(ခ)-နယ်စပ်ဒေသ တည်ငြိမ်ဖွံ့ဖြိုးရေးနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၄၃) ရက်မြောက်နေ့ (၃၁-၁၀-၂၀၁၁)

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် လက်ရှိဖြစ်ပေါ်လျက်ရှိတဲ့ တိုက်ပွဲများကြောင့် ဒေသခံပြည်သူများအနေနဲ့ အိုးစွန့် အိမ်ခွာ စစ်ပြေးဒုက္ခသည်များအဖြစ် ရပ်ရွာဒေသကိုစွန့်ခွာပြီး များစွာဒုက္ခရောက်နေကြပါတယ်။ သူတို့ အနေနဲ့လည်း ဒီလိုခါးသီးလှတဲ့ ဆင်းရဲဒုက္ခကနေ လွတ်မြောက်လိုကြပါတယ်။ ဆင်းရဲဒုက္ခကြောင့် ကျလာတဲ့မျက်ရည်၊ ငတ်မွတ်နေတဲ့ဒုက္ခ၊ ပူပင်နေတဲ့ သောကတွေကို နိုင်ငံတော်က အမြန်ဆုံး အဆုံးသတ်ပေးဖို့ အချိန်တန်ပါပြီ။

          ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန် အရေးသုံးပါးသည် ယခု ဖြစ်ပေါ်လျက်ရှိတဲ့ ဒေသဆိုင်ရာပဋိပက္ခမှာ များစွာ အခြေခံကျပါတယ်လို့ ယူဆပါတယ်။ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု မတည်ဆောက်နိုင်သေးသမျှ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ဖော်ဆောင်နိုင်မှာမဟုတ်ပါ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မဖော်ဆောင်နိုင်သေး သမျှ ပြည်ထောင်စုမပြိုကွဲရေးကို စွမ်းဆောင်နိုင်မည်မဟုတ်ပါ။ ပြည်ထောင်စု မပြိုကွဲရေး လက်တွေ့ မဆောင်ရွက်နိုင်သေးသမျှ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟာ များစွာစိုးရိမ်စရာရှိနေပါသေး တယ်။ သို့ပါ၍ လူမှုရေးဖက်တွင် လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခရဲ့အဓိက အကြောင်းရင်းသည် ယုံကြည်မှုကင်းမဲ့နေကြခြင်းဖြစ်ပါ၍ တစ်ဖက်နဲ့တစ်ဖက်ယုံကြည်မှု တည်ဆောက်နိုင်ပါလျှင် ပဋိပက္ခရဲ့ အကြောင်းရင်းများ ကွယ်ပျောက်လျက် အတူတကွပူးပေါင်းဆောင်ရွက်ခြင်း၊ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်သက်ဝင်ချစ်ခင်လေးစားမှုရှိခြင်း၊ အပြန်အလှန် ရင်းနှီးချစ်ကြည်ခြင်းဟူသော မေတ္တာစိတ်ထား တွေ၊ မေတ္တာဓာတ်တွေနဲ့ နိုင်ငံအကျိုးကို အတူတကွ သယ်ပိုးဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီ အချိန်ကျရင် ကမ္ဘာမှာမြန်မာဟေ့လို့ တိုင်းရင်းရွှေစည် နာမည်ကြီးများအားလုံး ကြွေးကြော်နိုင်ပါပြီ။

          ပဋိပက္ခအကြောင်းနှင့် ပတ်သက်၍လည်း   ပဋိပက္ခဟူသည်   အကြောင်းအမျိုးမျိုးနဲ့   နှီးနွယ်ဆက်စပ်နေတဲ့   ဖြစ်စဉ် ဖြစ်ရပ်

