၂၀၁၃ ခုနှစ်မှာ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပတော့မှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ၁၉၆၁ ခုနှစ် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပရာမှာ ဆုတံဆိပ်ပေါင်း ၁၀၄ ခုနှင့် နိုင်ငံအလိုက် ပထမရရှိ ခဲ့ပါတယ်။ ၁၉၆၉ ခုနှစ် ပြိုင်ပွဲမှာလည်း ဆုတံဆိပ်ပေါင်း ၁၄၉ ခုနဲ့ နိုင်ငံအလိုက် ပထမ ရရှိခဲ့ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယခု မြန်မာနိုင်ငံမှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် ၂၀၁၃ ခုနှစ်၊ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်စေမည့် အားကစားနည်းများကို အတွေ့အကြုံရင့်ကျက်သော နိုင်ငံတကာမှ နည်းပြ ဆရာများ ငှားရမ်းလေ့ကျင့်ပေးပါရန်နှင့် လက်ရည်စမ်းပွဲများ၊ ခြေစမ်းပွဲများကို နိုင်ငံခြားမှ ကစားသမားများ၊ အသင်းများနှင့်ပြုလုပ်ပေးပါရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းပါသည်။
၂၀၁၃ ခုနှစ်မှာ နေပြည်တော်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ အောင်မြင်မှုရရှိစေရေးအတွက် အလားအလာရှိတဲ့ မျိုးဆက်သစ်အားကစားသမားများ ရွေးချယ်ရေးကို ဒေသအနှံ့ကွင်းဆင်းရွေးချယ်ခြင်း၊ ပြည်နယ်/ တိုင်းဒေသကြီး အားကစားပြိုင်ပွဲများပြုလုပ်၍ ရွေးချယ်ခြင်းများအပြင် ပြည်နယ်/တိုင်းဒေသကြီး အသီးသီးရှိ အားကစားကလပ်များကို အခြေခံကျင်းပသော Champion Challenge Cup Tournament အားကစား ပြိုင်ပွဲများကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလမှစတင်ကာ ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ၊စားစရိတ်၊ဝတ်စုံစရိတ်၊ နည်းပြထောက်ပံ့စရိတ်များ၊ အားကစားပစ္စည်းများ ပံ့ပိုးကူညီပေးသွားမည့်အပြင် ထိုက်တန်စွာဆုကြေးငွေ ချီးမြှင့်ပေးသွားမယ့် အစီအစဉ်များလည်း ဆောင်ရွက်ထားပါတယ်။ တက္ကသိုလ်၊ ကောလိပ်နှင့် အြခေခံပညာကျောင်းများမှ မျိုးဆက်သစ် အားကစားသမားများ ထွက်ပေါ်လာစေရေးအတွက် ယခင်ကထက် ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်ရန် ကျောင်းများသို့ အားကစားဝန်ကြီးဌာနမှ ရွေးချယ်လေ့ကျင့်ပေးထားသည့် အားကစားနည်း စနစ်မှူးများ စေလွှတ်တွဲဖက်ကာ ကျောင်းအချိန်ဇယားတွင် အားကစားအချိန်သတ်မှတ်၍ အားကစားနည်းစနစ်များ သင်ကြားပေးနိုင်ရေးနှင့် ကျောင်းသားအားကစားပြိုင်ပွဲများ ပြန်လည်ကျင်းပ နိုင်ရေး ညှိနှိုင်းစီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ ရွေးချယ်ရရှိသော မျိုးဆက်သစ်အားကစားသမား များကို အားကစားအဖွဲ့ချုပ်အသီးသီးတွင် စခန်းသွင်းလေ့ကျင့်ခြင်း၊ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းနှစ်ကျောင်းမှာ သင်ကြားလေ့ကျင့်ပေးခြင်း ဆောင်ရွက်ကာ မြန်မာ့လက်ရွေးစင်များအဖြစ် ရွေးချယ်သွားမည် ဖြစ်ပါတယ်။ အားကစားအဖွဲ့ချုပ်အသီးသီး၏ လေ့ကျင့်ရေးနှင့် အုပ်ချုပ်မှုလုပ်ငန်း များ ပိုမိုစည်းစနစ်တကျနှင့် အောင်မြင်မှုရရှိစေရေးအတွက် အားကစားအဖွဲ့ချုပ်တစ်ခုလျှင် အားကစားဝန်ကြီးဌာနမှ အားကစားအရာရှိ ၃ ဦး စေလွှတ်တွဲဖက်ဆောင်ရွက်စေခြင်း၊ စားစရိတ်ငွေ များတိုးမြှင့် ကျွေးမွေးခြင်း၊ ထောက်ပံ့ငွေများချီးမြှင့်ခြင်း၊ အားကစားဝတ်စုံနှင့် ခေတ်မီအားကစား အထောက်အကူပစ္စည်းများ ဝယ်ယူဖြည့်တင်းပေးခြင်း၊ ဆေးကုသမှုများဆောင်ရွက်ပေးခြင်း၊ အားကစား