(က)-မျိုးကောင်းမျိုးသန့်စပါးနှင့် ဟင်းသီးဟင်းရွက်များ ဖြန့်ဝေပေးရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၈-၉-၂၀၁၁)

မြန်မာနိုင်ငံဟာ သဘာဝအရင်းအမြစ်များနဲ့ သယံဇာတများပေါကြွယ်ဝပြီး ရေမြေအနေအထား ကောင်းပြီး ရာသီဥတုမျှတတဲ့ နိုင်ငံဖြစ်တာနဲ့အညီ စိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံဖြစ်ပါတယ်။ နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာလည်း တောင်သူလယ်သမားမိသားစုများဖြစ်ကြလို့ စပါးကို အခြေခံပြီး အခြားသီးနှံမျိုးစုံကိုလည်းနေရာမလပ်စိုက်ပျိုးကြပါတယ်။ ယခုအခါ ပြည်ထောင်စု တစ်ဝန်းမှာ စပါးပိုမိုအထွက်တိုးအောင် သိပ္ပံနည်းကျစပါးစိုက်ပျိုးခြင်းကို အင်တိုက်အားတိုက် တွန်းအားပေးဆောင်ရွက်နေကြသလို နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များကလည်း အရင်းအနှီးနဲ့ နည်းပညာကူညီထောက်ပံ့ပေးခြင်းတို့ကြောင့် လာမယ့်ရာသီမှာ သီးနှံအထွက်နှုန်းများ သိသိသာသာတိုးလာမှာဖြစ်ပါတယ်။ မကြာမီရက်ပိုင်းက လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနက နေပြည်တော်တစ်ဝန်းမှာဆောင်ရွက်နေတဲ့ အထွက်ကောင်းစပါးမျိုးများ စိုက်ပျိုးထားမှု အခြေအနေ၊ လယ်ယာမြေများဖော်ထုတ်မှုနှင့် စပါးမျိုးစေ့ထုတ်လုပ်မှုအခြေအနေတွေကို လွှတ်တော် ကိုယ်စားလှယ်များလေ့လာသိရှိခွင့်ရပြီး ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် စိတ်ရှည်လက်ရှည်ရှင်းပြ မှုကြောင့် အစိုးရသစ်လက်ထက်မှာ စိုက်ပျိုးရေးတစ်ခေတ်ဆန်းသစ်လာပြီလို့ဆိုနိုင်မှာဖြစ်ပါတယ်။ မကြာခင်မှာလည်း ပြည်သူ့လွှတ်တော်ကရေးဆွဲနေတဲ့ လယ်ယာမြေဥပဒေကြမ်းတစ်ရပ်ကလည်း ပေါ်ပေါက်လာမှာမို့ တောင်သူလယ်သမားများအတွက် အလွန်ပဲအားတက်မိသလို ရွှေခေတ်ကို ရောက်ရှိမှာဖြစ်ပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းတိုင်းမှာ အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းကောင်းဖို့ဆိုရင် မျိုးကောင်းမျိုးသန့်ဟာ အဓိကကျပါတယ်။ မျိုးစေ့မမှန်တာကိုအသုံးပြုခဲ့ရင် အရည်အသွေးကောင်းပြီး အထွက်နှုန်းကောင်းဖို့ မည်သို့မှကုစား ဆောင်ရွက်လို့မရတော့ပါ။ နိုင်ငံတော်မှာ စပါးစိုက်ဧက သန်း ၂၀ ခန့်ရှိရာ တစ်ဧကလျှင်မျိုးစပါး တစ်တင်းခွဲနှုန်းဖြင့်တွက်ပါက မျိုးစပါးတင်းသန်း ၃၀ ခန့်လိုအပ်မှာဖြစ်ပါတယ်။ နိုင်ငံတော်မှာ စပါးမျိုးသန့်မျိုးပွားခြံ ၂၇ ခြံရှိကြောင်းသိရှိရပါတယ်။ တစ်နိုင်ငံလုံး မျိုးစပါးလိုအပ်ချက်နဲ့တွက်ကြည့် လျှင် အလွန်နည်းနေကြောင်းတွေ့ရှိရပါတယ်။ အလားတူ ဧရာဝတီတိုင်းဒေသကြီးဟာ နိုင်ငံတော်ရဲ့ စပါးကျီဖြစ်တာနှင့်အညီ စပါးစိုက်ဧက ၃၇ သိန်းခန့်ရှိပါတယ်။ မျိုးစပါးတင်းပေါင်း သိန်း ၅၀ ခန့် လိုအပ်မှာဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာလည်း လက်ရှိစပါးမျိုးသန့်၊ မျိုးပွားခြံငါးခြံ နှင့် သုတေသနခြံတစ်ခြံသာရှိပြီး မျိုးစပါးတင်း ၄၀၀၀ ခန့်သာထုတ်လုပ်နိုင်ကြောင်းသိရှိရပါတယ်။ တောင်သူလယ်သမားများအနေနဲ့ ဌာနမှထုတ်လုပ်တဲ့ အာမခံချက်ရှိသော၊ ဒေသနှင့်သင့်လျော်သော မျိုးသန့်စပါးများကို အလွန်ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့်လို့ မျိုးစပါးလိုအပ်ချက်ပြည့်စုံ လုံလောက်မှုမရှိသေးပါ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ တောင်သူ လယ်သမားများဟာ စပါးနှင့်အခြားသီးနှံများကို ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးကြသလို ဟင်းသီး ဟင်းရွက်များကိုလည်း တစ်နိုင်ငံလုံးဒေသအနှံ့စိုက်ပျိုးလျက်ရှိကြပါတယ်။ ဟင်းသီးဟင်းရွက်မျိုးစေ့ များကိုလည်း ပြည်ပမှလာတဲ့မျိုးစေ့ပုံးများ၊ မျိုးစေ့ဘူးများကို ဈေးကြီးပေးဝယ်နေရခြင်း၊ အာမခံချက် မရှိခြင်းတို့ကြောင့် သီးနှံများအပျက်အစီးများနှင့်ကြုံတွေ့ရပြီး စိုက်ပျိုးသူတောင်သူများ ဒုက္ခရောက် ကြရပါတယ်။ ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ မေးခွန်းနှစ်ခုမေးမြန်းလိုပါတယ်။ မေးခွန်းကတော့ တောင်သူလယ်သမားများလက်ဝယ်သို့ စိုက်ပျိုးရေးခြံများမှထုတ်လုပ်တဲ့ မျိုးကောင်းမျိုးသန့်စပါး မျိုးများအလုံအလောက်ဖြန့်ဖြူးရေးနဲ့ အရည်အသွေးကောင်းမွန်တဲ့ ဟင်းသီးဟင်းရွက်မျိုးစေ့များ ဖြန့်ဖြူးနိုင်မှုအစီအမံများရှိ၊ မရှိနဲ့ ရှိပါက မည်ကဲ့သို့ဆောင်ရွက်မည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်
အဖြေ

တောင်သူလယ်သမားများ၏အကျိုး၊ နိုင်ငံတော်၏အကျိုးအတွက် အမြော်အမြင် ကြီးမားစွာဖြင့် အနှစ်သာရရှိရှိမေးမြန်းထားသော လွှတ်တော်ကိုယ်စားလှယ်တော်ကြီး ဦးသိန်းထွန်း၏ မေးခွန်းအား ဖြေကြားခွင့်ရရှိသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပဏာမတင်ပြအပ်ပါ တယ်။ မိမိတို့ နိုင်ငံတော်အစိုးရသစ်ဖွဲ့စည်းပြီး သုံးလတာကာလအတွင်းမှာပဲ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်ဦးဆောင်ပြီးတော့ ၂၀--၂၀၁၁ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့တဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဗဟိုကော်မတီရဲ့ /၂၀၁၁ ပထမအကြိမ်အစည်းအဝေးမှာ နိုင်ငံနှင့် အဝန်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များအကောင်အထည်ဖော်ရာတွင် နိုင်ငံတော် ၏လူဦးရေ ၇၀ ရာခိုင်နှုန်း အဓိကမှီတင်းလုပ်ကိုင်ရပ်တည်လျက်ရှိသည့်  လယ်ယာကဏ္ဍကုန်ထုတ် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို  အဓိကဦးစားပေးလုပ်ငန်းအဖြစ် ချမှတ်ပေးခဲ့ပါတယ်။ မိမိတို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့်လည်းပဲ နိုင်ငံတော်အား ကိုယ်စားပြုပြီး၊ လယ်ယာကုန်ထုတ်လုပ်မှုကော်မတီရဲ့ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အပေါ်မှာ  လက်ငင်းလုပ်ငန်းများ၊ ရေတိုရေရှည်လုပ်ငန်းများရေးဆွဲပြီး တစိုက်မတ်မတ်ဖြင့်ကြိုးစား အကောင်အထည်ဖော်လျက်ရှိပါတယ်။ ထိုလုပ်ငန်းများရဲ့ အဓိကသော့ချက်အကျဆုံးမှာ တောင်သူများ စီးပွားရေးအရတွက်ခြေကိုက်ပြီး အထွက်နှုန်းကောင်းသည့်မျိုးကောင်းမျိုးသန့်များဖြန့်ဖြူးပေးနိုင်ရေး လုပ်ငန်း Seed Production တာဝန်ဟာ ထိပ်ဆုံးမှာထားရှိပြီးတော့မှ ကြိုးစားဆောင်ရွက်ပေးလျက် ရှိကြောင်းတင်ပြအပ်ပါတယ်။ ထိုနည်းတူစွာပဲ စိုက်ပျိုးရေးထွက်ကုန်များတိုးတက်မြင့်မားရေးအတွက် အခြေခံလိုအပ်ချက်ကြီးငါးချက်ကို နိုင်ငံနှင့်အဝန်းတင်ပြခဲ့ရာမှာလည်းပဲ အထွက်ကောင်းမျိုးကောင်း မျိုးသန့်များပြောင်းလဲအသုံးပြုရေးဆိုတဲ့လုပ်ငန်းစဉ်ကို ထိပ်ဆုံးမှာထားရှိပြီးတော့မှ အဓိကဆောင်ရွက် ပေးရန်လိုအပ်တဲ့လုပ်ငန်းဖြစ်ကြောင်း လက်တွေ့ကြိုးစားဆောင်ရွက်ပေးလျက်ရှိနေပါတယ်။ စိုက်ပျိုးရေး လုပ်ငန်းမှာ မူလအသုံးပြုသည့် မျိုးကောင်း၊ မျိုးစေ့၊ ပျိုးပင်အရည်အသွေးကောင်းမွန်မှသာလျှင် သီးနှံအရည်အသွေးနှင့်အထွက်နှုန်းမှာလည်း တိုးတက်ကောင်းမွန်နိုင်မှာဖြစ်တဲ့အတွက်ကြောင့် မျိုးစေ့ မမှန်ပင်မသန်ဆိုသည့်အတိုင်း စိုက်ပျိုးရေးကဏ္ဍအတွက် မျိုးကောင်းမျိုးသန့်ရဲ့အရေးပါမှုဟာ အဓိကကျကြောင်း အထင်အရှားပင်ဖြစ်ပါတယ်။ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံတော်အစိုးရအပိုင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့်သာမက ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့များအပါအဝင် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍ မှာလည်းပဲ တောင်သူများအတွက် တွက်ခြေကိုက်ပြီးဈေးကွက်ရှိသော အရည်အသွေးကောင်းသည့် ဒေသရေမြေနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမျိုးကောင်းမျိုးသန့်များကို