(ဂ)-မိုင်းတုံ-မိုင်းပန်နှင့် မိုင်းတုံ-မိုင်းဆတ်လမ်းများ ကတ္တရာခင်းရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၂) ရက်မြောက်နေ့ (၅-၁၀-၂၀၁၁)

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်သည် နယ်စွန်နယ်ဖျားဒေသတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသောမြို့နယ်တစ်ခုဖြစ်ပါတယ်။ မိုင်းတုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုအနေနဲ့ အခြေခံ စားသောက်ကုန်များကို အလှမ်းကွာဝေးသောတောင်ကြီးမြို့မှ အဓိကမှာယူစားသုံးနေရပြီး မိုးရာသီ တွင်ခရီးသွားလာရန်ခက်ခဲသောကြောင့် မြို့နယ်ချင်းဆက်လမ်းများဖြစ်သော မိုင်းတုံ-မိုင်းပန်လမ်း ၆၆ မိုင်နှင့် မိုင်းတုံ-မိုင်းဆတ်လမ်း ၄၂ မိုင်၊ စုစုပေါင်း ၁၀၈ မိုင်ကို ရာသီမရွေးသွားလာနိုင်ရန်အတွက် ကတ္တရာလမ်းများခင်းပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုပါတယ်။ အစီအစဉ်မရှိပါက မည်သည်‌့အတွက်ကြောင့် ဖြစ်ကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်‌မောင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မိုင်းတုံ-မိုင်းပန်လမ်း ၆၆ မိုင်နဲ့ မိုင်းတုံ-မိုင်းဆတ်လမ်း ၄၂ မိုင် စုစုပေါင်း ၁၀၈ မိုင်ရှိတဲ့လမ်းပိုင်းမှာ မိုင်းပန်- မိုင်းတုံ- မိုင်းဆတ်လမ်း အပိုင်းဟာ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းကို တာဆန်းကနေပြီးတော့ သံလွင်ကို ကျော်တာနဲ့ ဆက်သွယ်ထားတဲ့လမ်းကြီး ဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်၊ မတ်လကစပြီးတော့ နိုင်ငံတော် မဟာဗျူဟာလမ်းများ ဖောက်လုပ်ရေးကော်မတီကို ဖွဲ့စည်းပြီးတော့ မဟာဗျူဟာလမ်းများ အဆင့်  မြှင့်တင်တိုးတက်ရေးဆောင်ရွက်တဲ့အခါမှာ ပျမ်းမျှ ၃၄ ပေအကျယ် လမ်းတာပေါင်နဲ့ အမာခံလမ်း၊ ကျောက်လမ်း အတက်အဆင်း မတ်စောက်တဲ့နေရာတွေမှာ ကတ္တရာလမ်းအဖြစ်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် သစ်သားတံတားများ၊ ၎င်းတံတားများကိုလည်း သံကူကွန်ကရစ်တံတား များအဖြစ် အဆင့်မြှင့်တင်ပြီးတော့ဆောင်ရွက်ခဲ့ပါတယ်။ ဒီ တာဆန်း- မိုင်းတုံ- မိုင်းဆတ်လမ်းအရှည် ၁၀၈ မိုင်လမ်းဟာ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းကနေပြီး တာဝန်ယူဆောင်ရွက်တဲ့လမ်းပဲဖြစ်ပါ တယ်။ ဒီ ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလကျမှ ဆောက်လုပ်‌ရေးဝန်ကြီးဌာနကိုလွှဲသောလမ်းဖြစ်ပါ တယ်။ ဒီလမ်းကိုလွှဲပြောင်းလက်ခံပြီးတာနဲ့တစ်ပြိုင်နက်တည်း အဖွဲ့သုံးဖွဲ့နဲ့တာဝန်ယူဆောင်ရွက်လျက် ရှိပါတယ်။ အဲဒါကတော့ မိုင်းပန်နဲ့ တာဆန်းလမ်း ၃၃ မိုင်ကို လင်းခေးခရိုင်၊ အင်ဂျင်နီယာအဖွဲ့က လည်းကောင်း၊ တာဆန်းနဲ့ မိုင်းတုံအပိုင်း ၃၃ မိုင်ကိုတော့ လေယာဉ်ကွင်းဆောက်လုပ်ရေးအထူးအဖွဲ့ (၄)ကလည်းကောင်း၊ မိုင်းတုံနဲ့ မိုင်းဆတ်လမ်း ၄၂ မိုင်ကို မိုင်းဆတ်ခရိုင် အင်ဂျင်နီယာအဖွဲ့က    လည်းကောင်း သုံးဖွဲ့ဖြင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်နေပါတယ်။ ၃၁-၅-၂၀၁၁ ရက်နေ့ လမ်းရဲ့ အခြေအနေကို တင်ပြရရင် ကတ္တရာလမ်းက ၁၁ မိုင်နဲ့ ၄ ဖာလုံ၊ ကျောက်လမ်း ကတော့ ၁ မိုင်၊ အမာခံ လမ်း ၅၃ မိုင်၊ မြေလမ်းက ၄၂ မိုင်နဲ့ ၄ ဖာလုံ စုစုပေါင်း ၁၀၈ မိုင် ရှိပါတယ်။ မိုင်းတုံ-မိုင်းပန်လမ်းနဲ့ မိုင်းတုံ-မိုင်းဆတ်လမ်းပေါ်မှာ တောင်ပေါ်လမ်းဖြစ်ပြီးတော့ မိုးရွာသွန်းမှု များပြားတဲ့အတွက် တောင်ပြိုခြင်း၊ ပိတ်ဆို့ခြင်း၊ လမ်းသားများပဲ့ကျပြတ်တောက်ခြင်း၊ တံတားများအား တောင်ကျ ရေများတိုက်စား၍ မကြာခဏပြတ်တောက်တာတို့ ဖြစ်ပေါ်လေ့ရှိတဲ့လမ်းဖြစ်ပါတယ်။ အထူးသဖြင့် တောင်ကြီးကနေပြီး မိုင်းတုံမြို့၊ မိုင်းဆတ်မြို့သို့ ကုန်စည်ပို့ဆောင်လေ့ရှိတဲ့ တန်ပို ယာဉ်ကြီးများနဲ့ သစ်လုံးတင်ယာဉ်ကြီးများကြောင့် လမ်းသားပျက်စီးမှုဟာလည်းပိုခဲ့တာဖြစ်ပါတယ်။ တံတားများ အခြေအနေတင်ပြရလို့ရှိရင် သစ်သားတံတားတည်ဆောက်ခြင်း ၁၃ စင်းနဲ့၊ ကျောက်စီခုံး ကျော်တံတား တည်ဆောက်ခြင်း ၃၄ စင်း၊ သံကူကွန်ကရစ်တံတားတည်ဆောက်ခြင်း ၈ စင်း၊ အားလုံး တံတား ၅၅ စင်းရှိပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ခွဲဝေရရှိတဲ့ သာမန်ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေနဲ့ ဆောင်ရွက်နေတဲ့လုပ်ငန်းတွေကတော့ သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းက ၁၀၈ မိုင်၊ လမ်း မျက်နှာပြင် ဗွက်တန်းများအားဖယ်ရှားခြင်းနဲ့ ကျောက်ဗြုံးများကြိတ်ခြင်းက ၁၂ မိုင်၊ လမ်းချိုင့် ပေါက်ကြီးများအား ကျောက်ဖြည့်ခြင်းက ၇ မိုင်၊ မိုင်တိုင် ၁၆၂ မိုင် ၁ ဖာလုံကနေ ၁၇၉ မိုင် ၁ ဖာလုံ အတွင်းမှာ သစ်သားတံတားများအား ဘီးလမ်း၊ ကြမ်းခင်းများလက်ရမ်းလဲခြင်းက ၄ စင်း၊ မိုင်တိုင် ၁၈၀ ကနေ ၁၈၀ နဲ့ ၂ ဖာလုံအတွင်းမှာရှိတဲ့ ၁၀ ပေ အရှည်၊ ၂၄ ပေအကျယ် သံကူကွန်ကရစ်တံတား အသစ်တည်ဆောက်ခြင်းက ၂ စင်း၊ မိုင်တိုင် ၁၈၀၊ ၅ ဖာလုံကနေပြီးတော့ ၁၈၁ မိုင် ၅ ဖာလုံအတွင်းမှာ ၁၅ ပေအရှည်၊ ၂၄ ပေအကျယ်ရှိတဲ့ သံကူကွန်ကရစ်တံတားအသစ်တည်ဆောက်ခြင်းက ၂ စင်း၊ ဒါ့အပြင် တောင်ကျရေတိုက်စားမှုကြောင့် ပြိုလဲပျက်စီးသွားသော မိုင်တိုင် ၁၇၉ မိုင် ၅ ဖာလုံ နဲ့ ၁၇၉ မိုင် ၆ ဖာလုံအကြားမှာရှိတဲ့ ပေ ၄၀ အရှည် ဘေလီတံတားကိုလည်း ပြန်လည် တည်ဆောက် ခဲ့ပြီးဖြစ်ပါတယ်။ ၁၆၃ မိုင် ၆ ဖာလုံနဲ့ ၁၆၃ မိုင် ၇ ဖာလုံကြား မှာလည်း ၅၅ ပေအရှည်၊ ၂၄ ပေ အကျယ်ရှိတဲ့ ကျောက်စီခုံးကျော်တံတားနေရာမှာလည်း ၅၅ ပေ အရှည် သစ်သားတံတား           အဖြစ် ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မိုင်းတုံ-မိုင်းပန်လမ်းနဲ့ မိုင်းတုံ-မိုင်းဆတ်လမ်းဟာ ကုန်စည်စီးဆင်းမှုများပြားတဲ့ လမ်းဖြစ်ပြီးတော့ တန်ပိုယာဉ်ကြီးများ             ကြောင့် လမ်းသားများပျက်စီးခဲ့သော်လည်း ဆက်သွယ်သွားလာမှု မပြတ်တောက်စေရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စဉ်ဆက်မပြတ်ထိန်းသိမ်းလျက်ရှိပါတယ်။ အဓိကဆက်သွယ်ရေး လမ်းကြီးဖြစ်တဲ့အတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေနဲ့ သာမန်ပြင်ဆင် ထိန်းသိမ်းရေးရန်ပုံငွေများ တင်ပြတောင်းခံပြီး ဦးစားပေးအဆင့်အလိုက် လမ်းအဆင့်မြှင့် တိုးတက်ခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြေကြားပါသည်။