တစ်ခုဖြစ်လေရာ လက်နက်ကိုင်ပဋိပက္ခကြောင့် ပြည်သူများနစ်နာဆုံးရှုံးရသလို လက်နက်မပါတဲ့ လူမှုပဋိပက္ခကြောင်‌့လည်း ပြည်သူများနစ်နာဆုံးရှုံးရတာ များစွာရှိပါတယ်။ သာဓကအဖြစ်ဖော်ပြရရင် နိုင်ငံတော်ရှိကျေးလက်ဒေသတချို့မှာ တောင်သူလယ်သမားတချို့ဟာ ဘိုးဘေးလက်ထက်က ဆင့်ကဲ လုပ်ကိုင်လာခဲ့တဲ့ လယ်မြေတွေအသိမ်းခံရပြီး လယ်ရှိဘဝကနေ လယ်မဲ့ဘဝကို ရောက်ရှိသွားကြ ပါတယ်။ ငွေကြေးတတ်နိုင်တဲ့ လုပ်ငန်းရှင်များ၊ ကုမ္ပဏီပိုင်ရှင်များနှင့် တချို့သောဒေသဆိုင်ရာ အာဏာပိုင်များရဲ့ နှစ်ရှည်သီးနှံစိုက်ပျိုးခြင်း၊ ငါးမွေးမြူခြင်း၊ စက်ရုံအလုပ်ရုံတည်ဆောက်ခြင်း၊ ဟိုတယ်တည်ဆောက်ခြင်း၊ တပ်လယ်ယာမြေအဖြစ် သိမ်းပစ်လိုက်ခြင်းတို့ကြောင့် လယ်ယာမြေ အသိမ်းခံ တောင်သူလယ်သမားများဟာ လယ်ယာဆုံး အလုပ်လက်မဲ့ဘဝအဖြစ်သို့ရောက်လို့ များစွာ ဆင်းရဲဒုက္ခရောက် နေကြပါတယ်။ အဲဒါကိုတော့ လက်နက်မဲ့ လူမှုပဋိပက္ခဖြစ်စဉ် တစ်ခုအဖြစ် အသိအမှတ် ပြုရမှာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာလည်း ငြိမ်းချမ်းရေးနဲ့အလှမ်းကွာဝေးစေတဲ့ အရေးကြီး ဖြစ်စဉ်တစ်ခုဖြစ်ပါကြောင်း။ လေးစားအပ်သောဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ အနှစ်ချုပ်ရမယ်ဆိုရင် ပဋိပက္ခဟူသည် လက်နက်ကိုင်ပဋိပက္ခနဲ့ လက်နက်မပါတဲ့ လူမှု ပဋိပက္ခနှစ်မျိုးမှာ ဘယ်ပဋိပက္ခမှ ပြည်သူ့ကိုအကျိုးမပြုသလို ဆင်းရဲခြင်း၊ နစ်နာခြင်း၊ ဆုံးရှုံးခြင်း၊ ဒေါသစိတ်တွေ၊ အာဃာတစိတ်တွေကို ဆိုးရွားစေပြီး ဆိုးကျိုးတွေသာပေးစေပါတယ်။  လက်နက်ကိုင် ပဋိပက္ခတစ်ခုကို အောင်မြင်စွာ ဖြေရှင်းနိုင်ပြီးဖြစ်သော်လည်း ကျန်လူမှုပဋိပက္ခတစ်ခုကိုမဖြေရှင်း နိုင်သေးလျှင် ပြည်သူတွေဘဝဟာ ဆင်းရဲတွင်းမှာ နစ်မွန်းနေကြမှာ ဖြစ်ပါတယ်။ သို့ပါ၍ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများ အပါအဝင် လက်ရှိဖြစ်ပေါ်နေတဲ့ လူမှုလက်နက်ကိုင် ပဋိပက္ခများအပေါ် နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးအတွက် နယ်စပ်ဒေသဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ မည်သို့စီစဉ် ဆောင်ရွက် ပေးလျက်ရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး
အဖြေ

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲများ အဆုံးသတ်ရေး၊ အနာဂတ်နယ်စပ်ဒေသတည်ငြိမ်ဖွံ့ဖြိုးရေးတို့၊ တိုးတက်ရေးတို့အတွက်ကတော့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတစ်ဦး တစ်ယောက်တည်းနဲ့တော့ စီမံဆောင်ရွက်လို့ ရရှိနိုင်ခြင်းမရှိကြောင်း ရှေးဦးစွာ၊ ရိုးသားစွာတင်ပြလိုပါတယ်။

          အဲဒီတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၅ မှာဖော်ပြ ထားတဲ့ဖော်ပြချက်ကို ဖော်ပြခွင့်ပြုပါ။ ဒီမှာဖော်ပြထားတာတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၏လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေး သည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်လို့ ဖော်ပြထားပါတယ်။ အလားတူပဲ ပုဒ်မ ၃၈၇ မှာ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍ တိုင်းရင်းသားလူမျိုးအချင်းချင်း စည်းလုံး ညီညွတ်ရေးနှင့် ပြည်သူတစ်ရပ်လုံး အေးချမ်းသာယာရေးတို့အတွက် ကြိုးပမ်းအားထုတ်ရန် တာဝန်ရှိ သည်လို့ ဖော်ပြပါရှိပါတယ်။ အလားတူပဲ ပုဒ်မ ၃၈၈ မှာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ပေါ်ထွန်းစေရေးသည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်လို့ ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါတယ်။ နယ်စပ် ဒေသများရဲ့တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးတို့ဟာ ယင်းဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု အပေါ်မှာများစွာ ဆက်စပ်တည်မီလျက်ရှိသကဲ့သို့ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ဖို့အတွက် လည်း အေးချမ်းတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးဟာ မရှိမဖြစ်အဓိကအရေးကြီးတဲ့ လိုအပ်ချက် များပဲဖြစ်ပါတယ်။ ဒီအတွက်ကြောင့် တိုင်းရင်းသားအဖွဲ့အစည်းများဟာ လူမျိုးစွဲ၊ ဒေသစွဲ စတဲ့ ကျဉ်းမြောင်းတဲ့ အယူအဆတွေကိုစွန့်လွှတ်ပြီး တစ်ဦးနှင့်တစ်ဦး နားလည်မှုရယူကာ ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ပြီး ဒေသအကျိုး၊ နိုင်ငံအကျိုးကို ဆောင်ရွက်သွားကြမှသာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းမှန်ပေါ်မှာ ရောက်ရှိလာကြမှာဖြစ်ပါတယ်။ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းလာသည်နှင့် အမျှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်နဲ့တိုးမြှင့်ဖော်ဆောင်နိုင်မှာ လည်းဖြစ်ပါတယ်။