တောင်သူလယ်သမားများ လက်လှမ်းတမီအသုံးပြုနိုင်ရန် စီမံအကောင်အထည်ဖော်ဆောင်ရွက်ပေးကြပါရန်လည်းပဲ မိမိတို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အပတ်စဉ်ထုတ်ဝေနေသည့် လယ်ယာစီးပွား သတင်းဂျာနယ်များတွင်လည်းကောင်း၊ တောင်သူများအားအကျိုးပြုနေသည့် မဂ္ဂဇင်းစာစောင်များတွင် လည်းကောင်း၊ နေ့စဉ်ထုတ်သတင်းစာများတွင်လည်းကောင်း ပညာပေးဖော်ပြစည်းရုံးတိုက်တွန်းမှုကို မပြတ်ဆောင်ရွက်လျက်ရှိနေပါတယ်။ နိုင်ငံနှင့်အဝန်းဒေသအသီးသီး၏ လိုအပ်ချက်ကိုတစ်ချိန်တည်း၊ တစ်ပြိုင်တည်း တစ်နိုင်ငံလုံးသို့ပျံ့နှံ့ရောက်ရှိအောင် နိုင်ငံတော်အစိုးရအပိုင်း လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနတစ်ခုတည်းအနေဖြင့် မည်သို့မျှဆောင်ရွက်နိုင်ခြင်းမရှိဘဲ ပကတိအခြေ အနေပေါ်မှာ ပကတိအတိုင်းလက်တွေ့ကျကျ လက်တွေ့လုပ်နိုင်မည့်နည်းလမ်းများရွေးချယ်ပြီး ထိုကဲ့သို့မျိုးစေ့ထုတ်ခြင်းလုပ်ငန်း၊ မျိုးစေ့ဖွံံ့ဖြိုးရေးလုပ်ငန်းကို နိုင်ငံနှင့်အဝန်းအားပေး၊ နှိုးဆော်၊ တပ်လှန့်၊ တိုက်တွန်းဆောင်ရွက်ပေးကြပါရန်လည်းပဲ မပြတ်တင်ပြဆောင်ရွက်လျက်ရှိပါတယ်။ မိမိတို့နိုင်ငံတွင် နေ့စဉ်စားသုံးနေတဲ့ ဆန်စပါး၊ ထမင်းကိုအဓိကစားသုံးသောနိုင်ငံဖြစ်သည့် အားလျော်စွာ ဆန်စပါးသီးနှံ၏ဖွံ့ဖြိုးတိုးတက်ရေးကိုဦးစားပေး၍ ဒေသအသီးသီးနှင့်ကိုက်ညီသည့် အထွက်ကောင်း မျိုးကောင်းမျိုးသန့်များထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် သုတေသနပြုရှာဖွေခြင်း၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များအား စမ်းသပ်စိုက်ပျိုးထုတ်လုပ်ပေးခြင်း၊ တောင်သူ များအနေဖြင့်တွက်ခြေကိုက်ပြီး မျိုးကောင်းမျိုးသန့်များ လက်ခံစိုက်ပျိုးနိုင်ရေးအတွက် မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးသုတေသနခြံများမှာ မျိုးသန့်ဇုန်များ၊ မျိုးသန့်ခြံများထူထောင် ပေးပြီး ဖြန့်ဖြူးပေးခြင်းနည်းလမ်းများဖြင့် ရှေ့ပြေးတစ်ပိုင်တစ်နိုင်အဆင့်သာလျင် လက်ရှိလုပ်ဆောင် ပေးနိုင်လျက်ရှိပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် မိုးစပါး၊ နွေစပါး ဧက သန်း ၂၀ အတွက် အမှန်လိုအပ်သော မျိုးကောင်းမျိုးသန့်များကို ၁၀ ရာခိုင်နှုန်းမျှပင်လျှင် လက်ရှိအခြေအနေမှာ ထိထိရောက်ရောက် ဖြန့်ဖြူးဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်းကိုလည်းပဲ ရိုးစင်းစွာတင်ပြ အပ်ပါတယ်။ တောင်သူလယ်သမားများရဲ့ လက်တွေ့အကျိုးကိုရှေ့ရှု၍ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များအနေဖြင့် ဒေသအလိုက်ပူးပေါင်းပါဝင် ပခုံးထမ်းဆောင်ရွက်ပေးကြပါရန်နှင့်ဒေသ အလိုက်ငွေကြေးအရင်းအနှီးတတ်နိုင်သည့် စိုက်ပျိုးရေးအထူးပြုကုမ္ပဏီများနှင့် အထူးပြုပုဂ္ဂိုလ်များ အနေဖြင့်လည်းပဲ မျိုးစေ့ထုတ်လုပ်ငန်း Seed Production လုပ်ငန်းများကို အပြိုင်အဆိုင် စိတ်ပါဝင်စားစွာဖြင့် ပါဝင်ဆောင်ရွက်လာကြရေးအတွက် အထူးလိုအပ်နေတဲ့ကာလဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် မျိုးအဖြစ်ပြန်လည်အသုံးပြုနိုင်တဲ့ တစ်ဧကတင်း ၁၂၀ အထက်လက်တွေ့ထွက်ရှိနေတဲ့ Open Pollinated Variety(OPV) မျိုးဖြစ်သည့် အထွက်ကောင်းမျိုး High Yield Variety များကို စနစ်တကျစိုက်ပျိုးပြသထားပြီး စိုက်ခင်းကြီးများအား ကိုယ်စားလှယ်တော်ကြီးများကိုယ်တိုင် ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာ တောင်သူပညာပေးစံပြ ဧက ၅၀၀ စိုက်ကွင်းအတွင်းမှာ လက်တွေ့မြင်တွေ့ခဲ့ကြပြီးဖြစ်ပါတယ်။ တောင်သူများနှင့် စိုက်ပျိုးလိုတဲ့ကုမ္ပဏီများကို မျိုးဖြန့်ဖြူးပေးနိုင်ရန်အတွက် အသင့်ဆောင်ရွက် လျက်ရှိနေပါတယ်။ တစ်ဧက တင်း ၂၀၀ ပတ်ဝန်းကျင်ထွက်ရှိနိုင်မယ့် အထူးအထွက်တိုးမျိုး Hybrid Seed စံပြစိုက်ခင်းကြီးများကိုလည်းပဲ နေပြည်တော်ခရိုင်အတွင်း မြို့နယ်တိုင်းမှာစံနမူနာပြပညာပေး စိုက်ပျိုးပြသဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပင် နိုင်ငံတကာနှင့် ဆန်၊ စပါး ဖွံ့ဖြိုးတိုးတက်မှုရင်ပေါင်တန်းနိုင်ရန် မိမိတို့ဆန်စပါးကဏ္ဍ ခေတ်နောက်ကျမကျန်စေရန်အတွက် တစ်ဧကတင်း ၂၀၀ အထက်ထွက်ရှိနိုင်တဲ့အထူးအထွက်တိုးမျိုး Hybrid Variety မျိုးသုံးမျိုးကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် ဝမ်းတွင်းမြို့နယ်၊ ရွှေတောင်သုတေသနခြံတို့မှာ နှစ်နေရာ ခွဲပြီးတော့မှ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စုစုပေါင်းဧက ၂၃၀ မျိုးစေ့ထုတ်လုပ်ငန်း သုတေသနပြုဆောင်ရွက်လျက်ရှိနေပြီဖြစ်ပါတယ်။ ထွက်ရှိလာမယ့်စပ်မျိုး(F1)မျိုးစေ့များကို ကိုယ်တိုင် စိတ်ဝင်စားကြပြီး ကိုယ်တိုင်ယုံကြည်မှုရှိကြသူတောင်သူများနှင့် စိုက်ပျိုးရေးအထူးပြုကုမ္ပဏီများ လက်ဝယ်သို့ နွေစပါးရာသီအချိန်မီ သက်သာသောအထူးဈေးနှုန်းနှင့်ဖြန့်ဖြူး၍ ရှေ့ပြေးစံနမူနာပြ စိုက်ပျိုးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါတယ်။ မိမိတို့ နိုင်ငံရဲ့နောက်မှာ ယခင်ကအစဉ်တစိုက်လိုက်နေရတဲ့ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား အပါအဝင် ကမ္ဘာပေါ်မှာလူဦးရေသန်းပေါင်း ၁၀၀၀ ကျော်၊ လူဦးရေအများဆုံးဖြစ်ကြတဲ့ အိမ်နီး နားချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယနိုင်ငံများပင်လျှင် နိုင်ငံအသီးသီးရဲ့ စားနပ်ရိက္ခာဖူလုံမှု Food Security နဲ့ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအထွက်တိုး Hybrid Variety မျိုးစေ့များကို လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်ကာလကပင် စီးပွားဖြစ်ထုတ်လုပ်စိုက်ပျိုးခဲ့ကြပြီး ကမ္ဘာ့ ဆန်စပါးဈေးကွက်မှာ ရှေ့ဆောင်နေရာယူကြရန် ယှဉ်ပြိုင်ကြိုးပမ်းနေကြကြောင်းကိုလည်း ကိုယ်စားလှယ် တော်ကြီးများ အထင်အရှားသိရှိကြပါတယ်။ မိမိတို့ခေတ်မှာ နောင်ရေရှည် တိုးပွားလာမယ့် သားသမီးြမေးများလက်ထက် ဝမ်းစာဖူလုံရေး Food Security နဲ့ ဆန်စပါးကဏ္ဍ ခေတ်နောက်ကျ မကျန်စေရန် စပ်မျိုး၊ စပါးမျိုးပြောင်းလဲသုံးစွဲစိုက်ပျိုးရန် နိုင်ငံတော်ရဲ့လိုအပ်ချက်အပေါ်မှာလည်းပဲ တောင်သူများအတွက် စီးပွားရေးအရတွက်ချေကိုက်နိုင်သည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ၏ အရေးပါမှုကိုမမေ့မလျော့သတိရှိရှိဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ပညာရှင်များမှ အပတ်တကုတ်ကြိုးကြိုးစားစား ဆောင်ရွက်လျက်ရှိနေပြီဖြစ်ပါကြောင်း လွှတ်တော် ကိုယ်စားလှယ်ကြီး၏တန်ဖိုးရှိသောမေးခွန်းအား လေးစားစွာဖြေကြားအပ်ပါတယ်။

          အလားတူ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံမျိုးကောင်းမျိုးသန့်များထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး အတွက်လည်းပဲ စိုက်ပျိုးရေးပညာရှင်များအနေဖြင့် ဦးစားပေးသီးနှံအလိုက် ထုတ်လုပ်ဖြန့်ဖြူး ဆောင်ရွက်ပေးလျက်ရှိနေပါကြောင်း ဖြေကြားလိုပါတယ်။

          စားသုံးဆီဖူလုံရေးအတွက် တစ်ဧကတင်း ၅၀ ကျော်၊ တစ်ဧကလျှင် စားသုံးဆီပိဿာ ၂၂၀ ကျော်ထွက်ရှိနိုင်တဲ့ စပ်မျိုးနေကြာမျိုးစေ့များကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်ဖြန့်ဖြူးစိုက်ပျိုး ပေးလျက်ရှိနေပြီဖြစ်ပါတယ်။ တစ်ဧကတင်း ၂၀ ကျော်ထွက်ရှိပြီး တစ်ချိန်တည်းဖြင့် လုပ်အား သက်သာစွာဖြင့် ခူးဆွတ်နိုင်သည့်ပဲတီစိမ်းမျိုးကိုလည်း ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါတယ်။ ဝတ်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဝါသီးနှံအတွက်လည်းပဲ ငွေချည် - ဝါမျိုးအား ဝမ်းတွင်းမြို့နယ်၊ ရွှေတောင်သုတေသနခြံမှာထုတ်လုပ်ပြီး တောင်သူများနှင့် အကျိုးတူပူးပေါင်း၍ မျိုးကောင်းမျိုးသန့်များ ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိနေပြီဖြစ်ပါတယ်။ စက်မှု ကုန်ကြမ်းသီးနှံဖြစ်တဲ့ တစ်ဧကတန် ၆၀ ကျော်ထွက်နိုင်တဲ့ ကြံသီးနှံမျိုးကောင်းမျိုးသန့်ဖြန့်ဖြူးရေး လုပ်ငန်းနဲ့ အထွက်ကောင်းတဲ့ရော်ဘာမျိုးများကိုလည်း မိမိတို့လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့် မျိုးဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ပြည်သူလူထုရဲ့ နေ့စဉ်စားသုံးရန်လိုအပ်ချက် ဖြစ်နေတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံအမျိုးမျိုးကိုလည်းပဲ ထိထိရောက်ရောက်စိတ်ချယုံကြည်ရမယ့် မျိုးစေ့များဖြန့်ဖြူးပေးနိုင်ရေးအတွက်လည်းပဲ စီမံချက်ချဆက်လက်ဆောင်ရွက်လျက်ရှိနေပါတယ်။တောင်သူလယ်သမားများလိုအပ်သလောက် ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းရှင်းလင်းတင်ပြပါတယ်။ နိုင်ငံတော်ရဲ့ လယ်ယာကဏ္ဍနှင့် တောင်သူလယ်သမားများ၏အကျိုးစီးပွားအလျင်အမြန် အမှန်တကယ်ဖွံ့ဖြိုးတိုးတက်လာရေးအတွက် Seed Jump နည်းလမ်းအပါအဝင် ထိရောက်သောဓာတ်မြေသြဇာအသုံးပြုနိုင်မှု Fertilizer Jump နည်းလမ်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်စေမှု Technology Jump နည်းလမ်းများဖြင့် အရှိန်ဟုန်မြှင့်တင်ဆောင်ရွက်ကြရမည့် ကာလအမှန်ရောက်ရှိနေပြီဖြစ်ပါတယ်။ လယ်ယာကဏ္ဍအား တစ်ခေတ်ဆန်းဖွံ့ဖြိုးတိုးတက်အောင် ဘက်စုံဒေါင့်စုံမှ နိုင်ငံတော်အစိုးရအပိုင်း ပြည်နယ်/တိုင်း ဒေသကြီးအစိုးရများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအခန်းကဏ္ဍ၊ ပညာရှင်များအခန်းကဏ္ဍညီညွတ်စွာဖြင့် တောင်သူလယ်သမားများ၏အရေးကို အာရုံစူးစိုက်ပြီး၊ လက်တွေ့ကျကျပူးပေါင်းအကောင်အထည် ဖော်ပေးနိုင်ခြင်းအားဖြင့် လက်တွေ့ကျသော တိုးတက်မှုရလဒ်ကောင်းများမလွဲဧကန်ရရှိလာနိုင်မည် ဖြစ်ပါကြောင်းလည်းပဲတင်ပြအပ်ပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံနှင့်အဝန်း တောင်သူလယ်သမားများ၏ အခြေခံလိုအပ်ချက် မျိုးကောင်းမျိုးသန့်ထုတ်လုပ်ဖြန့်ဖြူးရေး Seed  Production တာဝန်ကို နိုင်ငံတော်အစိုးရ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၊ လုပ်ငန်းရှင်များအပြိုင်အဆိုင် ထိထိရောက်ရောက် ထူထောင်လုပ်ဆောင် ပေးကြရန် အမှန်လိုအပ်လျက်ရှိနေပါကြောင်း ကိုယ်စားလှယ်တော်ကြီးရဲ့မေးခွန်းအား ရှင်းလင်း ဖြေကြားပါသည်။