(ဂ)-နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းတွင်ကွန်ကရစ်ရေကျော်လမ်းများပြုလုပ်ပေးရန်နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၉-၉-၂၀၁၁)

နတ်မောက်မြို့နယ်ဟာ နဂိုကလမ်းပိတ်နေတဲ့ မြို့တစ်မြို့ဖြစ်နေခဲ့ရာက ယခုအခါမှာ နတ်မောက်မှ မကွေးသို့လည်းကောင်း၊ နတ်မောက်မှ မိတ္ထီလာသို့လည်းကောင်း၊ နတ်မောက်မှ ကျောက်ပန်းတောင်းသို့လည်းကောင်း၊ နတ်မောက်မှ ပျော်ဘွယ်သို့လည်းကောင်း၊ နတ်မောက်မှ မြို့သစ်သို့လည်းကောင်း လမ်းကြောင်းများ ကတ္တရာလမ်းအဆင့်တိုးမြှင့်ခဲ့ပြီးတော့ လမ်းဆုံမြို့တစ်မြို့ကဲ့သို့ဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့်ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်မှ မော်တော်ယာဉ် များလည်း သွားလာလျက်ရှိတာကို တွေ့ရှိနေရပါတယ်။ မကွေး-ကံမ-နတ်မောက်-ရွာမွန်-ပျော်ဘွယ် လမ်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့တဲ့အတွက်လည်း ဒေသခံပြည်သူများအနေနဲ့ အလွန်ဝမ်းသာပီတိ ဖြစ်ရပါတယ်ခင်ဗျား။ နိုင်ငံတော်က နတ်မောက်-ပျော်ဘွယ်လမ်းပေါ်မှာရှိတဲ့ ကျားဖူးချောင်းတံတား တည်ဆောက်နေတဲ့အတွက်လည်း ဒေသခံပြည်သူများ ကျေနပ်အားရဝမ်းသာ ပီတိဖြစ်နေကြောင်း တင်ပြအပ်ပါတယ်။ ဒါပေမယ့် နတ်မောက်-မကွေး ဆက်သွယ်သောလမ်းပိုင်းမှ သက္ကယ်ချင်းချောင်း ရေကျော်နှင့် တံခွန်တိုင်ချောင်း (ခေါ်) ရေယိုချောင်းမှာလည်းကောင်း၊ နတ်မောက်-ပျော်ဘွယ် ဆက်သွယ်သောလမ်းပိုင်းမှ လေးအိမ်ချောင်း၊ ဝါးကုတ်ချောင်းနဲ့ ကျွဲမကျချောင်းတို့မှာလည်းကောင်း ကွန်ကရစ်ရေကျော်များတည်ဆောက်ရန် ကျန်ရှိနေပါသေးတယ်ခင်ဗျား။ အထူးသဖြင့် တင်ပြ ရမယ်ဆိုရင် နတ်မောက်-မကွေးလမ်းပိုင်းမှ တံခွန်တိုင်ချောင်း (ခေါ်) ရေယိုချောင်း၊ နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှ ဝါးကုတ်ချောင်းနှင့် ကျွဲမကျချောင်းများမှာသွားလာသော မော်တော်ယာဉ် များအား အတော်ဒုက္ခပေးတဲ့ချောင်းတွေဖြစ်ပါတယ်။ နွေအခါမှာပဲ သဲကျွံ၊ သဲနစ်တဲ့ချောင်းများ ဖြစ်ကြတဲ့အတွက် ၎င်းချောင်းများအတွက် အဆင့်တိုးမြင့်ဆောက်လုပ်ပေးရန်အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် အတွင်းရှိ ပျော်ဘွယ်-ရွာမွန်-နတ်မောက်-မကွေး-ကံပြားလမ်းနှင့် နတ်မောက်-မကွေးလမ်းပိုင်းမှာ အကျယ်ပေ ၁၀၀ ရှိတဲ့ သက်ကယ်ချင်းချောင်း၊ အကျယ်ပေ ၇၀၀ ရှိတဲ့ တံခွန်တိုင်ချောင်း(ခေါ်) ရေယိုချောင်း၊ နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ အကျယ်ပေ ၆၀၀ ရှိတဲ့ ဝါးခုတ်ချောင်း၊ အကျယ်ပေ ၁၀၀၀ ရှိသော ကျွဲမချောင်းတို့ရှိပါတယ်။ အဆိုပါချောင်းတွေဟာ သဲချောင်းတွေဖြစ်ပြီး မိုးတွင်းအခါမှာ ချောင်းရေကျချိန်မှာ ယာဉ်များဟာ စောင့်ဆိုင်းပြီးပဲသွားနေရတာဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီး ဌာနအနေနဲ့ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ ဆကတ်သွယ်ထားသော ပျော်ဘွယ်-ရွာမွန်-နတ်မောက်-မကွေး-ကံပြားလမ်းကို ၉၁ မိုင် ဖာလုံအရှည်ကနေပြီးတော့ ၃၄ ပေအကျယ် အထိ လမ်းတိုးချဲ့ခဲ့ပါတယ်။ ဒါ့အပြင် ၁၂ ပေအကျယ် ကတ္တရာလမ်းတိုးမြှင့်ခြင်း ဆောင်ရွက် ခဲ့တာ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ အားလုံးဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်။ လမ်းအဆင့်မြှင့် တင်ခြင်းနှင့် တစ်ပြိုင်နက်တည်း ရေပြွန်နှစ်ခု၊ကွန်ကရစ်ရေကျော် ခြောက်ခုကိုလည်း ဆောက်လုပ်ပေး ခဲ့ပါတယ်။ အဆိုပါလမ်းရဲ့ မိုင်တိုင် ၄၇/ ရှိ ကျားထူးချောင်းဟာလည်း အရှည်ပေ ၄၈၀ ရှိသော သံကူကွန်ကရစ်တံတားဆောက်လုပ်နေတာ ယနေ့ဆိုရင် ၅၄ ရာခိုင်နှုန်းဆောင်ရွက် ပြီးဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ အကျယ်ပေ ၅၅၃ ရှိတဲ့ ဝါးခုတ်ချောင်းရေကျော်ကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ အထူးပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေ မှာထည့်သွင်းပြီး တည်ဆောက်နေတာ ယခုအချိန်မှာ ၆၀ ရာခိုင်နှုန်းပြီးပြီ ဖြစ်ပါတယ်။ ကျန်ရှိနေသော သက်ကယ်ကျင်းချောင်း၊ တံခွန်တိုင်ချောင်းနှင့်ကျွဲမချောင်းတို့ရဲ့ ကွန်ကရစ်ရေကျော်များ တည်ဆောက် ရန်အတွက်ကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ရန်ပုံငွေတင်ပြတောင်းခံပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းရှင်းလင်းတင်ပြအပ်ပါတယ်။