(ဆ)-ကျိုင်းတုံ-မိုင်းခတ်လမ်းနှင့် မိုင်းယန်းလမ်းများ ပျက်စီးမှုနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၂) ရက်မြောက်နေ့ (၅-၁၀-၂၀၁၁)

ကျိုင်းတုံမြို့နဲ့ မိုင်းခတ်မြို့ကို ဆက်သွယ်ထားသော ကားလမ်းသည် ၅၁ မိုင်ရှိပြီး မိုင်းခတ်မြို့မှ မိုင်းယန်းမြို့သို့ ဆက်သွယ်ထားသော ကားလမ်းဟာ ၂၂ မိုင် ကွာဝေးပါတယ်။ အားလုံး ၇၃ မိုင်ရှိပါ တယ်။ ၁၉၈၈ ခုနှစ်ကစပြီး မဟာဗျူဟာလမ်းသစ်ဖောက်လုပ်ပြီး ကျောက်ခင်းလာရာ ကျောက်ခင်း၍ မပြီးသေးသောလမ်း ၅ မိုင် ၃ ဖာလုံလောက်ကျန်ရှိသေးကြောင်းသိရှိရပါတယ်။ ယခုနှစ် နှစ်စပိုင်းက စပြီး ရှေ့ပြေးကားကြီးများ ၁၀ ဘီးကားကြီးများ အုပ်စုလိုက် နေ့စဉ်အစီး ၃၀ ခန့် သွားလာမှုကြောင့် မိုးတွင်းကာလတွင် ဒီလမ်းကြောင်းဟာ သွားလို့မရနိုင်တဲ့အထိ ဆိုးလာပါတယ်။ အချို့ပျက်တဲ့ နေရာသည် ၃ ပေနှင့် ၄ ပေခန့် နက်သောချိုင့်ကြီးများဖြစ်ပြီး မိုးရွာကအိုင်ကြီးများ ဖြစ်နေပါတယ်။ မိုးတွင်းကျိုင်းတုံသို့ သွားပါက ၅၁ မိုင်ခရီးကို တစ်ညအိပ်၊ နှစ်ညအိပ်နဲ့ ကျိုင်းတုံကို သွားရပါတယ်။

မိုင်းခတ်မြို့နယ်နှင့် မိုင်းယန်းမြို့နယ်နှစ်မြို့နယ်တွင် လူဦးရေ ၃ သိန်းကျော်ခန့်ရှိပါတယ်။ ပြီးတော့ ဝန်ထမ်းပေါင်းစုံ၊ တိုင်းရင်းသားရေးနဲ့ စစ်ဗျူဟာ အ‌ြခေချတစ်ခုရှိပြီး ခရိုင်မြို့ဖြစ်တဲ့ ကျိုင်းတုံမြို့ကို နေ့စဉ် သွားလာနေကြကြောင်း သိရှိရပါတယ်။ ဒေသခံပြည်သူများသည် ဆင်းရဲကြပါတယ်။ လမ်းအခြေအနေကြောင့် ဒေသတွင်းကုန်ဈေးနှုန်းကြီးမြင့် မှု၊ အရေးကြီးလူနာများရှိပါက ကျိုင်းတုံဆေးရုံသို့ပေးပို့တဲ့အချိန်တွင် အခက်အခဲများစွာတွေ့ရှိရပါ တယ်။ လမ်းပန်းဆက်သွယ်မှုခက်ခဲခြင်းကြောင့်  ဆင်းရဲနွမ်းပါးမှုလျော့ပါးရေးအတွက် အတော်ကလေး   အခက်အခဲရှိနေတာကိုလည်းတွေ့ရှိရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် အခုလို ပြည်သူ့ လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာတဲ့အချိန်တွင် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က လုပ်ဖော်ကိုင်ဖက်ဟောင်း အငြိမ်းစားဝန်ထမ်းများ၊ အငြိမ်းစားတပ်မတော်အရာရှိကြီးများနဲ့ တွေ့ဆုံ တိုင်း မေးလာတဲ့မေးခွန်းက မိုင်းခတ်၊ မိုင်းယန်းလမ်း ကောင်းပြီလားဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ကျွန်တော် မ‌ြဖေနိုင်ပါဘူးခင်ဗျား။ ကျွန်တော်ဆက်လက်ပြီး တင်ပြလိုတာက ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်းလမ်းဟာ အတက်အဆင်း ကြမ်းတမ်းမှုမရှိပါဘူး။ အနည်းငယ်သာရှိပါတယ်။ ဒါကြောင့် အတက်အဆင်းတွေကို ကတ္တရာ သို့မဟုတ် ကွန်ကရစ်ခင်းပေးနိုင်ပါက များစွာကောင်းလာ နိုင်ကြောင်းလည်း တင်ပြလိုပါတယ်။ ကျွန်တော်မေးမြန်းလိုတဲ့ မေးခွန်းကတော့ နံပါတ်(၁) ကျိုင်းတုံမြို့မှ မိုင်းခတ်မြို့နှင့် မိုင်းယန်းမြို့သို့ ဆက်သွယ်ထားသောလမ်း ၇၃ မိုင်ကို အဆင့်မြင့်လမ်း အဖြစ် ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါတယ်။ မေးခွန်းနံပါတ်(၂) နိုင်ငံတော်မှ စီစဉ်ပေးမည့် လမ်းအစီအစဉ်ကိုလည်း သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်‌မောင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မိုင်းခတ်မြို့နယ်သည် ကျိုင်းတုံမြို့ရဲ့မြောက်ဘက်     မိုင် ၅၀ အကွာတွင်တည်ရှိပြီး မိုင်း‌ယန်းမြို့နယ်နှင့် ၂၂ မိုင်ကွာဝေးပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ကျိုင်းတုံ-မိုင်းခတ်လမ်း ၅၁ မိုင်နှင့် မိုင်းခတ်-မိုင်းယန်းလမ်း ၂၂ မိုင်ကို မဟာဗျူဟာ ကျောက်ခင်း လမ်းအဖြစ် ဆောင်ရွက်နိုင်သဖြင့် သွားလာမှုအဆင်ပြေခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းမှစပြီး ကုန်ချိန် ၂၅ တန် တင်ဆောင်သော ကားကြီး ၃၀ မျှအဆက်မပြတ်သွား‌သောကြောင့် လမ်းများဟာ ၄ ပေခန့်  ချိုင့်ဝင်ပြီး ၆ နေရာလောက်ထိ ယိုယွင်းပျက်စီးပါတယ်။ ထိုပျက်စီးသော နေရာများကို မည်ကဲ့သို့ ဆောင်ရွက်ပေးမည်နဲ့ ရာသီမရွေးသွားလာနိုင်သောလမ်းအဖြစ် ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိ မေးခွန်း ရောက်ရှိလာပါတယ်။ ၎င်းမေးခွန်းနဲ့ပတ်သက်ပြီးတော့ ဖြေကြားရမှာဖြစ်ပါတယ်။

          ကျိုင်းတုံ-မိုင်းခတ်လမ်း ၅၁ မိုင်နဲ့ မိုင်းခတ်-မိုင်းယန်း လမ်း ၂၂ မိုင် စုစုပေါင်းအရှည် ၇၃ မိုင်ရှိတဲ့အတွက် ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်းလမ်းဟာ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းမှာ အဓိကကျသော ဆက်သွယ်ရေးလမ်းကြောင်းကြီး ဖြစ်ပါတယ်။ မိုင်းယန်းမှတစ်ဆင့် “ဝ”အထူးဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဟိုတောင်း-မိုင်းပေါက်-မိုင်းပန်-ဟိုပန်တို့ကို ဆက်သွယ်သွားလာနိုင်ပြီးတော့ ဆီလူး-နမ့်လမ်းမှနေပြီးတော့ တရုတ်ပြည်နယ်စပ် ဖြစ်တဲ့ နမ့်လမ်းတံတားကိုလည်း