(ဋ)-ကျေးရွာများ လျှပ်စစ်မီးလင်းရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၄၁) ရက်မြောက်နေ့ (၂၅-၁၀-၂၀၁၁)

ကယားပြည်နယ် အတွင်းမှာရှိတဲ့ ဓာတ်အားလိုင်းများအနီး ဝန်းကျင်ရှိ လျှပ်စစ်မီးလင်းရေး ကိုယ်ထူကိုယ်ထ ဆောင်ရွက် နိုင်ခြင်းမရှိသည့် ကျေးရွာများအား နိုင်ငံတော်မှ လျှပ်စစ်မီးလင်းရေး စီစဉ်ဆောင်ရွက်ပေးမှု အစီအစဉ် ရှိ၊ မရှိဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်ခင်ဗျား။ လေးစားအပ်တဲ့ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ကယား ပြည်နယ်ဟာ လျှပ်စစ်နှင့်ပတ်သက်ရင် မွေးဖွားရာ ပြည်နယ်မြို့တစ်မြို့ ဖြစ်တာနဲ့အညီ ကျွန်တော်တို့ လွိုင်ကော်မြို့ကိုလည်း လျှပ်စစ်မြို့တော် လွိုင်ကော်လို့ အမည်နာမတင်စားခံထားရတဲ့ မြို့တစ်မြို့ လည်းဖြစ်ပါတယ်။ အလားတူ လောပိတလျှပ်စစ်မီး ကျွန်တော်တို့ မြန်မာနိုင်ငံတနံတလျားကို နှစ်ပေါင်း ၅၀ ကျော်ပေးခဲ့ပြီးဖြစ်သလို ကယားပြည်နယ်မှာရှိတဲ့ ကျေးရွာသူ၊ ကျေးရွာသားများဟာလည်း လျှပ်စစ် တာဝါတိုင်များကို လုံခြုံရေးယူခဲ့တာဟာ နှစ်ပေါင်း ၅၀ ကျော်ရှိခဲ့ပြီလို့ တင်ပြပါရစေခင်ဗျား။ ဒါကြောင့်မို့လို့ ကယားပြည်နယ်အတွင်းမှာရှိတဲ့ လွိုင်ကော်မြို့နယ်အတွင်းမှာ အောင်ပန်းလမ်းပေါ်မှာ ရှိတဲ့ ၁၂ မိုင်ဝေးကွာတဲ့ လွိုင်လင်လေးကျေးရွာ၊ တီးစခါးကျေးရွာများဟာ ကိုယ်ထူကိုယ်ထမီးလိုင်း များ၊ ထရန်စဖော်မာများဆောင်ရွက်ပြီး မီးလိုင်းအတွက်ဆောင်ရွက်ရန် အခက်အခဲတွေရှိနေခဲ့ပါ တယ်။ ထိုနည်းတူ လွိုင်လင်လေးမှ တီးလုံသို့ ဆွဲပေးမည်ဆိုပါကလည်း မိုင်အားဖြင့် ၉ မိုင်၊ ကျေးရွာ ပေါင်းရွာ ၂၀ အတွက် လျှပ်စစ်မီးခံစားနိုင်ကြမှာဖြစ်ပါတယ်။

အလားတူ ကုန်းသာကျေးရွာအုပ်စုမှာ ဆိုရင်လည်းပဲ လွိုင်ကော်မှ ၁၂ မိုင်သာကွာဝေးပြီး ကုန်းသာမှ ဌေးငါးလာရွာထိ မီးသွယ်ပေးမည်ဆို ပါကမီးလိုင်းတစ်လျှောက်မှာ ရွာပေါင်း ၄၀ ကျော်ကို မီးလင်းပေးနိုင်မှာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ လွိုင်လင်ကျေးရွာဟာဆိုရင် ယခင်အစိုးရ လက်ထက်မှာပင် ကိုယ်ထူကိုယ်ထမီးလိုင်းများ၊ ထရန်စဖော်မာများ သွယ်တန်းပြီးဖြစ်သော်လည်းပဲ မီးလိုင်းမရှိခြင်းကြောင့် ယနေ့တိုင် သုံးလေးနှစ် ခံစားနေရတဲ့ ကျေးရွာလည်းဖြစ်ပါတယ်။ အလားတူ ကယားပြည်နယ်မှာရှိတဲ့ ဒီမောဆိုမြို့နယ်ကို တင်ပြရမယ်ဆိုရင် ဒီမောဆိုမြို့နဲ့ သုံးမိုင်ခန့်သာကွာဝေး ပြီး လွိုင်ကော်-တောင်ငူ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ လမ်းဘေးဝဲယာမှာရှိကြတဲ့ ငွေတောင် ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာငါးရွာ၊ နောင်ပုလဲကျေးရွာအုပ်စုမှာရှိတဲ့ ကျေးရွာလေးရွာ၊ ဆောင်ဒူလာကျေးရွာအုပ်စုမှာရှိတဲ့ ကျေးရွာလေးရွာ၊ ဒီမောဆိုနဲ့ ခုနစ်မိုင်သာကွာဝေးတဲ့ ဒေါကလော တူကျေးရွာအုပ်စုမှာ ကျေးရွာ ‌ြခောက်ရွာ၊ ထီးပိုးကလောကျေးရွာအုပ်စုမှာရှိတဲ့ ကျေးရွာရှစ်ရွာနဲ့ စံပြခြောက်မိုင်ကျေးရွာအုပ်စု အတွင်းမှာရှိတဲ့ ကျေးရွာသုံးရွာတို့ဟာလည်းပဲ ကျေးလက်မီးလင်း နိုင်ရေးအခက်အခဲရှိသည့်အတွက် ဓာတ်အားလိုင်းမှ လျှပ်စစ်မီးသွယ်တန်းပေးနိုင်ပါက ကျေးလက်နေ ပြည်သူများ လူနေမှုအဆင့်အတန်း မြင်‌့မားလာမှာဖြစ်ပါကြောင်း တင်ပြလိုပါတယ်။

