ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်တွင် ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ် လေးမြို့နယ်ပါဝင်ပြီး စုစုပေါင်းလူဦးရေ ၁၂ သိန်းခန့် နေထိုင်လျက်ရှိပါတယ်။ လူဦးရေရဲ့ ၇၈.၃၇ ရာခိုင်နှုန်းမှာ ကျေးလက်နေပြည်သူများဖြစ်ပြီး လယ်ယာစိုက်ပျိုးရေး၊ ရေလုပ်ငန်းများကိုလုပ်ကိုင် လျက်ရှိပြီးအထူးသဖြင့် လယ်ယာစိုက်ပျိုးရေးအား ဒေသ၏အဓိကစီးပွားရေးအသက်မွေးဝမ်းကြောင်း လုပ်ငန်းအဖြစ်လုပ်ကိုင်လျက်ရှိရာ လယ်ဧက ၈ သိန်းကျော်တွင် နှစ်စဉ်မိုးစပါး၊ နွေစပါး စုစုပေါင်း ဧက ၁၂ သိန်းကျော် စိုက်ပျိုးလျက်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံး၏စိုက်ဧကနီးပါး ရှိကြောင်းတွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးသီးနှံအလိုက် အရည်အသွေးနှင့် အထွက်နှုန်းတိုးတက်ကောင်းမွန်စေရေးအတွက် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ် များကို ဒေသအခြေအနေနှင့်ကိုက်ညီသည့် အသိပညာ၊ အတတ်ပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ နားလည်တတ်မြောက်စေရန်အတွက် ဖျာပုံခရိုင်အတွင်း အချက်အခြာဗဟိုကျသော ဖျာပုံမြို့တွင် စိုက်ပျိုးရေးနှင့်ပတ်သက်သော သင်တန်းကျောင်း၊ ဖြစ်နိုင်လျှင်စိုက်ပျိုးရေး သိပ္ပံအား ဖွင့်လှစ်ပေးနိုင် မည်ဆိုလျှင် ဖျာပုံခရိုင်နှင့်ပတ်ဝန်းကျင်ဒေသများတွင် စိုက်ပျိုးရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသဖြင့် ဖွင့်လှစ်ပေးနိုင်မည့်အစီအစဉ်အားသိရှိလိုပါသဖြင့် မေးမြန်းပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် အဓိကတာဝန်တစ်ရပ်အဖြစ် လေ့ကျင့်ရေးနှင့်ပညာရေးတာဝန် Training and Education ကို အထူးအလေးထားဆောင်ရွက် လျက်ရှိကြောင်း ပထမဦးစွာတင်ပြအပ်ပါတယ်။ တောင်သူလယ်သမားများ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် သီးနှံအထွက်တိုးရန်လိုအပ်သည့် နည်းပညာများကို ပြည်နယ်နှင့်တိုင်းဒေသကြီး အလိုက်စံပြကွက်များ ဖော်ထုတ်စိုက်ပျိုးပြသစည်းရုံးခြင်း လုပ်ငန်းများကိုလည်းပဲ တစ်ချိန်တည်း၊ တစ်ပြိုင်တည်းမှာ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် တောင်သူလယ်သမားများရဲ့ သားသမီးများ အနေဖြင့်လည်း ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များကို မိမိတို့ဒေသအတွင်းမှာပင်လေ့လာသင်ယူ နိုင်ရန် ရည်ရွယ်ပြီးတော့မှ စိုက်ပျိုးရေးသိပ္ပံကျောင်း ခုနစ်ကျောင်းကို ဧရာဝတီတိုင်းရှိ ြမောင်းမြမြို့၊ ပဲခူးတိုင်းအတွင်းရှိ သာယာဝတီမြို့၊ မန္တလေးတိုင်းအတွင်းရှိ ပျဉ်းမနားမြို့နှင့်ပုသိမ်ကြီးမြို့၊ မကွေးတိုင်းအတွင်းရှိ ပွင့်ဖြူမြို့၊ စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေဘိုမြို့နှင့် မွန်ပြည်နယ်အတွင်းရှိ သထုံမြို့များမှာ အသီးသီးဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် သီးနှံအထူးပြုသင်တန်းကျောင်း နှစ်ကျောင်းကို အောင်ပန်းမြို့နှင့် မြိတ်မြို့များတွင်လည်းကောင်း၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် တက္ကသိုလ်၏သီးနှံအထူးပြုကျောင်းခွဲများကို မှော်ဘီမြို့၊ လှည်းကူးမြို့၊ ဖားအောက်မြို့၊ ညောင်ပင် သာမြို့၊ မကွေးမြို့၊ လွန်ကျော်မြို့နှင့် အောင်ပန်းမြို့များမှာ အသီးသီးဖွင့်လှစ် သင်ကြားပေးလျက် ရှိနေပါတယ်။ သို့အတွက်ကြောင့် ၁၉၈၈-၈၉ ခုနှစ် မှ ၂၀၀၉-၂၀၁၀ ခုနှစ်အထိ စိုက်ပျိုးရေး တက္ကသိုလ်မှ စိုက်ပျိုးရေးဒီပလိုမာဘွဲ့ရရှိသူ ၉၇၇၆ ဦး၊ စိုက်ပျိုးရေးပညာသိပ္ပံဘွဲ့ ၃၈၄၅ ဦး မွေးထုတ်လေ့ကျင့်ပေးနိုင်ခဲ့ပါတယ်။ ထို့အပြင် မဟာသိပ္ပံဘွဲ့နှင့် ပါရဂူဘွဲ့များကိုလည်း ပြည်တွင်း၊ ပြည်ပသင်တန်းများမှ လေ့ကျင့်မွေးထုတ်ပေးလျက်ရှိပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီး ဦးသန်းဝင်းမေးမြန်းထားသည့် မေးခွန်းနှင့် ပတ်သက်ပြီးတော့မှ ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့်ပတ်သက်သော အသိပညာ၊ အတတ်ပညာများသင်ယူနိုင်ရန်အတွက် မြောင်းမြမြို့တွင်ဖွင့်လှစ်ထားရှိသည့် စိုက်ပျိုးရေးသိပ္ပံ ကျောင်းတွင် သင်ယူနိုင်ပါကြောင်း လောလောဆယ်အားဖြင့်ြဖေကြားအပ်ပါတယ်။ နိုင်ငံတော်အစိုးရ အနေဖြင့်တစ်နိုင်ငံလုံးလိုအပ်ချက်များအပေါ် ကဏ္ဍအလိုက်ဦးစားပေးလုပ်ငန်းများခွင့်ပြုဆောင်ရွက် ပေးနေရလျက်ရှိသည့်အပေါ်မှာလည်း သိရှိနားလည်ပေးနိုင်ပါရန်နှင့် လောလောဆယ် ဖျာပုံမြို့နယ် တွင်စိုက်ပျိုးရေးသင်တန်းကျောင်း သီးခြားအသစ်တစ်ခု ထပ်မံဖွင့်လှစ်ပေးရန် မရှိနိုင်သေးသော် လည်းအထူးကိစ္စတစ်ရပ်အနေဖြင့် ဖျာပုံမြို့နယ်အတွက် လေ့ကျင့်ပညာပေးရေးအဖွဲ့ကဲ့သို့ ပညာရှင် များဖွဲ့စည်းစီစဉ်စေလွှတ်ပြီးတော့မှ ဒေသအတွက်အထူးလိုအပ်နေတဲ့ Good Agriculture Practice ၊ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် GAP နည်းလမ်းများ၊ နည်းပညာများကို စံပြစိုက်ကွင်း ထူထောင်အကောင်အထည်ဖော်ပြီးတော့မှ အနီးကပ်လေ့လာသင်ယူနိုင်ရေးအတွက် စီမံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
