ငယ်များ တစ်စီးလျှင် အခြေခံနှုန်း ၃၀ ကျပ်ဖြစ်ပြီးတော့ စီမံကိန်းဝင်တံတားမှာ ကိုယ်ပိုင်ယာဉ်ငယ်များ တစ်စီးလျှင် ၇၅ ကျပ်နှုန်းနဲ့ ကောက်ခံခဲ့တာဖြစ်ပါတယ်။ အဆိုပါကောက်ခံသည့်နှုန်းများသည် တိုးမြှင့်ပြောင်းလဲနေသောဈေးနှုန်းများအရ အနည်းဆုံး သုံးနှစ် တစ်ကြိမ် စိစစ်ပြောင်းလဲရမည်ဖြစ်သော်လည်း လမ်းကြေး များတွင် ၁၄ နှစ်ကြာ၊ တံတားကြေးများတွင် ခုနစ်နှစ်ကြာသည်အထိ တိုးမြှင့်ပြောင်းလဲသော ဈေးနှုန်းများမပြောင်းလဲဘဲနဲ့ ကောက်ခံခြင်းဟာ နှစ်ကြာမြင့်ရာနှုန်း မပြောင်းဘဲကောက်ခံခဲ့တာကြာပြီဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ယခုအခါမှာ လမ်းတံတားများအသုံးပြုခ ကောက်ခံမှုနှုန်းများသည် ကိုယ်ပိုင်ယာဉ်ငယ်များကို တစ်မိုင်လျှင် အခြေခံနှုန်း နှစ်ကျပ်ဖြင့်လည်းကောင်း၊ သာမန်တံတား အသုံးပြုခတစ်စီးလျှင် အခြေခံနှုန်း ၅၀ ကျပ်ဖြင့်လည်းကောင်း၊ စီမံကိန်းဝင်တံတားကိုအသုံးပြုခ တစ်စီးလျှင် ၁၀၀ ကျပ်ဖြင့်လည်းကောင်း ယာဉ်အမျိုးအစားလိုက် သတ်မှတ်ပေးထားသည့်အပြင် နှုန်းထားအသစ်အတိုင်း ကား၏ဝင်ရိုး အရေအတွက်အလိုက် သတ်မှတ်အလေးချိန်ပေါ်မူတည်ပြီးတော့ တွက်ချက်ထားပြီးဖြစ်ပါတယ်။
လမ်းနှင့်တံတားများ အသုံးပြုခ ကောက်ခံထားသည့်နှုန်းသစ်အား ဖတ်ကြားတင်သွင်းခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။ လေလံ ဂိတ်ကြေးများမှာ တစ်မိုင်နှုန်းသတ်မှတ်ထားတာကတော့ နှစ်တန်အောက်ယာဉ်နှင့် အခြားယာဉ်များ၊ ကိုယ်ပိုင်ယာဉ်ငယ်များကို နှစ်ကျပ်ဖြစ်ပါတယ်။ ဟိုင်းလတ်ခရီးသည်တင်ယာဉ်ဆိုလျင် ငါးကျပ် ဖြစ်ပါတယ်။ နှစ်တန်အောက်ယာဉ် ခရီးသည်တင်ယာဉ် နှစ်တန်မှ ငါးတန်အောက်ယာဉ်၊ ဒိုင်နာ အပါအဝင်က ရှစ်ကျပ်ဖြစ်ပါတယ်။ ငါးတန်အထက်ခရီးသည်တင်ယာဉ်ကြီးက ၁၀ ကျပ်ဖြစ်ပါတယ်။ ငါးတန်မှ ၁၆ တန်အထိ ကုန်တင်ယာဉ်ကြီး၊ ကုန်မပါ ယာဉ်ကြီးများအတွက် ၂၀ ကျပ်ဖြစ်ပါတယ်။ ယာဉ်အပေါင်းကုန် ၂၁ တန် ဝင်ရိုးသုံးခုပါ ကုန်တင်ယာဉ်ကြီး၁၀ ဘီးကားကတော့ ၃၀ ကျပ်ဖြစ် ပါတယ်။ ယာဉ်အပေါင်းကုန် ၂၅ တန် ဝင်ရိုးလေးခုပါ ကုန်တင်ယာဉ်ကြီး ၁၂ ဘီးကားက ၃၅ ကျပ် ဖြစ်ပါတယ်။ ယာဉ်အပေါင်းကုန် ၃၄ တန် ဝင်ရိုးလေးခုပါ ကုန်တင်ယာဉ်ကြီး ၁၄ ဘီးကား နောက်တွဲ အပါက ၄၅ကျပ် ဖြစ်ပါတယ်။ ယာဉ်အပေါင်းကုန် ၄၆ တန် ဝင်ရိုးငါးခုပါ ကုန်တင်ယာဉ်ကြီး ၁၈ ဘီး ကားနောက်တွဲအပါ ၆၀ ကျပ် ဖြစ်ပါတယ်။ ယာဉ်အပေါင်းကုန် ၅၅ တန် ဝင်ရိုးခြောက်ခုပါ ကုန်တင် ယာဉ်ကြီး ၂၂ ဘီးနောက်တွဲပါ ၇၀ ကျပ် ဖြစ်ပါတယ်။ ဒါကတော့ လေလံဂိတ်ကြီးများအတွက် တစ်မိုင် နှုန်းဖြစ်ပါတယ်။ နောက် သာမန်တံတားများ အသုံးပြုခကောက်ခံမယ့်နှုန်းကတော့ စက်ဘီးများ နဲ့ ပတ်သက်လို့ ကောက်ခံခြင်းမရှိပါဘူး။ ဆိုင်ကယ်နဲ့ မြင်းလှည်းကတော့ ၁၀ ကျပ်၊ ထွေလာဂျီ ခရီးသည်နဲ့ဖြစ်ပြီးတော့ ကုန်မပါက ၁၀ ကျပ်၊ ယာဉ်အပေါင်းကုန် နှစ်တန် အောက်ယာဉ်၊ အခြား ယာဉ်ငယ်များ၊ ကိုယ်ပိုင်ယာဉ်ငယ်များက ၅၀ ကျပ်၊ နောက်ဟိုင်းလတ်ခရီးသည်တင်ယာဉ်၊ ယာဉ်အပေါင်းကုန် ခရီးသည်တင်တဲ့ ဒိုင်နာအပါအဝင်က ၇၀ ကျပ်၊ ယာဉ်အပေါင်းကုန် နှစ်တန်မှ ငါးတန်အောက်ယာဉ်များက ၁၀၀ ကျပ်၊ ငါးတန်အထက် ခရီးသည်တင် ယာဉ်ကြီးက ၂၀၀ ကျပ်၊ ယာဉ်အပေါင်းကုန် ငါးတန်အထက် ၁၀ တန်အောက် ကုန်တင်ယာဉ်ကြီးက ၂၀၀ ကျပ်၊ ယာဉ်အပေါင်း ကုန် ၁၀ တန်မှ ၂၁ တန် အထိ ကုန်တင်ယာဉ်ကြီး၊ ကုန်မပါယာဉ်ကြီးကတော့ ၂၅၀ ကျပ်၊ ယာဉ် အပေါင်းကုန် ၂၁ တန် ဝင်ရိုးသုံးခုပါ ကုန်တင်ယာဉ်ကြီး ၁၀ ဘီးကားက ၃၀၀ ကျပ်၊ ယာဉ်အပေါင်း ကုန် ၂၅ တန် ဝင်ရိုးလေးခုပါကုန်တင်ယာဉ်ကြီး ၁၂ ဘီးကားက ၃၅၀ ကျပ်၊ ယာဉ်အပေါင်းကုန် ၃၄ တန် ဝင်ရိုးလေးခုပါ ကုန်တင်ယာဉ်ကြီး ၁၄ ဘီးကား နောက်တွဲပါက ၅၅၀ ကျပ်၊ ယာဉ်အပေါင်းကုန် ၄၆ တန် ဝင်ရိုးငါးခုပါ ကုန်တင်ယာဉ်ကြီး ၁၈ ဘီးကားနောက်တွဲပါက ၈၀၀ ကျပ်၊ ယာဉ်အပေါင်းကုန် ၅၅ တန် ဝင်ရိုးခြောက်ခုပါ ကုန်တင်ယာဉ်ကြီး ၂၂ ဘီးကားနောက်တွဲပါက ၁၀၀၀ ကျပ်၊ စီမံကိန်းဝင် အသုံးပြုကောက်ခံမယ့် တံတားနှုန်းကတော့ စက်ဘီးကတော့ ၁၀ ကျပ်၊ ဆိုင်ကယ်နဲ့မြင်းလှည်းကတော့ ၅၀ ကျပ်၊ ထွေလာဂျီခရီးသည်နဲ့ ကုန်မပါကတော့ ၁၀၀ ကျပ်၊ ယာဉ်အပေါင်းကုန် နှစ်တန်အောက် အခြားယာဉ်ငယ်များ၊ ကိုယ်ပိုင်ယာဉ်ငယ်များက ၁၀၀ ကျပ်၊ ဟိုင်းလတ်ခရီးသည်တင်ယာဉ်၊ ယာဉ်အပေါင်းကုန် ခရီးသည်တင်ယာဉ် ဒိုင်နာအပါအဝင်က ၂၅၀ ကျပ်၊ ယာဉ်အပေါင်းကုန် ၂ တန်မှ ၅ တန်အောက် ယာဉ်များက ၃၅၀ ကျပ်၊ ၅ တန်အထက် ခရီးသည်တင်ယာဉ်ကြီးက ၆၀၀ကျပ်၊ ယာဉ်အပေါင်းကုန် ၅ တန်အထက် ၁၀ တန် အောက် ကုန်တင်ယာဉ်ကြီးက ၁၀၀၀ ကျပ်၊ ယာဉ် အပေါင်းကုန် ၁၀ တန် မှ ၂၁ တန်အထိ ကုန်တင်ယာဉ်ကြီး ကုန်မပါ ယာဉ်သက်သက် ၁၅၀၀ ကျပ်၊ ယာဉ်အပေါင်းကုန် ၂၁ တန် ဝန်ရိုး ၃ ခုပါ ကုန်တင်ယာဉ်ကြီး ၁၀ ဘီးကားက ၂၀၀၀ ကျပ်၊ ယာဉ် အပေါင်းကုန် ၂၅ တန် ဝန်ရိုး ၄ ခုပါ ကုန်တင်ယာဉ်ကြီး ၁၂ ဘီးကားက ၃၅၀၀ ကျပ်၊ ယာဉ်အပေါင်း ကုန် ၃၄ တန် ဝန်ရိုး ၄ ခုပါ ကုန်တင်ယာဉ်ကြီး ၁၄ ဘီးကား နောက်တွဲပါ ၇၀၀၀ ကျပ်၊ ယာဉ် အပေါင်းကုန် ၄၆ တန် ဝန်ရိုး ၅ ခုပါ ကုန်တင်ယာဉ်ကြီး ၁၈ ဘီးကား နောက်တွဲပါ ၁၂၀၀၀ ကျပ်၊ ယာဉ်အပေါင်းကုန် ၅၅ တန် ဝန်ရိုး ၆ ခုပါ ကုန်တင်ယာဉ်ကြီး ၂၂ ဘီးကား နောက်တွဲပါ ၁၅၀၀၀ ကျပ် ဖြစ်ပါတယ်။
တင်ပြပါလေလံစနစ်ဖြင့်လုပ်ကိုင်နေသော ပေးထားသော လမ်း၊တံတားဂိတ်များ ကောက်ခံနေသည့် နှုန်းထားသစ်ဟာ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ တင်ပြပြီး အတည်ပြုချက်ရယူထားပြီးဖြစ်ပါတယ်။ ယခင်နှုန်းဟောင်းထက် ပိုမိုလွယ်ကူရှင်းလင်းသော စနစ်ဖြင့်တွက်ချက်ထားပြီး လမ်း၊တံတားအသုံးပြုမှုများကိုလည်း စတင်ကောက်ခံသွားမှာ ဖြစ်ပါတယ်။ အကယ်၍ လမ်းအသုံးပြုခကောက်ခံရာတွင် ခွင့်ပြုတန်ချိန်ထက် ပိုမိုတင်ဆောင်လာသောကုန်များ အတွက်ဒဏ်ကြေးထပ်ရိုက်ပြီး ပေးဆောင်သွားမှာဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြည်သူ့ အကျိုးကိုရှေးရှုပြီးတော့ အပိုထပ်ဆောင်း ယာယီခွင့်ပြုထားသော အပိုတန်ချိန်တင်ဆောင်လာရင် ခုန သတ်မှတ်ဝန်ရိုး အရေအတွက်နဲ့ ယာဉ်အမျိုးအစားမှာ ၁ မိုင် သတ်မှတ်နှုန်းထားထက် ၃ ဆ ကောက်ခံသွားမှာဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ယာယီထပ်ဆောင်း ခွင့်ပြုထားသော ကုန်တင် ချိန်ထက် ပိုမိုထပ်ဆောင်းပြီးတော့ တင်ဆောင်လာသောကားများကိုတော့ သတ်မှတ်နှုန်းထားထက် ၁၀ ဆကောက်ခံသွားမှာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကတ္တရာလမ်းမကြီးများနှင့် ပတ်သက်၍ ၁၀ နှစ်ခံ ဆောင်ရွက်ထားသော်လည်း တန်ပိုယာဉ်ကြီးများ သွားလာမှုကြောင့် ၁၀ နှစ်ခံ လမ်းသည် ၁၀ လနဲ့ ပျက်ရသည်ထိ ဖြစ်လာပါတယ်။ သတ်မှတ်ကာလမရောက်မီ လမ်းများပျက်စီး ခြင်းသည် နိုင်ငံတော်အတွက် များစွာနစ်နာဆုံးရှုံးပါသည်။ နိုင်ငံတော်မှ တည်ဆောက်ပေးထား သောလမ်းများ ရေရှည်အသုံးပြုရန် သတ်မှတ်ထားသောယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအတိုင်း ပြည်သူများကလည်း လိုက်နာသင့်ကြောင်းနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှလည်း အများပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့စေရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
