ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်များအနေဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြုလုပ်ခြင်း၊ သန်းခေါင်စာရင်းပြောင်းရွှေ့ခြင်း၊ မွေးစာရင်းတိုးခြင်းတို့ပြုလုပ်ရာတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးမှ အကြောင်းအမျိုးမျိုးပြလျက် အချိန်ကြာမြင့်စွာဆိုင်းငံ့ထားသည်ကို ပြည်ထောင်စု အစိုးရက သိပါသလား။ သိပါကအဘယ်ကြောင့် နှစ်နှင့်ချီ၍ဆိုင်းငံ့ထားရပါသနည်း။ မသိပါက အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ပါခြင်း ရှိ/မရှိကို မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်မှာ တရားဝင်အိမ်ထောင်စုဝင်လူဦးရေစာရင်းနှင့် နေထိုင်သူ အိမ်ထောင်စုပေါင်း ၃၆၃၉၆ စုရှိပြီး လူဦးရေအနေနဲ့ ၁၇၃၃၂၉ ဦးရှိပါတယ်။ အဲဒီအနက်မှာ အစ္စလာမ်ဘာသာကိုးကွယ်သူအိမ်ထောင်စု ဝင်ပေါင်း ၅၈၃၈ စုရှိပြီး၊ လူဦးရေအနေနဲ့ ၂၂၁၀၃ ဦးရှိပါတယ်။ ဒါကြောင့် အစ္စလာမ်ဘာသာဝင် လူဦးရေဟာတရားဝင်စာရင်းအရ တစ်မြို့နယ်လုံးလူဦးရေရဲ့ ရှစ်ပုံတစ်ပုံခန့်ရှိကြောင်း တရားဝင် စာရင်းအရ စိစစ်ရရှိချက်ကို ပထမဦးဆုံးအသိပေးပြောကြားလိုပါတယ်။ မေးမြန်းချက်မှာ နိုင်ငံသား စိစစ်ရေးကတ်ထုတ်ပေးရေးနဲ့ အိမ်ထောင်စုဝင်လူဦးရေစာရင်းထုတ်ပေးရေးကိစ္စဆိုပြီး အချက် နှစ်ချက်ပါရှိကြောင်းတွေ့ရပါတယ်။ နိုင်ငံတွင်းမှာနေထိုင်တဲ့သူတွေနဲ့ပတ်သက်လို့ သတ်မှတ်အသက် အရွယ်ကိုရောက်တဲ့အခါမယ် နိုင်ငံသားကတ်၊ ဧည့်နိုင်ငံသားကတ်၊ နိုင်ငံသားပြုကတ်နဲ့ အခြား အထောက်အထားတစ်မျိုးမျိုးကိုကိုင်ဆောင်ကြရမှာဖြစ်ပါတယ်။ နိုင်ငံသားစိစစ်ရေးကတ်ဆိုတာက တော့ ဥပဒေပါနိုင်ငံသားအရည်အချင်းပြည့်မီသူတွေကိုသာ ထုတ်ပေးခြင်းဖြစ်ကြောင်း ကနဦး ပြောကြားလိုပါတယ်။ မေးခွန်းမှာ ပထမအချက်ဖြစ်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေးနှင့် ပတ်သက်ပြီးစိစစ်ကြည့်ရာမှာ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေအနက် အသက် ၁၀ နှစ်နဲ့ အထက်ရှိသူတွေကိုဥပဒေနဲ့အညီ ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးဖို့မှာ ၁၅၇၁၁ ဦးဖြစ်ပြီး၊ ထုတ်ပေးရန်ကျန်တဲ့ဦးရေက ၅၆၂၃ ဦးဖြစ်ပါတယ်။ လက်ရှိအချိန်ထိလုပ်ငန်းများရပ်ဆိုင်းမှုရှိ၊ မရှိ စိစစ်နိုင်ဖို့ ၂၀၀၇ ခုနှစ်ကစပြီး မနေ့က ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့အထိ ငါးနှစ်တာကာလ စာရင်းဇယားတွေကို ပြန်လည်စိစစ်ကြည့်ရာမှာ ရသင့်တဲ့ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးဖို့လျှောက် ထားသူ ၇၂၁၁ ဦးအနက်က