တစ်ဆက်တည်းမှာပဲ ဖရူဆိုမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာများအား မီးလိုင်းများဆွဲပေးမည် ဆိုပါကလည်းပဲ လွိုင်ကော်-မော်ချီးကားလမ်း ဘေးဝဲယာမှာ ရှိတဲ့ ထီးဖောဆိုကျေးရွာအုပ်စုမှာ  ၁ မိုင်၊ မြို့မအုပ်စုဟာ ၆ မိုင်၊ ဖိုဆိုအုပ်စုဟာ ၅ မိုင်၊ မခ‌ရော့ရှည် အုပ်စုဟာ ၃ မိုင်၊ တော်ခူအုပ်စုဟာ ၃ ဖာလုံတို့ရှိပြီး ကျေးရွာပေါင်း ၂၃ ရွာ၊ စုစုပေါင်း ၁၆ မိုင် ခန့်ကို မီးလိုင်းဆွဲပေးမည်ဆိုပါ ကလည်းပဲ  ဖရူဆိုမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာများလျှပ်စစ်မီးခံစားနိုင်ကြမှာ ဖြစ်ပါတယ်။ အလားတူ ဘောလခဲမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာများဖြစ်တဲ့ မိုင်းတန်ကျေးရွာ၊ ဝမ့်ချယ်ကျေးရွာ များဟာလည်းပဲ မဟာဓာတ်အားလိုင်းနဲ့ သုံးမိုင်ခန့်သာကွာဝေးပြီး ကိုယ်ထူကိုယ်ထဆောင်ရွက်နိုင် ခြင်းမရှိတဲ့အတွက် မီးလိုင်းများတိုးချဲ့နိုင်ခြင်းအားဖြင့် ကျေးရွာအုပ်စုများ လျှပ်စစ်မီးခံစားကြရမှာ ဖြစ်ပါတယ်။ ထို့အပြင် ချီကယ်ကျေးရွာအုပ်စု ကျေးရွာသုံးရွာတို့ဟာလည်းပဲ မဟာ ဓာတ်အားလိုင်းနဲ့ ၃ မိုင်ခန့်သာ ကွာဝေးသဖြင့် မီးလိုင်းများ တိုးချဲ့ပေးနိုင်ခြင်းအားဖြင့် ကျေးလက်နေပြည်သူများ ကယားပြည်နယ်မှထွက်ရှိတဲ့ လျှပ်စစ်မီးကို ခံစားနိုင်ကြမှာဖြစ်ပါတယ်။ အလားတူ ဖာဆောင်း မြို့နယ်အတွင်းမှာရှိတဲ့ ခဲမဖြူကျေးရွာဟာဆိုရင်လည်းပဲ ဖာဆောင်းမြို့နဲ့ ၂ မိုင် ၇ ဖာလုံရှိပြီး ဖာဆောင်းမြို့နှင့် တစ်ဆက်တစ်စပ်တည်းရှိနေပြီးတော့မှ ငြိမ်းချမ်းရေးရယူထားတဲ့ ပြည်သူ့စစ် အဖွဲ့များရဲ့ အ‌ြခေချနေထိုင်ရာ ကျေးရွာတစ်ရွာလည်းဖြစ်ပါတယ်။ ၎င်းကျေးရွာနည်းတူ ဖာဆောင်း မြို့နယ်၊ ဝဟောင်းကျေးရွာသည်လည်းပဲ ဖာဆောင်းမှ ၂ မိုင်နဲ့ ၅ ဖာလုံသာကွာဝေးပြီး အလားတူ ပါဖူး၊ နမ့်ကေရွာတို့ဟာလည်းပဲ ၃ မိုင်သာ ကွာဝေးပြီးတော့မှ ဆင်းရဲနွမ်းပါးတဲ့ကျေးရွာများ ဖြစ်ပါတယ်။ ၎င်းကျေးရွာ လေး ရွာအတွက် ၆ မိုင်နဲ့ ၁ ဖာလုံကို မီးလင်းရေးဆောင်ရွက်ပေးမည်ဆိုပါက ကယားပြည်နယ်မှထွက်ရှိတဲ့ လျှပ်စစ်မီးကို ကယားပြည်နယ်သူ၊ ပြည်နယ်သားများအားလုံး ခံစားနိုင် ကြမှာဖြစ်ပါတယ်။ သို့အတွက်ကြောင့် မြို့နယ်များရှိ ကျေးရွာများသည် လိုအပ်သည်များကို ဆောင်ရွက်နိုင်သော်လည်း မီးလိုင်းမရရှိခြင်းကြောင့် အခက်အခဲများစွာ ခံစားနေကြရပါသဖြင့် ကယားပြည်နယ်အတွင်းမှာရှိတဲ့ လွိုင်ကော်မြို့နယ်၊ ဒီမောဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖာဆောင်းမြို့နယ် အတွင်းမှာရှိတဲ့ ကျေးလက်မီးလင်းရေးမူအရ ဆောင်ရွက်နိုင်ခြင်းမရှိသည့် ကျေးရွာ များအား နိုင်ငံတော်မှ မီးလိုင်းများကို တိုးချဲ့သွယ်တန်းပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ။ အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလများတွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး
အဖြေ

