(ဆ)-ဆေးပညာဘွဲ့ရဆရာဝန်များကို ကျန်းမာရေးဝန်ကြီးဌာနလက်အောက်၌ ခန့်ထားပေးမှုနှင့် စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၆-၈-၂၀၁၁)

ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဆေးပညာ ဘွဲ့ရဆရာဝန်များကို ကျန်းမာရေးဝန်ကြီးက ခန့်အပ်ပေးမည်ဟုပြောကြားသွားခဲ့ပြီး ၂၀၀၉ ခုနှစ် ဆေးပညာဘွဲ့ရသူများအား ခန့်အပ်မှုမရှိသေးသည်ကို သိပါသလား။ သိပါကအဘယ်ကြောင့်မခန့် အပ်သေးပါသနည်း။ မသိသေးပါက မည်သို့ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာ‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်
အဖြေ

ပြန်လည်ဖြေကြားရမယ်ဆိုရင် ကျန်းမာရေးဝန်ကြီးဌာနမှာ ဆရာဝန်များထမ်းဆောင်နေတဲ့ ရာထူး အဆင့်ဆင့်က စုစုပေါင်းခွင့်ပြု ၉၈၃၆ နေရာရှိတဲ့အနက် ကျွန်တော်တို့ ၇၅၆၀ နေရာမှာ ရာခိုင်နှုန်း အားဖြင့်တော့ ၇၆.၈၆ ရာခိုင်နှုန်းခန့်ထား တာဝန်ထမ်းဆောင်စေ လျက်ရှိပါတယ်။ ဆေးတက္ကသိုလ် အသီးသီးကနေ ဆေးပညာဘွဲ့ရရှိတဲ့ ဆရာဝန်သစ်လွင်တွေကို ကျန်းမာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ဦးစီးဌာနများမှာ လက်ထောက်ဆရာဝန် ဒါမှမဟုတ် အဆင့်တူနေရာများမှာ စတင်တာဝန် ထမ်းဆောင် စေပါတယ်။ အဓိကအားဖြင့်တော့ ကျွန်တော်တို့ ဆေးရုံဘက်၊ ကုသရေးဘက်လို့အသိများတဲ့  ကျန်းမာရေး ဦးစီးဌာနနဲ့ သင်ကြားရေးဘက်လို့အသိများ ဆေးသိပ္ပံပညာဦးစီးဌာနအောက်ရှိ ဆေးနဲ့နှီးနွယ် တက္ကသိုလ် တွေမှာ ခန့်အပ်ပေးလျက်ရှိပါတယ်။ ယခုလက်ရှိမှာ ကျန်းမာရေးဦးစီးဌာနမှာ လက်ထောက်ဆရာဝန် ရာထူးနေရာ ၅၅၈၁ ခွင့်ပြုချက်ရှိတဲ့ အနက် ၃၆၄၆ ဦးကိုခန့်အပ်ပြီးဖြစ်တဲ့နေရာမှာ ၁၉၃၅ နေရာလစ်လပ်လျက်ရှိပါတယ်။ ဆေးသိပ္ပံ ပညာဦးစီးဌာနမှာနည်းပြရာထူး ၉၂၂ နေရာရှိတဲ့အနက် ၆၅၄ နေရာခန့်ထားပြီးဖြစ်တဲ့နေရာမှာ     ၂၆၈ နေရာလစ်လပ်လျက်ရှိပါတယ်။ အဆိုပါလစ်လပ်လျက်ရှိတဲ့ရာထူး ၂၂၀၃ ခုအတွက်ကို ဆေးပညာ ဘွဲ့ရဆရာဝန်သစ်လွင်များဖြည့်စွက်ခန့်ထားရန် အစီအစဉ်ရှိပါတယ်။ ခန့်အပ်နိုင်ရေးအတွက်လည်း သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ မကြာမီခန့်ထား နိုင်မှာ ဖြစ်ပါကြောင်း ဖြေကြားပါသည်။