ရသင့်တဲ့ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးပြီးစီးမှုဟာ ၆၉၃၈ဦး ဖြစ်ပြီး ထုတ်ပေးဖို့ကျန်တဲ့ဦးရေဟာ၂၇၃ဦး ဖြစ်ကြောင်းတွေ့ရပါတယ်။ ထုတ်ပေးဖို့ကျန်တဲ့အမှုတွဲတွေကို စိစစ်ကြည့်ရာမှာ အများစုဟာ ၂၀၁၁ ခုနှစ်အတွင်း လက်ကျန်အမှုတွေဖြစ်ပြီးတော့ လက်ကျန်တွေဟာ လာရောက်လျှောက်ထားသူတွေဘက်ကတင်ပြရမယ့် ဘိုးဘွားဆိုင်ရာအထောက်အထားမရှိတာတွေ၊ အိမ်ထောင်စုဝင်စာရင်းပါအမည်စာရင်းမှားယွင်းလို့ ပြင်ဆင်မှုမတက်နိုင်တာတွေ၊ နိုင်ငံခြားသား အဖြစ်မှစွန့်လွှတ်ပြီး နိုင်ငံသားအဖြစ်ခံယူကြောင်းကျမ်းကျိန်မှုမပြုသူတွေ စတာတွေကျန်နေပြီးတော့ အများစုဟာ ခိုင်မာတဲ့အထောက်အထားတွေ ပြန်မတင်ပြနိုင်သေးလို့ လာရောက်ဆက်သွယ်မှု မရှိကြဘဲ ယာယီကတ်တစ်မျိုးမျိုးကိုပဲကိုင်ပြီး နေထိုင်နေကြတာတွေဖြစ်ကြောင်းဖော်ထုတ်သိရှိရ ပါသည်။
ဒါ့အပြင် လတ်တလောဆောင်ရွက်နေတဲ့ ဖြေလျှော့ရေးစီမံချက်ကာလ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ မနေ့ကသြဂုတ်လ၂၅ ရက်နေ့အထိ ၅၆ ရက်တာကာလအတွင်းမှာ သင်္ဃန်းကျွန်းမြို့နယ် အတွင်းမှာရှိတဲ့ အထောက်အထားပြည့်စုံစွာတင်ပြနိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေအတွက် ကတ်တစ် မျိုးမျိုးထုတ်ပေးမှုမှာ ၂၆ ဦးရှိကြောင်းတွေ့ရပါတယ်။ အဲဒီကာလအတွင်းမှာ ဝန်ထမ်းတွေအနေနဲ့ သဃင်္န်းကျွန်းမြို့နယ်အတွင်း ရပ်ကွက် ၃၈ ခုမှာ ကွင်းဆင်းဆောင်ရွက်ပေးမှု ၄၅ ကြိမ်ရှိခဲ့ပြီး ရုံးဖွင့် ရက်သာမက စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှာလည်း ရပ်ကွက် ၁၂ ခုကို ၁၃ ကြိမ် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ပြီးဖြစ်ပါတယ်။ စီမံချက်တွေနဲ့ပတ်သက်ပြီး မရှင်းလင်းတဲ့၊ အကူအညီလိုတဲ့ ရပ်ကွက်နေပြည်သူ တွေကိုလည်း ကြိမ်ဖန်များစွာတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ကျွန်တော် အထက်ကတင်ပြခဲ့တဲ့ အချက်တွေကိုကြည့်ရင် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေးလုပ်ငန်းစဉ်များဟာ သြဂုတ်လ ၂၅ ရက်နေ့၊ မနေ့ကအထိ နိုင်ငံတစ်ဝန်းဘယ်နေရာမှာမှဆိုင်းငံ့ရပ်ဆိုင်းနေခြင်းမရှိဘဲ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေပါကြောင်းအသိပေးပြောကြားလိုပါတယ်။
