ရန်ကုန်-နေပြည်တော် အဝေးပြေး လမ်းမကြီး၏ မိုင်တိုင် ၅၀ ပတ်ဝန်းကျင်တွင် ညအချိန်မတော်နွားများ မကြာခဏတွေ့နေရပြီး နွားများကိုရှောင်တိမ်းလိုက်ရာ မော်တော်ယာဉ်တိမ်းမှောက်လုမတတ်ဖြစ်သွားတာ အကြိမ်ကြိမ် ဖြစ်ပါပြီ။ နောက်တစ်ခါ နွားများကိုတိုက်မိပြီး နွားများသေဆုံးမှုအထိလည်းဖြစ်ပွားနေသည်ကို တွေ့ရှိ ရပါသည်။ ကျွန်တော်မေးခွန်းတင်ထားတုန်းအချိန်မှာပဲ ၁၁-၉-၂၀၁၁ နေ့က အဝေးပြေးခရီးသည်တင် အမြန်ကားကြီးမှာနွားကိုတိုက်မိပြီးတော့ တိမ်းမှောက်လုမတတ်ဖြစ်ကြောင်းထပ်မံပြီးတော့ သိရှိရ ပါတယ်။ သို့ပါ၍ အဆိုပါနွားများကြောင့် ခရီးသည်များ၏အသက်အန္တရာယ်ကို လွန်စွာစိုးရိမ်နေရပါ သဖြင့် သက်ဆိုင်ရာမှအရေးယူဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်-နေပြည်တော်လမ်းမကြီးတစ်လျှောက်တွင် မော်တော် ဆိုင်ကယ်စီးနင်းခြင်းမပြုရဟုတားမြစ်ထားသော်လည်း မော်တော်ဆိုင်ကယ်များစီးနင်းနေသည်ကို တွေ့ရှိရပါသည်။ ၎င်းကိစ္စမှာလည်းခရီးသည်တင်ယာဉ်ကြီးများအတွက် အန္တရာယ်များတွေ့ရှိနိုင်သည် ဖြစ်ပါ၍ သက်ဆိုင်ရာမှအရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာပြည်တစ်ဝန်း အဝေးပြေးလမ်းမကြီးများတွင် ယာဉ်မောင်းများ၏ မှားယွင်းစွာကျင့်သုံးသော အချက်ပြမီးကိစ္စတင်ပြပါမယ်။ မော်တော်ယာဉ်၏ အချက်ပြမီးသဘောမှာ မိမိကွေ့လိုသောဘက် သို့မဟုတ် မိမိယာဉ်ကြောပြောင်းလိုသောဘက်သို့ ပြသရန်ဖြစ်သော်လည်း အဝေးပြေးလမ်းမကြီးတစ်လျှောက်တွင်မူ မိမိ၏နောက်မှယာဉ်ကို ကျော်တက် စေလိုပါက လက်ဝဲဘက်ကအချက်ပြမီးကိုပြ၍ ကျော်တက်စေခြင်းပြုလုပ်နေကြပါသည်။ လုံးဝ မှားယွင်းသောစနစ်ဖြစ်ပါသည်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်-နေပြည်တော်အဝေးပြေးလမ်းမကြီးမှာ ထိုကဲ့သို့ အချက်ပြမီးမှားယွင်းမှုကြောင့် ကျော်တက်မှုမှားယွင်းသဖြင့် ၂၀၁၀ ခု၊ ဒီဇင်ဘာလက မိုင်တိုင် ၉၃ မှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး ကျွန်တော်၏ မိတ်ဆွေတစ်ဦး သေဆုံးပြီး မိသားစု ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ထိုသို့အချက်ပြမီးမှားယွင်းမှုကို သက်ဆိုင်ရာမှနည်းမျိုးစုံဖြင့် ပညာပေးသည် ကိုလည်း တွေ့ရှိရပါသည်။ ရုပ်မြင်သံကြား၊ သတင်းစာ၊ ရေဒီယိုတို့မှ ပညာပေးသော်လည်း ယနေ့ထိ လိုက်နာမှုမရှိသေးသည်ကို တွေ့ရှိရပါတယ်။ သို့ပါ၍ အဆိုပါကိစ္စအား ထိရောက်စွာအရေးယူဆောင် ရွက်နိုင်ရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လက်ရှိအခြေအနေမှာ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမပေါ်မှာရှိတဲ့ (ဃ) အဆင့်ရဲစခန်းတွေကို ရန်ကုန်နဲ့နေပြည်တော်အကြားမှာ ၇ ခု၊ နေပြည်တော်နဲ့မန္တလေးကြားမှာ ၅ ခုထားရှိပြီးတော့ အမြန်လမ်းတစ်လျှောက်လုံခြုံရေးနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး တို့အတွက်ကို ထားရှိခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် အမြန်လမ်းမကြီးပေါ်မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အပြည့်အဝဆောင်ရွက်နိုင်ဖို့ (ဃ) အဆင့်ရဲစခန်းတွေကနေ (က)အဆင့်ရဲစခန်းများ အထိ မြှင့်တင်အင်အားတိုးချဲ့ရေးနဲ့ ရဲစခန်းများနဲ့အလှမ်းကွာဝေးတဲ့ တံတားကြီးများမှာလည်း တံတားကင်းရဲစခန်းများထားရှိပြီး လုံခြုံရေးနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး ဆောင်ရွက်ဖို့စီမံထားရှိပြီးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်ပြဋ္ဌာန်းထားတဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီရဲ့ လမ်းမကြီးများ ဥပဒေအမှတ်(၈/၂၀၀၀) မှာလည်း လမ်းမကြီးများဥပဒေပုဒ်မ ၂၉(က)အရ လမ်းမကြီးရဲ့လမ်းမျက်နှာ ပြင်ပေါ်မှာ တိရစ္ဆာန်များကို မောင်းနှင်ခြင်း၊ ဆွဲယူခြင်း၊ စီးနင်းခြင်း၊ ချည်နှောင်ထားခြင်း၊ ထိန်းကျောင်းခြင်း၊ လွှတ်ကျောင်းခြင်းမပြုရလို့ ပြဋ္ဌာန်းထားသလို အဲ့ဒီဥပဒေကို ဖောက်ဖျက်လို့ ရှိရင်လည်း ထောင်ဒဏ်သုံးလအထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ချမှတ်ခြင်းခံရမယ်လို့လည်း ပြဋ္ဌာန်းထားပြီး ဆောင်ရွက်လျက်ရှိနေပါတယ်။ အမြန်လမ်းမကြီး ဘေးတစ်လျှောက်မှာရှိတဲ့ရွာများက ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးကိစ္စတွေအတွက် အမြန်လမ်း မကြီးပေါ်မှာ ဆိုင်ကယ်များအသုံးပြုသွားလာနေမှုများကိုဖြစ်စေ၊ အလားတူ ရန်ကုန်မှ မိုင်တိုင် ၅၀ ပတ်ဝန်းကျင်မှာ နွားများအုပ်စုလိုက် ညအချိန်မတော် လမ်းမပေါ်တက်ရောက်နေမှုများကိုဖြစ်စေ၊ အမြန်လမ်းမကြီးပေါ်မှာတာဝန်ပေးထားတဲ့ ရဲစခန်းများနဲ့ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းတို့က အရေးယူဆောင်ရွက်လျက်ရှိနေပါတယ်။ ယာဉ်မောင်းများရဲ့ မှားယွင်းတဲ့အချက်ပြစနစ်ကို ကျင့်သုံးနေ တဲ့ကိစ္စနဲ့ပတ်သက်ပြီး အမြန်လမ်းမကြီးပေါ်မှာ ယာဉ်ကျော်တက်ဖို့ အချက်ပြတဲ့အခါ ယာဉ်ရဲ့ဝဲဘက် အချက်ပြမီးကိုအသုံးပြုပြီး ကျော်တက်ခိုင်းလေ့ရှိတာကို တွေ့ရှိရတဲ့အတွက်လည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ ယာဉ်ထိန်းတပ်ဖွဲ့ဝင်တွေက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောဆွေးနွေးလျက်ရှိနေပါတယ်။ ဒါ့အပြင် အဲဒီဟောပြောပွဲတွေမှာ မှားယွင်းနေတဲ့အချက်ပြ စနစ်ကိုအသုံးမပြုဖို့ ထည့်သွင်းဟောပြောတဲ့အပြင် အသိပညာပေးခြင်းနဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့ကလည်း ပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိနေပါကြောင်း ပြန်လည်ဖြေကြား ပါသည်။
