(ဂ)-တောင်သူများဆန္ဒအရ သီးနှံစိုက်ပျိုးခွင့်ပြုရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၈-၉-၂၀၁၁)

နိုင်ငံတော်အနေဖြင့် နှစ်စဉ်စီမံကိန်းများချမှတ်ပြီး  တောင်သူလယ်သမားများဟာ ဆန်စပါးကို အဓိကထား၍ အခြားသီးနှံအမျိုးမျိုးကိုလည်း ထွက်ရှိရမည့်ပမာဏ ပန်းတိုင်အထွက်နှုန်းများ သတ်မှတ်၍စိုက်ပျိုးလျက်ရှိပါတယ်။ ထိုသို့သတ်မှတ်စိုက်ပျိုးရာတွင် ဆည်ရေသောက်လယ်ယာမြေ များ၌ နှစ်သီးစိုက်ပျိုးစေရာ ဆန်စပါးကိုအဓိကစိုက်ပျိုးစေပြီး ဒုတိယစိုက်ပျိုးရမည့်သီးနှံကိုလည်း သက်ဆိုင်ရာဌာနမှ သတ်မှတ်ပေးသောသီးနှံကိုသာ စိုက်ပျိုးရကြောင်းသိရှိရပါတယ်။ ထိုသို့ ဆောင်ရွက်ရာတွင် တောင်သူများအနေဖြင့် သက်ဆိုင်ရာဌာနမှသတ်မှတ်ပေးသောသီးနှံကို မစိုက်ပျိုး လိုဘဲ လယ်မြေဒေသအခြေအနေအရ ဖြစ်ထွန်းအောင်မြင်၍ စီးပွားရေးအရတွက်ခြေကိုက်ပြီး အကျိုး အမြတ်ပိုမိုရရှိနိုင်မည့်သီးနှံမျိုးကိုသာ စိုက်ပျိုးလိုကြောင်းသိရှိရသဖြင့် ဒုတိယသီးနှံအား တောင်သူ များဆန္ဒအရစိုက်ပျိုးလိုသောသီးနှံကို စိုက်ပျိုးခွင့်ပြုပေးပါရန်အစီအစဉ် ရှိ၊ မရှိ မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်
အဖြေ

စပါးစိုက်ပျိုးထုတ်လုပ်ကြတဲ့လယ်သမားများ ပင်ပင်ပန်းပန်း ရင်းနှီးရသလောက်အကျိုးအမြတ်မရှိ၊ တွက်ခြေမကိုက်သည့်အတွက် စပါးစိုက်ပျိုးရန်ကြောင့်ကြစိုးရွံ့ စိတ်များဖြစ်နေရခြင်းကြောင့် စပါးအစားအခြားဝင်ငွေရသီးနှံစိုက်ပျိုးလိုနေကြသည့် ဆန္ဒအားမေးမြန်း ခြင်းဖြစ်ကြောင်းတွေ့ရှိရပါတယ်။ စပါးစိုက်ပျိုးနေကြတဲ့ လယ်သမားများရဲ့ဘဝကိုဖွံ့ဖြိုးတိုးတက်အောင်၊ အကျိုးရှိအောင်ဦးစားပေးရန် အဓိကလိုအပ်ချက်ဖြစ်ကြောင်းလည်းတွေ့ရှိရပါတယ်။ လယ်သမားများ အတွက် ဆန်စပါးစိုက်ပျိုးရခြင်းကြောင့်ဆင်းရဲမှုဖြစ်ရခြင်း (Paddy For Poverty) မဖြစ်စေရန် အတွက် တွက်ခြေမကိုက်ရသည့်အကြောင်းရင်းများကိုဖော်ထုတ်ပြီး (Paddy For Profitability) စပါးသီးနှံမှ စီးပွားရေးအကျိုးအမြတ်ရရှိအောင် ပြုပြင်ဆောင်ရွက်ပေးရန်၊ တည့်မတ်ဆောင်ရွက် ပေးရန် အဓိကလိုအပ်ချက်ဖြစ်ပါတယ်။ အခြားသောအိမ်နီးနားချင်း နိုင်ငံများ၊ အာဆီယံနိုင်ငံများမှာ ဆန်စပါးထုတ်လုပ်မှု အရှိန်အဟုန်ဖြင့်မြှင့်တင်နေပြီး ကမ္ဘာ့ဆန်စပါးဈေးကွက်မှာ အသီးသီးယှဉ်ပြိုင် နေကြချိန်မှာ မိမိတို့လယ်သမားများ စပါးစိုက်ပျိုးထုတ်လုပ်မှုမှ အကျိုးအမြတ်တွက်ခြေမကိုက်သည့် အတွက် ဤမေးခွန်းအားမေးမြန်းခြင်းဖြစ်ကြောင်း ဆက်စပ်သုံးသပ်တွေ့ရှိရပါတယ်။ စပါးသီးနှံမှ ရေရှည်အကျိုးရရှိရန်နှင့် အလားအလာကောင်းအောင် (Paddy For Prosperity) ဖြစ်အောင် ဆောင်ရွက်ပေးနိုင်ခြင်းအားဖြင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကို တောင်သူများဆန္ဒပြင်းပြလာရေး လုပ်ဆောင်ပေးကြရမှာဖြစ်ပါတယ်။ မိမိတို့နိုင်ငံဟာ ဆန်စပါးအား လူမျိုးမရွေး၊ ဘာသာမရွေး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေ သန်း ၆၀ ကျော်နေ့စဉ်စားသုံးနေတဲ့ မရှိမဖြစ်လိုအပ်တဲ့ အဓိကသီးနှံလည်းဖြစ်ပါတယ်။ ဆန်စပါးသည် အမျိုးသားသီးနှံ National Crop ဖြစ်တာနဲ့အတူ နိုင်ငံအတွင်းဆန်မလုံလောက်ပါက စားနပ်ရိက္ခာမလုံလောက်သည့်ပြဿနာ Food Crisis ဖြစ်မယ် ဆိုလို့ရှိရင် နိုင်ငံသားအားလုံးနှင့်ဆက်နွယ်သည့် အန္တရာယ်ကျရောက်နိုင်သည့်အပေါ် စားနပ်ရိက္ခာ ဖူလုံမှုရှုထောင့် (Food Security) ၏အရေးပါမှု၊ အဓိကကျမှုကို ထည့်သွင်းသုံးသပ်ရန် လိုအပ်မှာဖြစ်ပါတယ်။

          ၂၀၀၈ ခုနှစ်၊ ဧရာဝတီတိုင်း၊ နာဂစ်မုန်တိုင်းနှင့် ၂၀၁၀ပြည့်နှစ်၊ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ဂီရိမုန်တိုင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်အပါအဝင် ယခုနှစ်မိုးကြီး၊ ရေကြီးမှုကြောင့်ရေကြီး နစ်မြုပ်မှုဖြစ်ပေါ်ခဲ့ရတဲ့ ပြည်နယ်/တိုင်းဒေသကြီးမှာ ကြုံတွေ့ခဲ့ရတဲ့အခြေအနေများကို ကိုယ်စားလှယ် တော်ကြီးများအားလုံးအသိပင်ဖြစ်ပါတယ်။ ထိုကဲ့သို့ ကြိုတင်တွက်ဆခန့်မှန်း၍မရနိုင်တဲ့ သဘာဝ ဘေးအန္တရာယ်များကျရောက်လာပါက မူလကဆန်စပါးဖူလုံပိုလျှံနေသော ပြည်နယ်/တိုင်းဒေသကြီး မှာပင်လျှင် အခက်အခဲကြီးများကြုံတွေ့ခဲ့ရပြီး တစ်နိုင်ငံလုံးအမျိုးသားရေးအကျိုးစီးပွားကာကွယ် သည့်အနေဖြင့် ဦးထမ်းပဲ့ထမ်းပါဝင်ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့ကြရတဲ့ လက်တွေ့သင်ခန်းစာများ လည်းမကြာသေးမီကာလမှာပင်မက ယနေ့တိုင်ပင်ရှိနေဆဲဖြစ်ပါတယ်။ မိမိနိုင်ငံရဲ့ ခေတ်အဆက်ဆက် ရှေးဘုရင်မင်းများလက်ထက်ကစပြီး ဆည်မြောင်းတာတမံများတည်ဆောက်ခဲ့ခြင်း၊ တပ်မတော်အစိုးရ လက်ထက်မှာ ဆည်မြောင်းတာတမံများအား များစွာအကုန်အကျခံ၍တည်ဆောက်ခဲ့ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာဒေသအလိုက် ဝမ်းစာစပါးဖူလုံပိုလျှံရေးနှင့် အဓိကသီးနှံ၊ ဆန်စပါးတိုးတက်ထုတ်လုပ် ပြီး ပြည်ပသို့တင်ပို့ရောင်းချ၍ နိုင်ငံခြားငွေရှာဖွေနိုင်ရန် ရေရှည်ရည်မှန်းချက်ဖြင့်တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။

          လူတစ်ဦးတစ်ယောက်၊ မိသားတစ်စု၊ ဒေသတစ်ခု၏ဝင်ငွေ၊ အကျိုးစီးပွားရေးတို့ကိုသာမကြည့်ဘဲ နိုင်ငံတော်၏ ရေရှည်အမျိုးသားရေးအကျိုးစီးပွား National Interest ကိုမထိခိုက်စေရန်အတွက် စီမံဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်းတင်ပြလိုပါတယ်။ နိုင်ငံတော်၏ ပြည်တွင်းသုံး ဘဏ္ဍာငွေအပါအဝင် နိုင်ငံခြားငွေအမြောက်အမြားဖြင့်တည်ဆောက်ထားရှိသည့် ဆည်ရေသောက် လယ်မြေများအပေါ်မှာ တန်ဖိုးရှိရှိအသုံးချနိုင်မှု၊ မူလအမျိုးသားရေးအကျိုးစီးပွားရည်မှန်းချက်ကို မထိခိုက်မတိမ်းစောင်းစေဘဲ တောင်သူလယ်သမားများ၏ ဆန်စပါးကဏ္ဍမှထိထိရောက်ရောက် ဝင်ငွေတိုးတက်ရရှိနိုင်စေရေးအတွက် လက်တွေ့နည်းလမ်းများရှာဖွေအကောင်အထည်ဖော်ပေးခြင်း ဖြင့်ဆောင်ရွက်ရန်လိုအပ်မှာဖြစ်ပါတယ်။ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့ဟာ ဆန်စပါးအမြဲလိုအပ်နေတဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် အာဖရိကနိုင်ငံများကို ထိုင်းမှနှစ်စဉ်တန်ချိန်ရှစ်သန်းမှ ၁၀ သန်းအထိ တိုးတက်တင်ပို့ရန်ကြိုးစားလျက်ရှိပြီး၊ ဗီယက်နမ်မှ နှစ်စဉ်တန်ချိန်ြခောက်သန်းမှ ခုနှစ်သန်းတင်ပို့ နိုင်အောင်ကြိုးပမ်းဆောင်ရွက်ခြင်းအားဖြင့် တိုက်ရိုက်ဆက်စပ်နေတဲ့ တောင်သူလယ်သမားများ၏ ဝင်ငွေကို ခိုင်ခိုင်မာမာတိုးတက်ရရှိစေပြီး ၎င်းတို့နိုင်ငံများ၏ စီးပွားရေးတိုးတက်မှုကိုလည်း ဆန်စပါးကဏ္ဍမှ ထိရောက်စွာဖော်ဆောင်ပေးနိုင်လျက်ရှိနေပါတယ်။ အတုယူဖွယ်ရာနိုင်ငံများကို လေ့လာတွေ့ရှိချက်များအရ ဆန်စပါးနည်းပညာဖြင့် စပ်မျိုးစပါးထုတ်လုပ်စိုက်ပျိုးမှုအပါအဝင် အထူး အထွက်တိုးမျိုးများကိုပြောင်းလဲအသုံးပြုခြင်း၊ စိုက်ပျိုးထုတ်လုပ်သည့်တောင်သူလယ်သမားများကို ဈေးကွက်၏တန်ဖိုး Market Price