မေးခွန်းပါ ဒုတိယ အချက်ဖြစ်တဲ့ အိမ်ထောင်စုဝင်လူဦးရေစာရင်းများထုတ်ပေးမှုကိုစိစစ်ကြည့်ရာမှာ သင်္ဃန်းကျွန်း မြို့နယ်အတွင်းကို အခြားဒေသမှပြောင်းဝင်လာတဲ့ ပြောင်းဝင်၃၉၈ဦး၊ အခြားဒေသသို့ပြောင်းရွှေ့ ထွက်ခွာသွားတဲ့ ပြောင်းထွက်၂၁၄ ဦးနဲ့ မွေးဖွားမှုကြောင့် လူဦးရေစာရင်းတိုးရတဲ့ မွေးတိုး ၄၀၆ ဦး ကိုထုတ်ပေးထားပြီးဖြစ်ကြောင်းတွေ့ရပါတယ်။ စီမံချက်လုပ်နေတဲ့ ၂၀၁၁ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ မှသြဂုတ်လ ၂၅ ရက်နေ့အထိ အိမ်ထောင်စုဝင်လူဦးရေစာရင်းထုတ်ပေးမှုကို သီးခြားထုတ်နုတ် ကြည့်ရာမှာလည်း အစ္စလာမ်ဘာသာဝင်များအနေနဲ့ အိမ်ထောင်စုအလိုက်ပြောင်းဝင်နှစ်စု၊ တစ်ဦးချင်း ပြောင်းဝင်အပါအဝင် လူဦးရေ စုစုပေါင်း ၂၇ ဦး၊ အဲဒီကာလအတွင်း မွေးဖွားသူ ၂၃ ဦး စတာတွေကိုထုတ်ပေးမှုပြုလုပ်ခဲ့ကြောင်းစိစစ်တွေ့ရပါတယ်။ ၂၀၀၇ ခုနှစ်ကနေပြီးတော့ ၂၀၁၁ခုနှစ၊် သြဂုတ်လ ၁၃ ရက်နေ့အထိ ငါးနှစ်တာကာလတစ်လျှောက်လုံးကို စိစစ်ကြည့်ရာမှာလည်း သင်္ဃန်းကျွန်းမြို့နယ်ထဲကို အစ္စလာမ်ဘာသာဝင်များ အခြားဒေသမှပြောင်းဝင်ခြင်း၊ အခြားဒေသသို့ ပြောင်းထွက်ခြင်း၊ မွေးဖွား၍လူဦးရေတိုးခြင်း၊ သေဆုံးသဖြင့်စာရင်းလျှော့ခြင်း စတဲ့လုပ်ငန်းများမှာ လုပ်ငန်းလက်ကျန်လုံးဝမရှှိပါကြောင်းနှင့် သြဂုတ်လ ၂၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်းလုံးမှာ အိမ်ထောင်စုဝင်လူဦးရေစာရင်းနဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်ရွက်မှုများမှာလည်း ဆိုင်းငံ့ရပ်ဆိုင်း ထားခြင်းလုံးဝမရှိပါကြောင်း စိစစ်ဖော်ထုတ်ရရှိပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ဒီနေရာမှာမေးခွန်းနဲ့ဆက်စပ်နေတဲ့ လူတစ်ယောက်အတွက် နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်ခွင့်ရခြင်း၊ မရခြင်းဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်အလျဉ်း သင့်လို့အနည်းငယ်ရှင်းပြလိုပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၈၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံသားဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိချိန်ကစပြီးတော့ မြန်မာနိုင်ငံသားဥပဒေ မပေါ်ပေါက်ခင်အချိန်အထိ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းမှာ နေထိုင်ကြတဲ့ နိုင်ငံခြားသားများ၊ နိုင်ငံခြားသွေးနှောကပြားများ၊ နိုင်ငံသားဟုတ်၊ မဟုတ် သံသယရှိ သူတွေဟာ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် ရွေးချယ်ရေးအက်ဥပဒေနဲ့ ၁၉၄၈ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေတို့အရ မြန်မာနိုင်ငံသားအဖြစ်ကို ရရှိဖို့လျှောက်ထား ခွင့်ရှိခဲ့ကြပါတယ်။ အဲဒီလိုလျှောက်ထားခဲ့လို့ ဥပဒေနဲ့လိုက်နာဆောင်ရွက်ခဲ့သူအများအပြားကိုလည်း နိုင်ငံတော်ကမြန်မာနိုင်ငံသားအဖြစ်အသိအမှတ်ပြုခဲ့ပေးပြီးဖြစ်ပါတယ်။ ၎င်းတို့ဟာ ဥပဒေအရ သားစဉ်မြေးဆက်ခိုင်မာသောမြန်မာနိုင်ငံသားအဖြစ်ကိုလည်း