          ၁၉၈၉ ခုနှစ်ကနေစပြီးတော့ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်ခဲ့တဲ့ နေရာမှာ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ၂၂ နှစ်တာကာလအတွင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၁၄၄.၂ ဘီလီယံ သုံးစွဲခဲ့ပါတယ်။ အလားတူပဲ ဝန်ကြီးဌာနအသီးသီးရဲ့ ရန်ပုံငွေ ၂၈၉.၉ ဘီလီယံ သုံးစွဲခဲ့တဲ့အတွက် စုစုပေါင်း ၄၃၄.၁ ဘီလီယံ သုံးစွဲခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီအနက်မှာ ကချင်ပြည်နယ်မှာ ၅.၅ ဘီလီယံ၊ ကရင်ပြည်နယ်မှာ ၉.၄ ဘီလီယမ်၊ ရှမ်းပြည်နယ်မှာ ၅၁.၄၇ ဘီလီယမ်နဲ့ စုစုပေါင်းငွေကျပ် ၆၆.၃၇ ဘီလီယံ သုံးစွဲပြီးတော့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလည်း ဆောင်ရွက်ပေးခဲ့တာတွေ့ရှိရမှာ ဖြစ်ပါတယ်။ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် တိုးတက်ဆောင်ရွက်နိုင်ဖို့အတွက် ၂၀၁၁ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှာ နယ်စပ်ဒေသနဲ့ တိုင်းရင်းသား လူမျိုးများရဲ့ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကိုလည်း နိုင်ငံတော်သမ္မတမှဥက္ကဋ္ဌအဖြစ် ပါဝင်ဖွဲ့စည်းပြီး လုပ်ငန်းများဆောင်ရွက်လျက် ရှိပါတယ်။ ပြည်သူများမှရွေးချယ်တင်မြှောက်တဲ့ ပြည်သူ့ကိုယ်စားလှယ် များဟာလည်း ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အသီးသီးမှာ နိုင်ငံ့အရေးအရာကိစ္စများကို ဒီမိုကရေစီနည်းအရ နည်းလမ်းတကျ တိုင်ပင်ဆွေးနွေးဆောင်ရွက်လျက်ရှိတာလည်း ဒါ လွှတ်တော် ကိုယ်စားလှယ်များ အသိပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရအနေနဲ့တော့ တိုင်းရင်းသားညီအစ်ကိုများ အချင်းချင်း လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းလိုတဲ့ သဘောထားအလျဉ်းမရှိဘဲ မှန်ကန်တဲ့ စေတနာ၊ မြော်မြင်တဲ့အသိ၊ နားလည်စာနာတဲ့စိတ်ထားများနဲ့ ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းဆောင်ရွက်လိုတဲ့ သဘောထားများကိုသာ ခံယူလက်ခံထားရှိပါတယ်။ အခြေခံဥပဒေနဲ့ အညီ အသွင်ကူးပြောင်းနိုင်ခြင်း မပြုနိုင်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးကိုလည်း ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ၁၈-၈-၂၀၁၁ ရက်နေ့က ပြည်ထောင်စုအစိုးရ အဖွဲ့ရဲ့ ကြေညာချက်အမှတ်(၁/၂၀၁၁)နဲ့ အောက်ပါအတိုင်း ထုတ်ပြန် ကမ်းလှမ်းခဲ့ပြီး ဖြစ်ပါတယ်-

          (က)    နိုင်ငံတော်အစိုးရသည် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းပြီး အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ကာ နေရာဒေသအနှံ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော်နှင့်  ပြည်သူတစ်ရပ်လုံး ပူးပေါင်း ဆောင်ရွက်သွားရန် အထူးပင်လိုအပ်သည်ဟု ယုံကြည်ပါကြောင်း၊

          (ခ)     လက်နက်ကိုင်ပဋိပက္ခများ ဖြေရှင်းပြီး ငြိမ်းချမ်းရေးကိုဖော်ဆောင်လိုသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် မိမိတို့တစ်ဖွဲ့ချင်းအလိုက် ပထမအဆင့်အနေဖြင့် ပဏာမဆောင်ရွက်ရန်လိုအပ်သော လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများတွင် ငြိမ်းချမ်းရေးဆွေးနွေးမည့် အဖွဲ့များဖွဲ့စည်းနေပြီ ဖြစ်ပါကြောင်း၊

          (ဂ)     ပဏာမဆောင်ရွက်ဖွယ်ရာများ ဆောင်ရွက်ပြီးပါက နိုင်ငံတော်အစိုးရဘက်မှ ဆွေးနွေး မည့် အဖွဲ့များဖွဲ့စည်းပြီး သက်ဆိုင်ရာ ငြိမ်းချမ်းရေးဖော်ဆောင်မည့်အဖွဲ့အစည်းများနှင့် ဆွေးနွေးရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းစသဖြင့် ဖော်ပြပါရှိခဲ့ပြီး