ကိုထိုက်တန်စွာခွဲဝေရရှိနိုင်ရေးအတွက် ထိန်းကျောင်းဆောင်ရွက် ပေးခြင်း၊ ဈေးနှုန်းအာမခံစနစ်ဖြင့် စပါးစိုက်သည့်တောင်သူလယ်သမားများဝင်ငွေကို တိုးတက်ရရှိ စေနိုင်ပြီး တောင်သူလယ်သမားများစိုက်လိုအားဆန္ဒကိုလည်း ပို၍ပို၍မြှင့်တင်အောင်ဆောင်ရွက်ပေး နိုင်လျက်ရှိနေကြောင်း၊ ဘက်စုံထောင့်စုံမှအသေးစိတ်လေ့လာပြီး၊ အတုယူထိုက်သည်များကိုအတုယူ ၍လိုအပ်သည့်အချက်များကို လျင်မြန်စွာပြုပြင်အကောင်အထည်ဖော်ပေးခြင်းဖြင့် ကုစားကြရမှာ ဖြစ်ပါတယ်။ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှတောင်သူလယ်သမားများဟာ ဆည်ရေသောက်လယ်မြေများ တွင်စပါးပြီး စပါး၊ စပါးတစ်နှစ်လျှင် နှစ်သီးကနေပြီးတော့ နှစ်နှစ်ကိုငါးသီးစိုက်ပျိုးရန်အားထက်သန် နေကြပြီး မိမိတို့လယ်သမားများမှာ စပါးနှစ်သီးစိုက်ရန်ပင်လျှင်ကြောင့်ကြနေကြသည်မှာ ဝင်ငွေ တွက်ြခေမကိုက်သည် ဇစ်မြစ်အြခေခံဖြစ်သည့်အပေါ် တွက်ခြေကိုက်ဝင်ငွေအကျိုးရှိစေသော သီးနှံ Paddy For Prosperity (Paddy For Wealth) စပါးသီးနှံအား ဓနဥစ္စာတိုးပွားစေသည့် သီးနှံဖြစ်အောင် ဈေးကွက်နှင့် ဈေးနှုန်းခိုင်မာအောင်ဆောင်ရွက်ပေးရန် အခြေခံလိုအပ်ချက်ဖြစ်ပါ တယ်။

          သက်တမ်းတိုရက်ပေါင်း ၁၁၀ မှ ၁၂၀ ရက်အတွင်း အထွက်ကောင်းမျိုး၊ အထူးအထွက်တိုး ဆန်စပါးမျိုးများကျယ်ပြန့်စွာလည်းပဲ နိုင်ငံတော်အတွင်းရရှိနိုင်ပြီဖြစ်ပါတယ်။ လေးလခန့်အတွင်း အရင်းရောအမြတ်ပါငွေပြန်ပေါ်နိုင်တဲ့ တွက်ြခေကိုက်သီးနှံဖြစ်တဲ့အတွက် တွက်ခြေကိုက်တဲ့ဈေးနှုန်း (ဈေးကွက်)ရရှိပါက တောင်သူလယ်သမားများဆန္ဒအရ သီးနှံရွေးချယ်မှုအလိုအလျောက် မှန်ကန် လာစေမှာဖြစ်ပါတယ်။ ဤသို့အားဖြင့် နိုင်ငံတော်အစိုးရအပိုင်း၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအပိုင်းမှ နည်းလမ်းရှာဖွေအကောင်အထည်ဖော်ဆောင်ရွက်ကြရာမှာ ဆန်စပါးစိုက် တောင်သူများ၏ လက်တွေ့လိုအပ်ချက်များကို ပြုပြင်ကုစား၊ ကုသပေးမည့််နည်းလမ်းများကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ အပါအဝင်အသိ အမြင်ကြွယ်ဝကြသူများအနေဖြင့် ထိန်းကျောင်းပံ့ပိုးကူညီ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ သို့ရာတွင် ဆည်တာတမံများရှိနေသော်လည်းပဲ စပါးသီးနှံအောင်မြင်ဖြစ်ထွန်း