ရရှိခဲ့ပြီးဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပေါ်ပြီးနောက်ပိုင်းမှာတော့ တိုင်းရင်းသားနဲ့၊ တိုင်းရင်းသားမိဘနှစ်ပါးက မွေးဖွားသူမဟုတ်တဲ့ အခြားလူမျိုးနဲ့၊ အခြားလူမျိုးသွေးနှောတွေကို နိုင်ငံသားဖြစ်၊ မဖြစ်သတ်မှတ်ကြ ရာမှာ ၁၉၈၂ ခုနှစ်၊ ဥပဒေပုဒ်မ ၆ မှာ ဤဥပဒေအာဏာတည်တဲ့နေ့တွင် နိုင်ငံသားဖြစ်ပြီးသူသည် နိုင်ငံသားဖြစ်သည်ဆိုထားပါတယ်။ ပုဒ်မ ၇ မှာတော့ ဤဥပဒေအာဏာတည်ပြီးနောက် နိုင်ငံတော် အတွင်း၌ဖြစ်စေ၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေ၊ မွေးဖွားတဲ့ နိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသူများ၊ နိုင်ငံသားနှင့် ဧည့်နိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသူများ၊ နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူမိဘ နှစ်ပါးကမွေးဖွားသူများ၊ ဧည့်နိုင်ငံသားမိဘနှစ်ပါးကမွေးဖွားတဲ့ သားသမီးနှင့် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှမွေးဖွားသူများ၊ နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးက မွေးဖွားသူသားသမီးနဲ့ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသား ပြုခွင့်ရသူမိဘနှစ်ပါးမှမွေးဖွားသူများ စတာတွေဟာ နိုင်ငံသားလို့သတ်မှတ်ခဲ့ကြပါတယ်။ ဒါကြောင့် နိုင်ငံသားစစ်စစ်မဟုတ်သူများကို ကျွန်တော်စောစောကရှင်းပြခဲ့တဲ့ ပုဒ်မ ၆ နဲ့ ပုဒ်မ ၇ တို့အရ နိုင်ငံသားဖြစ်ကြောင်း အထောက် အထားပြည့်စုံစွာတင်ပြနိုင်မှသာ နိုင်ငံသားအဖြစ်သတ်မှတ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံသားအဖြစ် သတ်မှတ်နိုင်မှလည်း ကျန်တဲ့ကိစ္စများဟာ ဆက်လက်ဆောင်ရွက်လို့ရမယ့် ကိစ္စများဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၁၉ မှာနိုင်ငံသားတစ်ဦးဟာ မသမာသော နည်းလမ်းနဲ့ နိုင်ငံသား လက်မှတ် သို့မဟုတ် ဧည့်နိုင်ငံသားလက်မှတ် သို့မဟုတ် နိုင်ငံသားပြုခွင့် လက်မှတ်ကို သူတစ်ဦး ရရှိစေရန် အားပေးကူညီလျှင် ထောင်ဒဏ်ခုနှစ်နှစ်နဲ့ ငွေကျပ် ၁၀၀၀၀ ကျခံစေရ မည်ဟု အတိအလင်းဖော်ပြထားလို့ မိမိဝန်ထမ်းများအနေနဲ့လည်း ဘိုးဘွား၊ ဘိုးဘွားဆိုင်ရာ အချက်အလက် များကို စနစ်တကျစိစစ်ရတဲ့တာဝန်ရှိသလို ကာယကံရှင်များဘက်ကလည်း အထောက် အထား အချက်အလက် ပြည့်စုံမှန်ကန်စွာတင်ပြနိုင်မှသာလျှင် ဥပဒေနှင့်ညီညွတ်ပါက နိုင်ငံသားအဖြစ် ရရှိမှာဖြစ်ပါတယ်။ ဒါကိုကြည့်ရင် နိုင်ငံသားစိစစ်ရေးကတ်ရဖို့ သတ်မှတ်ထားတဲ့နိုင်ငံသား အရည်အချင်းပြည့်စုံမှုရှိ၊မရှိဆိုတဲ့အချက်ဟာ အရေးကြီးပြီး စနစ်တကျအချိန်ယူစိစစ်ရန်လိုအပ် ကြောင်းသိရှိနိုင်မှာဖြစ်သလို ကြန့်ကြာမှုများဟာလည်းအများအားဖြင့် ကာယကံရှင်များရဲ့အထောက် အထား၊ အချက်အလက်မှန်ကန်ပြည့်စုံမှုအပေါ် လုံးဝမူတည်လျက်ရှိပါကြောင်း အသိပေးဖြေကြား အပ်ပါတယ်။