ဖြစ်ပါတယ်။

          ဒီကမ်းလှမ်းချက်နှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင်‌့ ယခုအခါမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်တဲ့ ကချင်၊ ဝ၊ ရှမ်း၊ ကရင်၊ မွန် အဖွဲ့များနှင့် ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ပထမအဆင့်အနေနဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့များနဲ့ ဆွေးနွေးပွဲများဆောင်ရွက်ပြီး နှစ်ဖက်အပစ်အခတ်ရပ်စဲရေး၊ နှစ်ဖက်သော လက်နက်ကိုင်အဖွဲ့အစည်းများသည် တစ်ဖက်ထိန်းသိမ်းထားသော နယ်မြေအတွင်းသို့ သွားလာလိုပါက ကြိုတင်ခွင့်ပြုချက်များရယူရေး၊ စစ်အင်အားတိုးချဲ့ခြင်းနှင့် စစ်ရေးလှုပ်ရှားမှုများ မပြုလုပ်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ရေးစတဲ့ ပဏာမငြိမ်းချမ်းရေး သဘောတူညီချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နေကြပြီလည်း ဖြစ်ပါတယ်။ ပဏာမ သဘောတူညီချက်ရရှိပြီးတဲ့ တိုင်းရင်းသားအဖွဲ့များနှင့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးရာ မှာလည်း ပြည်ထောင်စုအတွင်းမှ ခွဲထွက်ခြင်းမပြုရေး၊ နှစ်ဖက်ဆက်ဆံရေးရုံးများဖွင်‌့လှစ်ရေး၊ အထူး ဒေသများတွင်တာဝန်ထမ်းဆောင်ကြမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အထောက်အကူပြု နိုင်ငံ့ ဝန်ထမ်းများ ပြန်လည်စေလွှတ်ပေးရေးနဲ့ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်ရေးစသဖြင့် ညှိနှိုင်းဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ ယခုအခါမှာ “ဝ’’ အထူးဒေသ(၂)၊ မိုင်းလားအထူးဒေသ (၄) အဖွဲ့များနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးပဏာမ သဘောတူညီချက်များကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ ထာဝရငြိမ်းချမ်းရေးဆိုသည်မှာ တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက် နေထိုင်ရေးပင်ဖြစ်သည်ကို ပကတိအမှန်တရားအရခံယူရမှာပဲ ဖြစ်ပါတယ်။ တရားဥပဒေဘောင် အတွင်းသို့ ဝင်ရောက်မယ်ဆိုပါကလည်း လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန်လိုအပ်သည်မှာ ရှောင်လွှဲ၍မရသော ဖြစ်စဉ်တစ်ရပ်ပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားညီအစ်ကိုများအကြား လက်နက်ကိုင် ဖြေရှင်းမှုဖြင့် ငြိမ်းချမ်းရေးရရှိနိုင်မည်မဟုတ်သည်ကို လွတ်လပ်ရေးရရှိခဲ့ပြီးနောက် နှစ်ပေါင်း ၆၀ ကျော်ကာလက သက်သေပြခဲ့ပြီးဖြစ်တဲ့အပြင် မြန်မာနိုင်ငံတော်အနေနဲ့ အစားထိုးလို့မရရှိနိုင်ခဲ့တဲ့ ဆုံးရှုံးမှုများကို အတိတ်သင်ခန်းစာများအဖြစ်ခံစားခဲ့ရပြီး ကိုယ်တိုင်ကိုယ်ကျ တွေ့ရှိခဲ့ရပြီးဖြစ်ပါတယ်။ ဒီအမွေဆိုးတွေကို မိမိတို့ရဲ့အနာဂတ်မျိုးဆက်သစ်များကို ဆက်လက်လက်ဆင့်ကမ်းပေးခြင်း မဖြစ် သင့်သည်ကို ကြီးမားတဲ့သတိတရားနှင့်ရှုမြင်ဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်မယ်ဆိုပါက တိုင်းရင်းသားညီအစ်ကိုများရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို နိုင်ငံတော်အစိုးရအနေနဲ့ အပြည့်အဝတာဝန်ယူဆောင်ရွက်ပေးရမှာလည်း မလွဲဧကန်ပဲ ဖြစ်ပါတယ်။

          ဒီကနေ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက မည်သည့်အတွက် လက်နက်ကို ဆက်လက်စွဲကိုင်နေရတယ်ဆိုတဲ့ ပြဿနာရဲ့အဓိကအကြောင်းအရင်းဟာ ငြိမ်းချမ်းရေးအပေါ်မှာ သံသယရှိခြင်းနဲ့ တစ်ဦးပေါ်တစ်ဦး မယုံကြည်ခြင်းတို့ကြောင့်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ သုံးသပ်နိုင်မှာဖြစ်ပါတယ်။ ဒီအချက်တွေကို နှစ်ဦးနှစ်ဖက်ယုံကြည်မှု တည်ဆောက်ခြင်းဖြင့်သာ ဖြေရှင်းနိုင်မှာလည်း ဖြစ်ပါတယ်။ ယုံကြည်မှုကိုတည်ဆောက်ရာမှာ ‌ယုံကြည်မှုကိုဖောက်ဖျက်တဲ့ လုပ်ရပ်များကို နှစ်ဦးနှစ်ဖက်စလုံးက မလုပ်ဆောင်မိဖို့လည်း အထူးဂရုစိုက်ထိန်းသိမ်းဖို့ လိုအပ်ပါ တယ်။ ပြည်ထောင်စုအစိုးရအနေနဲ့ တိုင်းရင်းသားညီအစ်ကိုများနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ တိုင်းရင်းသားညီအစ်ကိုများအပေါ်မှာ ညီညွတ်မျှတစွာထိတွေ့ဆက်ဆံပြီး ချစ်ခင်ညှာတာစာနာတဲ့ စိတ် သဘောထားများနဲ့ ဒေသအတွက် လိုအပ်တဲ့ထောက်ပံ့မှုများ၊ ဖွံ့ဖြိုးရေးအစီအစဉ်များကို လုပ်ဆောင် ပေးမှသာ ဖြစ်မြောက်အောင်မြင်မယ်လို့လည်း လေးနက်စွာ ယုံကြည်ထားတာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရာမှာလည်း ဝန်ကြီးဌာနတစ်ခုတည်းကမဟုတ်ဘဲ ဝန်ကြီးဌာနအားလုံးပါဝင်ဖွဲ့စည်းထားတဲ့ နယ်စပ်နှင့် တိုင်းရင်းသား လူမျိုးများရဲ့ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟို        ကော်မတီဖြင့်သာ ဆောင်ရွက်မှအောင်မြင်မယ်ဆိုတာလည်း ကျွန်တော်တို့ တွေ့ရှိရတာဖြစ်ပါတယ်။ ဒီ့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့တစ်ခုတည်းမှ ဆောင်ရွက်ခြင်းဖြင့် လုံလောက်တဲ့အင်အားကို   ရရှိမှာ မဟုတ်ဘဲ ကုလသမဂ္ဂအဖွဲ့အစည်းအသီးသီး၊ နိုင်ငံတကာအစိုးရမဟုတ်တဲ့ အဖွဲ့အစည်း အသီးသီး၊ မိမိ နိုင်ငံအပေါ် စာနာထောက်ထားပြီးတော့ အကူအညီပေးလိုတဲ့ မိတ်ဆွေနိုင်ငံ အသီးသီး တို့ရဲ့ ကူညီ ထောက်ပံ့မှုနှင့် စွမ်းအားကိုပါရယူပြီးတော့ ကျွန်တော်တို့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးကို ထိရောက် အောင်မြင်စွာ ဆောင်ရွက်ပေးနေတာလည်း ဒီကနေ့ ပကတိဖြစ်ရပ်များပဲ ဖြစ်ပါတယ်။ ပြည်သူများ ကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အစိုးရကိုအားကိုး အားထား ပြုပြီးတော့ တင်ပြတောင်းဆိုသကဲ့သို့ တစ်ဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များကိုလည်း ပြည်သူ အများစုရဲ့ ငြိမ်ချမ်းရေးလိုလားချက်ဆန္ဒအမှန်များကို ဖော်ထုတ်ပြသပြီး ငြိမ်းချမ်းရေး စားပွဲဝိုင်းဆီသို့ ရောက်ရှိလာအောင် ဝိုင်းဝန်းဆွဲဆောင်၍ တွန်းအားပေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း တင်ပြလိုပါတယ်။ ငြိမ်းချမ်းရေးရရှိမှသာ နယ်မြေဒေသ တည်ငြိမ်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။ ဒေသအတွင်း တည်ငြိမ် ငြိမ်းချမ်းပြီး တရားဥပဒေစိုးမိုးမှုမရှိသရွေ့ အစိုးရကဖော်ဆောင်ပေးလျက်ရှိတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဟာလည်း အကျိုးမရှိဆုံးရှုံးမှုများကိုသာ ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