နိုင်လောက်အောင်စိုက်ပျိုးရေအပြည့်အဝမလုံလောက်နိုင်တဲ့ အပူပိုင်းမိုးနည်းဒေသ ဖြစ်နေပါက စပါးသီးနှံတစ်ဧကအတွက် စိုက်ပျိုးရေလိုအပ်ချက်ြခောက်ဧကပေ ရေပမာဏလုံလောက်အောင် ထိန်းသိမ်းဖြန့်ဖြူးပေးနိုင်မှုမရှိသော ဒေသများတွင်ရေကို တန်ဖိုးရှိစွာထိထိရောက်ရောက်အသုံးချပြီး ရေအသုံးပြုရမှု လိုအပ်ချက်နည်းသည့်ဝင်ငွေရသီးနှံအမယ် Cash Crop များကိုရွေးချယ်စိုက်ပျိုး ခွင့်ပြုရန်အားပေးဆောင်ရွက်သင့်ပါတယ်။ မည်သည့်သီးနှံ ရွေးချယ်ရမည်ကိုမူ ဒေသနှင့်လိုက်လျော ညီထွေရှိပြီး တောင်သူလယ်သမားများအတွက် အမှန်တွက်ခြေကိုက်အောင် ရွေးချယ်စီမံဆောင်ရွက် ပေးရန်သီးနှံပုံစံ Crop Pattern ကိုလည်း တာဝန်ရှိသူများမှ ကွင်းဆင်းလေ့လာပြီးတော့သတ်မှတ် ပေးရန်လိုအပ်မှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ကိုယ်စားလှယ်တော်ကြီး၏မေးမြန်းချက်ပေါ်တွင် ဆည်ရေ သောက်လယ်မြေများ၌ ဒုတိယသီးနှံကို တောင်သူများဆန္ဒအရ စိုက်ပျိုးခွင့်ပြုရန်မေးခွန်းအပေါ် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားနှင့်စားနပ်ရိက္ခာဖူလုံမှု Food Security အတွက်စီမံတွက်ချက်ပြီး တည်ဆောက်ထားသောဆည်များအား ဆန်စပါးသီးနှံကိုသာလျှင် အဓိက အားပြုထုတ်လုပ်ရန်မှာ လျော်ကန်သင့်လျော်မည်ဖြစ်ပါကြောင်းနှင့် တောင်သူလယ်သမားများ၏ စပါးစိုက်ပျိုးထုတ်လုပ်မှုမှ ဝင်ငွေတွက်ခြေကိုက်ပြီး အကျိုးဖြစ်ထွန်းစေရေးအတွက်ကိုမူ မိမိတို့နိုင်ငံလယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့်ကျေးလက်ဒေသနေ ပြည်သူများ၏လူနေမှုဘဝတိုးတက်ရေးအတွက် စပါးစိုက် တောင်သူများဈေးကွက်၏တန်ဖိုး Market Price ကိုထိုက်တန်စွာရရှိခံစားနိုင်ရေးဘက်ပေါင်းစုံမှ သုံးသပ်ထိန်းကျောင်း တည့်မတ်အကောင်အထည်ဖော်ပေးခြင်းလုပ်ငန်းကို လယ်သမားများစပါး တိုးတက်ထုတ်လုပ်ရေးအတွက် မဖြစ်မနေစီမံဆောင်ရွက်ရန် လိုအပ်မှာဖြစ်ကြောင်းရှင်းလင်းဖြေကြား အပ်ပါတယ်။ နိုင်ငံတော်၏ရေရှည်ထိန်းသိမ်းကာကွယ်ရမည့် အမျိုးသားရေးအကျိုးစီးပွားနှင့် လယ်သမားများ၏ လက်ငင်းအကျိုးစီးပွားအတွက်မိမိ၏ ရှင်းလင်းဖြေကြားချက် များအပေါ်တွင် လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်တော်များ လက်ခံပေးနိုင်ပါမည်ဟု ယုံကြည် ပါကြောင်း တင်ပြအပ်ပါတယ်။