(ဋ)-၂၀၁၃ ခုနှစ်၊ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဌမနေ့ (၂၉-၈-၂၀၁၁)

မြန်မာနိုင်ငံမှထူးချွန်တဲ့ အားကစားသမားများကို ဝန်ကြီးဌာန ပေါင်းစုံပြိုင်ပွဲများတွင် အသုံးပြုရန်အတွက် ဝန်ကြီးဌာနတစ်ခုခုက တာဝန်ယူပြီးတော့ ခန့်အပ်ပြီးတော့ လခများ ပေးထားခဲ့ပါတယ်။ ဒီအားကစားသမား ဝန်ထမ်းတွေဟာ အသက်အရွယ်ကြီးရင့်၍ အားကစားမှ အနားယူသောအခါ ဝန်ကြီးဌာနကပဲ ဆက်လက်ပြီးတော့ လခများပေးထားခဲ့ပါတယ်။ ဒါပေမယ့်လို့ ဒီဝန်ထမ်းတွေဟာ ပညာရေးဘွဲ့မရရှိတဲ့အတွက်ကြောင့် ရာထူးတိုးတက် ခဲ့ခြင်းမရှိပါဘူး။ ဒါ့ကြောင့် မြန်မာနိုင်ငံ အားကစားသမားကောင်းများ ပေါ်ထွက်လာရေးအတွက် ဘဝအာမခံချက် ရရှိစေရန် ဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးရန် အစီအစဉ် ရှိ၊ မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း
အဖြေ

မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၁၉၆၁ ခုနှစ်၊ ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ် အားကစား ပြိုင်ပွဲမှာ ဆုတံဆိပ်ပေါင်း ၁၀၄ ခုနှင့်၊ ၁၉၆၉ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲမှာ ဆုတံဆိပ်ပေါင်း ၁၄၉ ခုတို့နဲ့ နိုင်ငံ အလိုက် ပထမနေရာရရှိခဲ့တဲ့ နည်းတူ ၂၀၁၃ ခုနှစ်၊နေပြည်တော်မှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာလည်း အလားတူ အောင်မြင်မှုများရရှိရန် ယခုကတည်းက ကြိုးစားဆောင်ရွက် လျက်ရှိပါတယ်။ နိုင်ငံတကာအားကစားပြိုင်ပွဲများမှာ ပါဝင်ယှဉ်ပြိုင် အနိုင်ရရှိရေးအတွက် အလားအလာရှိသော မျိုးဆက်သစ်အားကစားသမားများရှာဖွေ လေ့ကျင့်ပေးရေးကို ယခင်ကတည်း က စီမံချက်များစနစ်တကျရေးဆွဲချမှတ်ကာ ပြည်နယ်/တိုင်းဒေသကြီးများ အနှံ့လေးလတစ်ကြိမ် ကွင်းဆင်းရှာဖွေရွေးချယ်ခဲ့ရာ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း မျိုးဆက်သစ်အားကစား သမားများ ၆၃၀၄ ဦး ရွေးချယ်ရရှိခဲ့ပြီး၊ အားကစားနှင့်ကာယပညာသိပ္ပံ ရန်ကုန်မြို့နှင့်မန္တလေး မြို့တို့မှာ ခေတ်မီအားကစားနည်းစနစ်များ သင်ကြားလေ့ကျင့်ပေးခြင်း၊ အားကစားအဖွဲ့ချုပ်များတွင် စိစစ်ရွေးချယ် စခန်းသွင်းလေ့ကျင့်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ အားကစားဝန်ကြီးဌာနအနေနဲ့ အားကစားနည်းအလိုက် ပြည်နယ်/တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ၊ ဝန်ကြီးဌာနအသင်းများနှင်‌့ တပ်မတော်၊ ပြည်သူ့ရဲတပ်ဖွဲ့တို့မှ ပါဝင်ယှဉ်ပြိုင်သည့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌဖလားနဲ့ သက်ဆိုင်ရာအားကစား အဖွဲ့ချုပ်များအလိုက် အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပ ပေးခဲ့တဲ့ အပြင်ဒေသအလိုက် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက်ကိုလည်း ပြည်နယ်နဲ့ တိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း အားကစားပစ္စည်းများ ပံ့ပိုးကူညီပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပါတယ်။

ကျောင်းသားထုအတွင်းမှ လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ကျောင်းသားအားကစားပြိုင်ပွဲ ရှစ်ကြိမ်ကျင်းပပေးခဲ့ပြီး၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစီးတဲ့ အားကစားနှင့် ပညာရေးပေါင်းစပ်မှုဦးစီးကော်မတီကို ၂၀၀၈ ခုနှစ်မှာ စတင်ဖွဲ့စည်းကာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံများ၊ အခြေခံပညာကျောင်းများတွင် အားကစားနည်းစနစ်များ သင်ကြား ပေးခြင်း၊ ကျောင်းသားအားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ အားကစား ဝန်ကြီးဌာနအနေနှင့်လည်း ပညာရေးဝန်ကြီးဌာန အောက်ရှိ ကာယနည်းပြ ဆရာ၊ ဆရာမ ၉၃၉ ဦးကို ခေတ်မီအားကစားနည်းစနစ်များ မွမ်းမံသင်ကြားပေးခြင်း၊ လက်ရွေးစင်အားကစားသမား ဟောင်း ၁၅၀ ဦးကို ရွေးချယ်လေ့ကျင့်ပေးပြီး ကျောင်းများတွင် ကာယနည်းပြများအဖြစ် တာဝန် ထမ်းဆောင်နိုင်အောင် ဆောင်ရွက်ပေးခြင်း၊ အားကစားပစ္စည်းများ ပံ့ပိုးကူညီပေးခြင်းနှင့် အားကစားကွင်း၊ အားကစားရုံများ အသုံးပြုနိုင်အောင် စီစဉ်ပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ပါတယ်။ ထိုအပြင် နှစ်စဉ်နွေရာသီ ကျောင်းပိတ်ရက်များမှာ အခြေခံပညာကျောင်းအသီးသီး၌ နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အားကစားပြိုင်ပွဲများ ကျင်းပခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ရာ ၂၀၀၀ ပြည်နှစ်မှ ၂၀၁၀ ခုနှစ်အတွင်း တစ်ပြည်လုံးမှ ကျောင်းသား၊ ကျောင်းသူ ၁၅ သိန်း ကျော် အားကစားအခြေခံနည်းစနစ်များ သင်ကြားပေးနိုင်ခဲ့ပါတယ်။ အားကစားတိုးတက်မြင့်မားရေး အတွက် မရှိမဖြစ်လိုအပ်သော အားကစားကွင်း၊ အားကစားရုံများရဲ့ ရေရှည်အသုံးပြုနိုင်ရန် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့တဲ့အပြင် ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း တစ်ပြည်လုံးမှာ အားကစားကွင်း ၁၈၇ ကွင်းနှင့် မိုးလုံလေလုံ အားကစားရုံ ၈၄ ရုံ၊ တင်းနစ်ကွင်း       ၅၀ ကွင်းအပါအဝင် တခြားအားကစားကွင်းကစားရုံများ တိုးတက်ဆောက်လုပ်ပေးနိုင်ခဲ့ပါကြောင်း ဖြေကြားပါသည်။