ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့မှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းကို ၂၀၀၈-၂၀၀၉ ပညာသင်နှစ်မှာ စတင်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ဒေသခံပြည်သူများကလည်း ဝမ်းသာကြည်နူး မဆုံးဖြစ်ခဲ့ကြရပါတယ်။ နိုင်ငံတော်နဲ့ဝန်ကြီးဌာနအား ကျေးဇူးတင်မဆုံးဖြစ်နေကြပါတယ်။ ယခုအခါ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှာ ကျောင်းသားပေါင်း ၁၂၇ ဦးရှိပြီး ဆရာ၊ ဆရာမပေါင်းမှာ ၃၈ ဦး ရှိတဲ့အတွက် ဆရာနဲ့ကျောင်းသားအချိုးမှာ ၁း၄ ခန့်ဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။ အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း တက်ရောက်ခွင့်ရရန် တက္ကသိုလ်ဝင်တန်းအောင် အမှတ်ပေါင်းဟာ ၃၂၀ အနည်းဆုံးရရှိမှသာ တက်ရောက်ခွင့်ရကြတဲ့အတွက် ကျောင်းမှာကျောင်းသားဦးရေ နည်းပါးရခြင်း လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒေသမှအင်ဂျင်နီယာပညာသင်ယူလိုကြတဲ့ အမှတ်မမီတဲ့ ကျောင်းသားများမှာ အခက်အခဲနှင့်ကြုံကြရပါတယ်။
ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထုမြို့နယ်များမှ တစ်နှစ်လျှင် ၈ တန်းအောင်ကျောင်းသားပေါင်းဟာ ၂၀၀၀ ကျော်ခန့် ရှိပါတယ်။ အင်ဂျင်နီယာပညာဟာ လက်တွေ့လူမှုဘဝနယ်ပယ်မှာ များစွာအကျိုးပြုတဲ့ပညာရပ်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက်ပါ အဓိကကျလျက်ရှိပါတယ်။ အစိုးရစက်မှုလက်မှုအထက်တန်းကျောင်း အနေဖြင့် ၈ တန်းအောင်အမှတ်ကန့်သတ်ထားခြင်းမရှိတဲ့အတွက် အင်ဂျင်နီယာပညာအားသင်ယူ လိုတဲ့ကျောင်းသားများအတွက် အခွင့်အလမ်းတစ်ရပ်လည်းဖြစ်ပါတယ်။ ကြိုးစားပါက အစိုးရ စက်မှုလက်မှုသိပ္ပံကိုလည်း ဆက်လက်ပညာဆည်းပူးရန် တက်ရောက်ခွင့်ရကြမှာဖြစ်လို့ အထူး စိတ်ဝင်စားကြခြင်းလည်းဖြစ်ပါတယ်။ ယခုလို အသက်မွေးဝမ်းကျောင်းပညာဖြစ်တဲ့ အင်ဂျင်နီယာ ပညာတတ်မြောက်ထားပါက အလုပ်အကိုင်အခွင့်အလမ်းများပေါများပြီး စားဝတ်နေရေးအတွက် စိတ်အေးကြရမှာဖြစ်ပါတယ်။ နိုင်ငံတော်မှာလည်း လက်မှုလယ်ယာမှ စက်မှုလယ်ယာခေတ်ကို သွားတဲ့အခါမှာ ပြည်သူများဟာလည်း စက်မှုပညာတွေကို နားလည်တတ်ကျွမ်းမှသာ အောင်မြင်မှာ ဖြစ်ပါတယ်။
ဂန့်ဂေါမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှာ မြေဧရိယာ ဧက ၅၇ ဧကရှိပြီး စာသင်ဆောင် သုံး ဆောင်နဲ့ ဆရာ၊ ဆရာမဆောင် နှစ် ဆောင်ရှိပြီးဖြစ်ပါတယ်။ အစိုးရစက်မှုလက်မှုအထက်တန်းကျောင်းဖွင့်နိုင်ဖို့အတွက် စာသင်ဆောင်တစ်ဆောင်သာ လိုအပ်မှာ ဖြစ်ကြောင်းနှင့် မြေနေရာကျယ်ဝန်းစွာရှိကြောင်း လေ့လာသိရှိရပါတယ်။ ဆရာ၊ ဆရာမများနေရေး အတွက်ကိုလည်း