ဆက်သွယ်သွားလာနိုင်ပါတယ်။ ဆီလူး-နမ့်လမ်း-မိုင်းလားမှတစ်ဆင့် ကျိုင်းတုံကို ဒေသပတ်လမ်းအဖြစ် အသုံးပြုသွားလာနိုင်တာကို တွေ့ရှိရပါတယ်။ ဒေသတွင်း အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့အတွက် နိုင်ငံတော်ကနေ မဟာဗျူဟာလမ်းများ ဖောက်လုပ်ရေးကော်မတီကနေပြီးတော့ ၂၀၀၀ ပြည်‌့နှစ်မှစပြီးတော့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလမ်းကို ၂၀၀၀ ပြည့်နှစ်မှာစလုပ်တဲ့အခါမှာ မတ်လမှာ “ဝ”အထူးဒေသကနေပြီး တာဝန်ယူပြီး ဖောက်လုပ်ခဲ့တဲ့ လမ်းဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်၊ ဇူလိုင်လကျမှ ဆောက်လုပ်ရေး ဝန်ကြီးဌာနကို လွှဲပြောင်းပေးခဲ့‌သောလမ်းဖြစ်ပါတယ်။ ကျိုင်းတုံနဲ့ မိုင်းခတ်-မိုင်းယန်းလမ်းဟာ တောတောင်ထူထပ်ပြီး ပေ ၈၀၀၀ ကျော်မြင့်တဲ့ လွယ်မီးတောင်ကြောနဲ့ နမ့်လွေကမ်းပါးတစ်လျှောက် ဖောက်လုပ်ထားခြင်း ကြောင့် တောင်ကျရေများပြင်းထန်စွာကျတဲ့အတွက် တောင်ကျချောင်းများကို ဖြတ်သန်းဖောက်လုပ် ထားတဲ့နေရာမှာ တောင်ပြိုခြင်း၊ တံတားများရေတိုက်စားခြင်း၊ လမ်းသားများ ပြတ်တောက်ခြင်းများ နှစ်စဉ်ဖြစ်ပေါ်တဲ့လမ်းဖြစ်ပါတယ်။ နိုင်ငံတော်မဟာဗျူဟာလမ်း ဖောက်လုပ်ရေး အစီအစဉ်အရလည်း ဆက်သွယ်သွားလာမှု မပြတ်တောက်စေရေးအတွက် လမ်းတာပေါင်များကို  ၃၄ ပေအကျယ်ရရှိရန် လမ်းချဲ့ခဲ့ပါတယ်။  ၁၆ ပေအကျယ် ကျောက်လမ်းခင်းခြင်းနဲ့ အတက်အဆင်းမတ်စောက်တဲ့ နေရာ တွေကို ကတ္တရာလမ်းခင်းခြင်းကိုဆောင်ရွက်ခဲ့ပါတယ်။ သစ်သားတံတားများကိုလည်း အမြဲတမ်းတံတား များအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၃၁-၅-၂၀၁၁ ရက်နေ့အထိ လမ်းအခြေအနေ တင်ပြရရင် ကတ္တရာလမ်းကတော့ ၁ မိုင်နဲ့ ၄ ဖာလုံ၊ ကျောက်စီအမာခံလမ်းကတော့ ၄၀ မိုင်နဲ့ ၂ ဖာလုံ၊ အမာခံလမ်းက ၂၅ မိုင်နဲ့ ၆ ဖာလုံ၊ မြေသားလမ်း ၅ မိုင် ၄ ဖာလုံ၊ စုစုပေါင်း ၇၃ မိုင်ရှိတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ တံတားများရဲ့အနေအထားကို တင်ပြရပါလျှင် တံတားအမျိုးအစားအလိုက် ဆောင်ရွက်ထားတာကတော့ ပိုက်ရေပြွန်ထုတ် ၅၅ စင်းရှိပါတယ်။ ကျောက်စီကမ်းကပ်ခုံနှင့် သံကူ ကွန်ကရစ်တံတား ၃၁ စင်း ရှိပါတယ်။ ဘေလီတံတား ၄ စင်းရှိပါတယ်။ အားလုံးတံတား အစင်း ၉၀ ရှိပါတယ်။ ၎င်းတံတားအစင်း ၉၀ ကို သစ်သားအဆင့်မရှိရအောင် အားလုံးကွန်ကရစ်နဲ့ ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ မတ်စောက်နေတဲ့ ကမ်းပါးများဖြစ်တဲ့အတွက်လည်း မြေထိန်းနံရံများ ၁၁ ခုလည်း တည်ဆောက်ထားပြီးတော့ဆက်သွယ်သွားလာမှုမှာ အခက်အခဲမရှိအောင် ဆောင်ရွက်ထားတာ ရှိပါတယ်။ မိုးရွာသွန်းမှုများပြားခြင်း၊ တန်ပိုကုန်တင်ကားကြီးများ သွားလာမှုများပြားခဲ့တဲ့အတွက် မြေသားပိုင်းများ နိမ့်ကျွံပျက်စီးမှုဖြစ်ပေါ်ပါတယ်။ အဲဒီလမ်းချိုင့်ကြီးကိုလည်း ကျောက်ဖြည့်ပြီး ဆောင်ရွက်ပြီးဖြစ်တဲ့အတွက် ချောမွေ့စွာသွားလာနိုင်အောင် ဆောင်ရွက်လျက်ရှိပါတယ်။ တန်ပို တင်ဆောင်ခြင်းကိုလည်း စမ်းသပ်စစ်ဆေးနိုင်ရန်အတွက် ကျိုင်းတုံနဲ့ မိုင်းခတ်လမ်းအပိုင်းမှာ ရှိတဲ့ ဝမ်တာပုံတံတားမှာ တန်ချိန်ကတ္တားနဲ့ပတ်သက်လို့ စစ်ဆေးနိုင်ရန်အတွက် ကတ္တားကိုလည်း တပ်ဆင်ပြီးဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်ခွဲဝေရရှိတဲ့ သာမန်ပြင်ဆင်ထိန်းသိမ်းခြင်း နဲ့ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီးတော့ ကျိုင်းတုံခရိုင်အင်ဂျင်နီယာအဖွဲ့နဲ့ မိုင်းခတ်မြို့နယ်အင်ဂျင် နီယာအဖွဲ့၊ မိုင်းယန်းမြို့နယ် အင်ဂျင်နီယာအဖွဲ့တို့ကနေပြီးတော့ ဆောင်ရွက်လျက် ရှိပါတယ်။ ၎င်းတို့ ဆောင်ရွက်နေတဲ့ အခြေအနေကတော့ လမ်းအနိမ့်အမြင့်ညှိပြီး ကတ္တရာရေပိတ်လွှာများကို  ပိတ်ဆို့ခြင်း ကို ရှင်းလင်းခြင်းနဲ့ ကတ္တရာပိတ်လောင်းခြင်းဟာ ၁ မိုင် ၄ ဖာလုံ၊ ကျောက်ရော မြေဖြင့် လမ်းပေါက်ဖာထေးခြင်းဟာ ၃ မိုင် ၃ ဖာလုံ၊  ၂ လက်မ၊ ၄ လက်မ ကျောက်များဖြင့် လမ်းပေါက် ဖာထေးခြင်းဟာ ၂ မိုင် ၅ ဖာလုံ၊ ကျောက်လမ်းခင်းခြင်း ဟာ ၃ ဖာလုံ၊    ၅ ပေအကျယ်  ၂၆ ပေ ရေပြွန်တည်ဆောက်ခြင်းက ၁ စင်း၊ ဘေလီတံတား သစ်သားယက်မများ၊ ကြမ်းခင်းများ၊ ဘီးလမ်းများ ခင်းခြင်းက ၁၇ စင်း၊ ယာယီ ရေမျောခရစ်ရိုက်ခြင်းက ၁ နေရာ၊ ယာယီလမ်း ဖြတ်တဲ့နေရာမှာ မျောချောင်းများခင်းပြီး တည်ဆောက်ခြင်းက ၄၆ စင်းတို့ ဆောင်ရွက်ပေးထားတာ ရှိပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျိုင်းတုံ-မိုင်းခတ်လမ်းနှင့် မိုင်းခတ်-မိုင်းယန်းလမ်း တို့ကို လမ်း-တံတားများအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံး ငွေရင်းရန်ပုံငွေနဲ့ သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေများ တင်ပြတောင်းခံပြီးဖြစ်ပါတယ်။ ဦးစားပေး အဆင့်အလိုက် လမ်းအဆင့်တိုးမြှင့်သွားအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။