နိဂုံးချုပ်အနေနဲ့အချက်သုံးချက်ကို ဖြည့်စွက်တင်ပြလိုပါတယ်။ ပထမအချက်အနေနဲ့ ဒီဝန်ကြီး ဌာနဟာ “မြေမြို၍လူမျိုးမပြုတ်၊ လူမြိုမှလူမျိုးပြုတ်မည် ”ဆိုတဲ့ဆောင်ပုဒ်ကို အလေးထားဆောင်ရွက် လျက်ရှိတဲ့ဌာနတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံသားအရည်အချင်းပြည့်မီသူတွေကို နိုင်ငံသား စိစစ်ရေးကတ်ပြားများ လျင်မြန်လွယ်ကူစွာထုတ်ပေးရန်တာဝန်ရှိသလို နိုင်ငံသားအရည်အချင်း ပြည့်မီခြင်းမရှိသူတွေကိုလည်း မှားယွင်းထုတ်ပေးမှုမပြုမိစေရန် အချိန်ယူစိစစ်ပေးရသည့် တာဝန်ရှိ ပါကြောင်းအသိပေးပြောကြားလိုပါတယ်။ ဒုတိယအချက်အနေနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးရေးလုပ်ငန်းစဉ်များဟာ ကိုးကွယ်တဲ့ဘာသာနဲ့ လူမျိုးအပေါ် အခြေခံစဉ်းစားခြင်းမဟုတ်ဘဲ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေအပေါ် အခြေတည်၍သာဆုံးဖြတ်ခြင်းဖြစ်ပါတယ်။ ဤဥပဒေ ပြဋ္ဌာန်းချက်များအရ နိုင်ငံသားအရည်အချင်းပြည့်မီသူ၊ မည်သည့်ဘာသာဝင်၊ မည်သည့်လူမျိုးကိုမဆို နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးလျက်ရှိပါကြောင်း အသိပေးပြောကြားလိုပါတယ်။ ကနေ့ အချိန်ထိ မြန်မာနိုင်ငံတစ်ဝန်းမှာ လူမျိုးဘာသာမျိုးစုံပါဝင်တဲ့ ပြည်သူလူထုစုစုပေါင်း ၃၇၈၇၃၈၄၅ ဦး ကိုနိုင်ငံသားစိစစ်ရေးကတ်ပြားများ အတည်ပြုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သာဓကအားဖြင့်တင်ပြလို ပါတယ်။ တတိယအချက်အနေနဲ့ ဒီဝန်ကြီးဌာနအနေနဲ့ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ကစလို့ မိုးဝင်အဆင့် ၁ အမည်နဲ့ နိုင်ငံသားစိစစ်ရေးကတ်နဲ့ အိမ်ထောင်စုဝင်လူဦးရေစာရင်းတွေကို ဖြေလျှော့ ပေးတဲ့စနစ်တွေနဲ့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ အရှိန်အဟုန်နဲ့ဆောင်ရွက်ပေးနေတယ်ဆိုတာ အားလုံး အသိဖြစ်ပါတယ်။ မနေ့က သြဂုတ်လ ၂၅ ရက်နေ့အထိ စီမံချက်ကာလ ၅၆ ရက်အတွင်းမှာ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ၄၉၁၄၄၄ ကတ်နဲ့ အိမ်ထောင်စုဝင်လူဦးရေစာရင်း ၇၄၁၂၈ စောင်ကိုထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ အဲဒီအထဲမှာ သင်္ဃန်းကျွန်းမြို့နယ်တစ်ခုတည်းမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၃၅၉ ခုနဲ့ အိမ်ထောင်စုဝင်လူဦးရေစာရင်း ၅၅၉ စောင်ကိုလည်း ထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ စီမံချက်မတိုင်မီကာလကထက် ခုနှစ်ဆကျော်ဆောင်ရွက်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် သင်္ဃန်းကျွန်းမြို့နယ်အတွင်းကျွန်တော်တို့ရဲ့ ဆောင်ရွက်နေမှုကို သုံးသပ်နိုင်မှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရတာဟာ ၂၀၁၁ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ နိုင်ငံသားမိဘနှစ်ပါးကမွေးဖွားတဲ့ နိုင်ငံသားများကို နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုဝင်လူဦးရေစာရင်းများ သက်သာသောစရိတ်နှုန်းထားဖြင့် မြန်ဆန်စွာထုတ်ပေးနိုင်ရန်နည်းလမ်းရှိ၊ မရှိနဲ့ ရှိရင်ဘယ်တော့ဆောင်ရွက်ပေးမှာလဲဆိုတဲ့ မေးမြန်း ချက်အပေါ်မှာ ဒီမေးမြန်းချက်ဟာ ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံအဖြစ် အလေးထားမှတ်ယူထားပြီး ပြည်သူ့ဆန္ဒကိုဖြည့်ဆည်းရန်ရည်ရွယ်ချက်နဲ့ အဖွဲ့အစည်းစုံနဲ့ ညှိနှိုင်းပြီးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ စီမံချက်မစမီကာလကပဲ မြို့နယ်ရုံးတွေမှာ အသိပညာပေးဆိုင်းဘုတ်များကပ်ထားခြင်း၊ ဆက်သွယ် ဆောင်ရွက်ရန်တယ်လီဖုန်းနံပါတ်၊ Fax နံပါတ်များကြေညာခြင်း၊ မြန်မာ့ရုပ်မြင်သံကြားနဲ့ မြဝတီ အသံလွှင့်ဌာနတွေမှာ တွေ့ဆုံမေးမြန်းခန်းများပြုလုပ်ခြင်း၊ ကျေးရွာရပ်ကွက်အရောက် လက်ကမ်း စာစောင်များဝေငှခြင်း၊ အင်တာနက်ဝက်ဆိုက်များမှ နေ့စဉ်အသိပေးအသီးသီးကြေညာခြင်းများ ပြုလုပ်ခဲ့ပြီး နိုင်ငံသားအရည်အချင်းပြည့်မီသူတွေအတွက် လုပ်ရမယ့်လုပ်ငန်းစဉ်တွေနဲ့ သွေးနှောများ အတွက် ဆောင်ရွက်ဖွယ်ရာများကိုလည်းရှင်းပြခဲ့ပြီးဖြစ်ပါတယ်။ အခုလို ကျွန်တော်ထပ်မံရှင်းလင်း ပြောကြား ရခြင်းဟာ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ဆန္ဒကိုအလေးထားဆောင်ရွက်နေ ကြောင်းနဲ့ အချိန် အခါမရွေးဆက်သွယ်မေးမြန်းနိုင်အောင် မီဒီယာနည်းပေါင်းစုံနဲ့ ကြိုတင်လမ်းဖွင့် ပေးခဲ့ပြီးဖြစ်ကြောင်းကို အသိပေးပြောကြားလိုခြင်းမျှသာဖြစ်ပါတယ်။ ဒါကြောင့် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အနေနဲ့ ဤဝန်ကြီး ဌာနကဆောင်ရွက်ပေးတဲ့လုပ်ငန်းတာဝန်များနဲ့ ပတ်သက်လို့ မရှင်းလင်းခြင်း၊ နစ်နာသည်ဟုယူဆခြင်း၊ ဆောင်ရွက်မေးမြန်းလိုခြင်းများရှိပါက အခုအချိန်မှာ နယ်မြေကွင်းဆင်းဆောင်ရွက်နေချိန်ဖြစ်လို့ မြေပြင်မှာ တွေ့ဆုံမေးမြန်းနိုင်သလို ဘယ်နေရာမှာပဲမဆို တာဝန်ရှိသူအဆင့်ဆင့်နဲ့ တိုက်ရိုက်မေးမြန်းနိုင်ပါကြောင်းနဲ့ ပြည်သူများရဲ့လိုအပ်ချက်ကိုဥပဒေနဲ့ အညီကူညီဆောင်ရွက်ပေးရန် အသင့်ရှိပါကြောင်းဖြေကြားပါသည်။