ဒေသမှကူညီပံ့ပိုးလျက်ရှိပါတယ်။ ဒေသခံမိဘပြည်သူများမှလည်း မိမိရဲ့သားသမီး များကို ၈ တန်းအောင်ပါက လက်တွေ့လူမှုဘဝနယ်ပယ်မှာ အသုံးဝင်တဲ့အင်ဂျင်နီယာပညာကို သင်ကြားခွင့်ရရှိနိုင်တဲ့ အစိုးရစက်မှုလက်မှုအထက်တန်းကျောင်းအား ဂန့်ဂေါမြို့ရှိ အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းမှာ နိုင်ငံတော်အနေဖြင့် ဖွင့်လှစ်ပေးစေလိုကြကြောင်း ဆန္ဒများပြင်းပြလျက် ရှိကြပါတယ်။
ဂန့်ဂေါမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းမှာ ဆရာ၊ ဆရာမများလည်း အလုံအလောက်အဆင်သင့်ရှိပြီးဖြစ်ပါတယ်။ တက်ရောက် လိုသော ၈ တန်းအောင်ကျောင်းသားဦးရေဟာလည်း များပြားမှာဖြစ်ပါတယ်။ ဒေသနဲ့နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်မယ့် အင်ဂျင်နီယာပညာရှင်များ မွေးထုတ်ပေးခြင်း လည်းဖြစ်ပါတယ်။ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲရာတွင်လည်း အထောက်အကူဖြစ်မှာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူဖြစ်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်မေးမြန်းလိုတဲ့မေးခွန်းကတော့ နံပါတ်(၁) ဂန့်ဂေါမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှာ အစိုးရစက်မှုလက်မှုအထက်တန်းကျောင်း ဖွင့်လှစ် ပေးရန်အစီအစဉ်ရှိပါသလား။ နံပါတ်(၂) အစိုးရစက်မှုလက်မှုအထက်တန်းကျောင်း ဖွင့်လှစ်ရန် အစီအစဉ်ရှိပါက ဖွင့်လှစ်ပေးမည့်အချိန်ကာလအား သိရှိလိုပါကြောင်း မေးမြန်းပါသည်။
သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်အဖြစ်တည်ဆောက်ရာမှာ အဓိကအခန်းကဏ္ဍဖြစ်တဲ့ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးနိုင်ဖို့အတွက် လက်ရှိ အချိန်မှာ နည်းပညာတက္ကသိုလ် ၃၁ ခု၊ လေကြောင်းနဲ့ အာကာသပညာတက္ကသိုလ် ၁ ခု၊ အစိုးရနည်း ပညာကောလိပ် ၄ ခု၊ အစိုးရစက်မှုလက်မှုသိပ္ပံ ၁၀ ခုနဲ့ အစိုးရနည်းပညာ အထက်တန်းကျောင်း ၃၆ ခု၊ စုစုပေါင်းနည်းပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်း ၈၂ ခုနှင့် ကွန်ပျူတာတက္ကသိုလ် ၂၅ ခုကို ဖွင့်လှစ်ပြီးတော့ အင်ဂျင်နီယာနဲ့နည်းပညာအတတ်ပညာရှင်၊ ကွန်ပျူတာပညာရှင်တွေကို သင်ကြား မွေးထုတ်ပေးလျက်ရှိပါတယ်။ လက်ရှိအချိန်မှာ မကွေးတိုင်းဒေသကြီးအတွင်းမှာနည်းပညာတက္ကသိုလ် (မကွေး)၊ နည်းပညာတက္ကသိုလ်(ပခုက္ကူ)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ချောက်)၊ အစိုးရစက်မှုလက်မှု သိပ္ပံ(ရေနံချောင်း)နဲ့ အစိုးရစက်မှုလက်မှုသိပ္ပံ (ဂန့်ဂေါ) တို့ကိုဖွင့်လှစ်ပြီးတော့ အင်ဂျင်နီယာနဲ့ စက်မှု အတတ်ပညာရှင်တွေကိုမွေးထုတ်ပေးလျက်ရှိသလိုပဲ အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)နဲ့ အစိုးရနည်းပညာအထက်တန်းကျောင်း(ပခုက္ကူ) တို့ကိုဖွင့်လှစ်ပြီးတော့ အင်ဂျင်နီယာနဲ့ စက်မှုအတတ် ပညာဆိုင်ရာ အြခေခံကျွမ်းကျင်သင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။ မကွေးတိုင်း ဒေသကြီးအတွင်းမှာရှိတဲ့ နည်းပညာတက္ကသိုလ်များနဲ့ အစိုးရစက်မှုလက်မှှုှသိပ္ပံတွေမှာ ယခုလက်ရှိ ပညာသင်နှစ်မှာ AGTI ပထမနှစ်သင်တန်းသား ၂၀၅၄ ဦး၊ AGTI ဒုတိယနှစ်သင်တန်းသား ၁၅၅၇ ဦး ၊ B .Tech ပထမနှစ်သင်တန်းသား ၉၁၅ ဦး ၊ B .Tech ဒုတိယနှစ်သင်တန်းသား ၈၁၃ ဦးနဲ့ B.E သင်တန်းသား ၈၉၆ ဦး၊ စုစုပေါင်းသင်တန်းသား ၆၂၃၅ ဦးတက်ရောက် ပညာသင်ကြားလျက်ရှိပါ တယ်။ အလားတူပဲ လက်ရှိပညာသင်နှစ်မှာ မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အစိုးရနည်းပညာ အထက်တန်းကျောင်း(မကွေး)မှာ ပထမနှစ် သင်တန်းသား ၈၃ ဦးနဲ့ ဒုတိယနှစ်သင်တန်းသား ၁၁၁ ဦး၊ စုစုပေါင်းသင်တန်းသား ၁၉၄ ဦးရှိပြီးတော့ နည်းပညာအထက်တန်းကျောင်း (ပခုက္ကူ)မှာ ပထမနှစ် သင်တန်းသား ၅၀ ဦးနဲ့ ဒုတိယနှစ် သင်တန်းသား ၅၅ ဦး၊ စုစုပေါင်းသင်တန်းသား ၁၀၅ ဦးရှိတဲ့ အတွက် မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အစိုးရနည်းပညာ အထက်တန်းကျောင်းများမှာ စုစုပေါင်းသင်တန်းသား ၂၉၉ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပါတယ်။ ယခုပညာသင်နှစ်မှာ အစိုးရစက်မှုလက်မှုသိပ္ပံ (ဂန့်ဂေါ)မှာ မြို့ပြအင်ဂျင်နီယာသင်တန်း၊ အီလက်ထရောနစ် အင်ဂျင်နီယာ သင်တန်း၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာသင်တန်း၊ စက်မှုအင်ဂျင်နီယာသင်တန်းစတဲ့သင်တန်း(၄)မျိုးကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်ကြားရေးဆရာ၊ ဆရာမ ၃၈ ဦးက ပထမနှစ်သင်တန်းသား ၄၅ ဦးနဲ့ ဒုတိယနှစ် သင်တန်းသား ၈၂ ဦး၊ စုစုပေါင်းသင်တန်းသား ၁၂၇ ဦးကို အင်ဂျင်နီယာပညာရပ်များ သင်ကြားပို့ချပေးလျက်ရှိပါတယ်။ ဒါ့အပြင် မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဂန့်ဂေါမြို့နယ်နဲ့ ဆက်စပ်ပြီး မော်တော်ကားလမ်း၊ ရထားလမ်းများဖြင့် အလွယ်တကူဆက်သွယ်သွားလာနိုင်တဲ့ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းက ကလေးမြို့မှာ နည်းပညာတက္ကသိုလ်(ကလေး)နဲ့ အစိုးရနည်းပညာအထက်တန်းကျောင်း (ကလေး)တို့ကိုဖွင့်လှစ်ပြီးတော့ အင်ဂျင်နီယာအတတ်ပညာများကို သင်ကြားပို့ချပေးလျက်ရှိပါတယ်။ ကျွန်တော်တို့လေ့လာသိရှိချက်များအရ ၂၀၁၀-၂၀၁၁ ခု ပညာသင်နှစ်မှာ ကလေးမြို့နယ်အတွင်းမှာ အခြေခံပညာအလယ်တန်းအောင် ကျောင်းသား၊ ကျောင်းသူအရေအတွက် ၄၇၀၀ ကျော်ရှိတဲ့အနက် က ၄၇ ဦးပဲ အစိုးရနည်းပညာအထက်တန်းကျောင်း(ကလေး)မှာ တက်ရောက်သင်ကြားနေတဲ့အတွက် အခြေခံပညာအလယ်တန်းအောင်မြင်သူများရဲ့ ၁ ရာခိုင်နှုန်းလောက်ပဲ အခြေခံအင်ဂျင်နီယာ ပညာရပ် တွေကို တက်ရောက်သင်ကြားနေကြောင်းတွေ့ရှိရပါတယ်။ ဒီအစိုးရနည်းပညာအထက်တန်းကျောင်း (ကလေး)မှာ ပထမနှစ်ကျောင်းသားဦးရေ အနည်းဆုံး ၂၀၀ လောက်ကို လက်ခံသင်ကြားပေးနိုင်တဲ့ အတွက် ယခုတက်ရောက်နေတဲ့ ကျောင်းသားဦးရေဟာ လက်ခံနိုင်တဲ့ကျောင်းသားအင်အားထက် အများကြီးလျော့နည်းနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ အင်ဂျင်နီယာပညာရပ်များရဲ့ သဘောသဘာဝ အရ ကျောင်းသားတွေကို လက်တွေ့အသုံးချနိုင်တဲ့အထိ နားလည်တတ်ကျွမ်းအောင် သင်ကြားပို့ချ ပေးနိုင်ဖို့အတွက် ဆရာနဲ့ကျောင်းသား အချိုးညီညွတ်မျှတမှုနဲ့ လိုအပ်တဲ့သင်ထောက်ကူပစ္စည်းများ ဖြည့်တင်းပေးမှုစတာတွေကို ဟန်ချက်ညီညီဆောင်ရွက်ပေးဖို့ လိုအပ်သလို နည်းပညာကျောင်းတစ် ကျောင်းကို ထိထိရောက်ရောက်နဲ့ အကျိုးရှိရှိဖွင့်လှစ်ပေးနိုင်ဖို့ စဉ်းစားတဲ့နေရာမှာ အခုကျွန်တော် ဖော်ပြခဲ့တဲ့အချက်များကိုသာမက သက်ဆိုင်ရာနယ်မြေဒေသမှာရှိတဲ့ အလယ်တန်းနဲ့တက္ကသိုလ်ဝင် တန်းအောင်ကျောင်းသားအရေအတွက်နဲ့ အဆင့်၊ သင်ကြားပေးသင့်တဲ့ အထူးပြုဘာသာရပ်များ၊ ကျောင်းအဆောက်အဦနဲ့ ရေ၊ မီး ရရှိနိုင်မှုအခြေအနေစတဲ့အချက်တွေကိုပါ ထည့်သွင်းစဉ်းစားရပါ တယ်။ လက်ရှိအချိန်မှာ မကွေးတိုင်းဒေသကြီးအတွင်းမှာ နည်းပညာတက္ကသိုလ် နှစ် ခု၊ အစိုးရစက်မှု လက်မှုသိပ္ပံ သုံး ခုနဲ့ အစိုးရနည်းပညာအထက်တန်းကျောင်း နှစ် ခုတို့ကို ဖွင့်လှစ်ပေးထားပြီးဖြစ်လို့ ဂန့်ဂေါ၊ ထီးလင်းနဲ့ ဆောမြို့နယ်တွေက တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသားတွေအနေနဲ့ ဒီ နည်းပညာ တက္ကသိုလ်နဲ့သိပ္ပံတွေမှာ အင်ဂျင်နီယာပညာရပ်တွေကို သင်ယူလေ့လာနိုင်ပြီဖြစ်တဲ့အပြင် ဒီဒေသတွေက အခြေခံပညာအလယ်တန်းအောင် ကျောင်းသားများဟာလည်း မကွေးတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မကွေးမြို့၊ ပခုက္ကူမြို့နဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွေမှာ ဖွင့်လှစ်ထားပြီး ကျောင်းသားအရေအတွက်နည်းသေးတဲ့ အစိုးရနည်းပညာအထက်တန်းကျောင်းတွေမှာ အင်ဂျင်နီယာ ပညာရပ်တွေ ကိုစပြီးသင်ကြားနိုင်တဲ့အတွက် ဂန့်ဂေါမြို့မှာ အစိုးရနည်းပညာအထက်တန်းကျောင်းကို လောလောဆယ် ဖွင့်လှစ်ပေးဖို့ အစီအစဉ်မရှိသေးပါကြောင်းနဲ့ လိုအပ်လို့အခြေအနေပေးလာတဲ့ အချိန်မှာလက်ရှိအစိုးရ စက်မှုလက်မှုသိပ္ပံ(ဂန့်ဂေါ)မှာ အစိုးရနည်းပညာအထက်တန်းကျောင်းကိုပါ ပူးတွဲဖွင့်လှစ်ပေးသွားနိုင်ဖို့အတွက် စဉ်းစားဆောင်ရွက်ပေးနိုင်မယ့် အခြေအနေရှိနိုင်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