          သို့ဖြစ်၍ ကရင်ပြည်နယ်၊ လှိုင်းဘွဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသိန်းအောင် ရဲ့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲများအပေါ် အနာဂတ် နယ်စပ်ဒေသ တည်ငြိမ်ဖွံ့ဖြိုးရေးအတွက် မည်သို့စီမံဆောင်ရွက်မယ်ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး အထက်မှာ ကျွန်တော်တို့ ဆွေးနွေးပြီးဖြစ်တဲ့ နှစ်ဦးနှစ်ဖက်ယုံကြည်မှုတည်ဆောက်ခြင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးခြင်း၊ လက်နက်ကိုင်တိုက်ခိုက်တဲ့လမ်းစဉ်ကို စွန့်လွှတ်ခြင်း၊ တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခြင်းတို့ကို အဆင့်ဆင့်ဆောင်ရွက်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ပိုင်း၊ နိုင်ငံ တကာပိုင်းက နေဝိုင်းဝန်းဆောင်ရွက်ပေးသည်သာမက သက်ဆိုင်ရာဒေသများကလည်း မိမိတို့ ကိုယ်တိုင်ကိုယ်ထူကိုယ်ထစိတ်ဓာတ်ဖြင့် မိမိနိုင်ရာအပိုင်းမှ မျှတစွာပါဝင်ထမ်းရွက် လုပ်ဆောင် သွားကြဖို့ လိုအပ်တာဖြစ်ပါတယ်။ ဒီနယ်မြေဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအနေနဲ့ အဓိကကျွန်တော် တို့ လမ်းပန်းဆက်သွယ်ရေးကို ကောင်းအောင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီကနေတစ်ဆင့် တယ်လီဖုန်းဆက်သွယ်ရေး၊ သတင်းပြန်ကြားရေးတို့ကို တိုးတက်ကောင်းမွန်စေပြီး ဒေသရဲ့ စီးပွား ကူးသန်းမှုအ‌ြခေအနေများကို တိုးတက်စေခြင်းဖြင့် တစ်ပြိုင်တည်းမှာပဲ ပညာရေး၊ ကျန်းမာရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးစတဲ့ အခြေခံအဆောက်အဦများ တည်ဆောက်ပြီးတော့ ကုန်ထုတ် လုပ်ငန်းများ၊ အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများ၊ သဘာဝသယံဇာတကို စနစ်တကျ ထုတ်ယူသုံးစွဲတဲ့ လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုလုပ်ငန်းများကို ဆောင်ရွက်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုဆိုတဲ့ Sustainable Development ဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက် သွားရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၈) နိုင်ငံသားနဲ့နိုင်ငံသားများရဲ့ မူလ အခွင့်အရေးနဲ့တာဝန်များ၊ ပုဒ်မ ၃၈၅၊ ပုဒ်မ ၃၈၇၊ ပုဒ်မ ၃၈၈ တို့မှာပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်များ ဖြစ်တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေး၊ ပြည်ထောင်စုစိတ်ဓာတ်ကိုအ‌ြခေခံ၍ တိုင်းရင်းသားလူမျိုးအချင်းချင်းစည်းလုံးညီညွတ်ရေး နှင့် ပြည်သူတစ်ရပ်လုံး အေးချမ်းသာယာရေးအတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်ရေး၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ပေါ်ထွန်းရေးတို့အတွက် ကျွန်တော်တို့ နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်ဆိုတာကို အလေးအနက်ခံယူရန်လိုအပ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။