စိတ်ပညာစစ်ဆေးခြင်းနှင့် နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိတဲ့အပြင် နိုင်ငံတကာမှ ခေတ်မီအားကစားနည်းစနစ်များကို လေ့လာသုတေသနပြုကာ ပြန်လည်အသုံးချနိုင်ရေး ဆေးပညာဖြင့်အားကစား တိုးတက်မြင့်မားရေးကို ထောက်ပံ့ပေးနိုင်ရေးအတွက် အားကစားဆေးပညာ သုတေသနပြန်လည် အသုံးချနိုင်ေရးဆောင်ရွက်သွားရန် စီမံဆောင်ရွက် လျက်ရှိပါတယ်။ အားကစား အဖွဲ့ချုပ် ၁၈ ခုမှာ အရည်အချင်းမီနိုင်ငံခြားနည်းပြ ၂၈ ဦး ငှားရမ်းအသုံးပြုလျက်ရှိပြီး ကျန်အားကစားအဖွဲ့ချုပ်များတွင်လည်း အလားတူအရည်အချင်းမီ နိုင်ငံခြားနည်းပြများ ငှားရမ်း အသုံးပြုနိုင်ရေး၊ လက်ရွေးစင်အားကစားသမားများ မိမိတို့ထက်စံချိန်ကောင်းမွန်သော နိုင်ငံခြား လေ့ကျင့်ဘက် အားကစားသမားများနှင့် ပူးတွဲလေ့ကျင့်၍ လက်ရှိစံချိန်များထက် ပိုမိုကောင်းမွန် လာစေရန်အတွက် စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။
ဒါ့အပြင် အားကစားနည်းအလိုက် ပြည်ပမှာသွားရောက်ပူးတွဲလေ့ကျင့်ခြင်း၊ လက်ရည်စမ်း ယှဉ်ပြိုင်ကစားခြင်း၊ နိုင်ငံခြားအားကစားအဖွဲ့များနှင့် ဖိတ်ခေါ်၍ လက်ရည်စမ်းယှဉ်ပြိုင်ကစားခြင်း များကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ လက်ရွေးစင်အားကစားသမားများရဲ့ ဘဝရပ်တည်ရေး အတွက် ဝန်ကြီးဌာနများတွင် ဝန်ထမ်းအဖြစ်ခန့်အပ်ပေးလျက်ရှိသည့်အပြင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများမှာ ဆုတံဆိပ်များရရှိပါက ထိုက်တန်စွာဆုငွေများချီးမြှင့်ခြင်း၊ အလုပ်မရှိသေး သည့်လက်ရွေးစင်ဟောင်းများကို အားကစားအဖွဲ့ချုပ်များ၊ အားကစားနဲ့ကာယပညာသိပ္ပံများနှင့် အားကစားကလပ်များ၊ အကြိုလေ့ကျင့်ရေးစခန်းများ၊ ပညာရေးဝန်ကြီးဌာနအောက် ကျောင်းများတွင် အားကစားနည်းစနစ်မှူးများအဖြစ် ခန့်အပ်တာဝန်ပေးဆောင်ရွက်နေပါတယ်။ အားကစားနှင့်ကာယ ပညာသိပ္ပံ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့မှာ သင်တန်းသား ၃၅၀ ဦးစီသင်ကြားပေးလျက်ရှိရာမှ ၂၀၁၂-၂၀၁၃ စာသင်နှစ်မှစ၍ သင်တန်းသား ၆၀၀ ဦးစီအထိသင်ကြားနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိပြီး အားကစားသာမကပညာရေးပါ ထူးချွန်သူများ မွေးထုတ်ပေးနိုင်ရန်နှင့် အားကစားဝတ်စုံများ၊ ကျောင်းဝတ်စုံနှင့် ပညာသင်စရိတ်များ၊ နေထိုင်စားသောက်မှုနှင့် ဆေးကုသမှု၊ ခရီးစရိတ်များအပြင် တစ်ဦးချင်းလစဉ်ထောက်ပံ့ငွေများကိုပါ နိုင်ငံတော်မှအကုန်အကျခံဆောင်ရွက် ပေးလျက်ရှိပြီး ထူးချွန်သူများကို အားကစားနည်းစနစ်မှူးများအဖြစ်ပါ ခန့်အပ်တာဝန်ပေးဆောင်ရွက် လျက်ရှိပါတယ်။
သို့ပါ၍ မြန်မာနိုင်ငံအားကစားသမားကောင်းများ ပေါ်ထွက်လာနိုင်ရေးအတွက် အရေးပါသော အားကစားသမားများ၏ လက်ရှိဘဝနှင့်အနာဂတ် ဘဝခိုင်မာရေး ဆောင်ရွက်လျက်ရှိပြီး ဥပဒေ တစ်ရပ်ဖြစ်ပေါ်လာရေးကို စဉ်းစားစီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ၂၀၁၃ ခုနှစ်၊ ၂၇ ကြိမ် မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်စေမည့် အားကစားနည်းများကိုအတွေ့ အကြုံရင့်ကျက်သော နိုင်ငံတကာမှနည်းပြဆရာများကို ယခုထက်ပို၍ ငှားရမ်းလေ့ကျင့်ရန်နှင့် လက်ရည်စမ်းပွဲ၊ ခြေစမ်းပွဲများကို နိုင်ငံခြားမှအားကစားသမားများ၊ အသင်းများကို ဖိတ်ခေါ်ပြီး ယခုထက်ပို၍ယှဉ်ပြိုင်စေရန် အစီအစဉ်များ ချမှတ်ဆောင်ရွက်နေပါကြောင်း ဖြေကြားပါသည်။