ကယားပြည်နယ်မှာ ယခင်က လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆို သုံးမြို့သာ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ လောပိတ-ဘောလခဲ-ဖာဆောင်း ၃၃ ကေဗီ ဓာတ်အားလိုင်း ၇၇ မိုင်ကို နိုင်ငံတော်ကတည်ဆောက်ပြီး ဘော်လခဲနှင့် ဖာဆောင်းမြို့များကို ဓာတ်အားပေစနစ်မှ ဓာတ်အားပေးနိုင်ခဲ့ပါတယ်။ ဓာတ်အားစနစ် မရောက်သေးတဲ့မြို့များဖြစ်တဲ့ ရှားတော၊ မဲ့စဲ့၊ ဟိုယာနှင့် ဆီလူးမြို့များကို ဒီဇယ်မီးစက်များဖြင့် ဓာတ်အားဖြန့်ဖြူးပေးလျက် ရှိပါတယ်။ ဒါ့အပြင် နယ်စပ်ဒေသကျေးရွာဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်နဲ့ လွိုင်ကော်မြို့နယ်မှာ ၁၁ ရွာ၊ ဘောလခဲ မြို့နယ်မှာ နှစ်ရွာ စုစုပေါင်း ၁၃ ရွာကို ဒီဇယ်ဓာတ်အားပေးစက်များနဲ့ ဓာတ်အားဖြန့်ဖြူးပေးလျက် ရှိပါတယ်။

          ကယားပြည်နယ်အတွင်း ဓာတ်အားပေးစနစ်မှ ဓာတ်အားရရှိတဲ့ ကျေးရွာအရေအတွက်မှာ စုစုပေါင်း ၄၅ ရွာရှိပြီး၊ အဆိုပါ ကျေးရွာများအနက် လွိုင်ကော်မြို့နယ်အတွင်းရှိ သတ္တပလူ၊ ပီကင်းခေါခူ၊ ထီးသူကူ၊ ပျားကနဲ၊ လွယ်တမူ၊ ဝါရိကောခူ၊ သုံးမိုင်ပကြဲစံပြကျေးရွာ စုစုပေါင်း ခုနစ်ရွာနဲ့ ဒီမောဆိုမြို့နယ်ရှိ ပူဖားကျေးရွာတို့ဟာ ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း ကျေးရွာမီးလင်းရေးအတွက် ကိုယ့်အားကိုယ်ကိုး ဓာတ်အားရရှိအောင် ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဦးခင်မောင်ညိုရဲ့မေးခွန်းမှာ ပါဝင်တဲ့ လွိုင်ကော်မြို့နယ်အတွင်းရှိ လွိုင်လင်လေးကျေးရွာကို ၃၆ ကေဗွီအေ စကိုဒါမီးစက်ဖြင့် တစ်ရက် သုံးနာရီ မီးပေးထားပါတယ်။ ဓာတ်အားစနစ်မှ ဓာတ်အားရရှိရေးအတွက် မီးလင်းရေး ကော်မတီ ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိရာ ၁၁ ကေဗွီဓာတ်အားလိုင်း ဆက်လက်တည်ဆောက်ရန် ကျန်ရှိပါတယ်။ လွိုင်လင်လေးကျေးရွာ လျှပ်စစ်ဓာတ်အားရရှိပါက အနီးနားရှိ ထီးစခါးကျေးရွာကို လည်း ၁၁ ကေဗွီဓာတ်အားလိုင်း အနီးကပ်တည်ဆောက်ပြီး ဓာတ်အားရယူနိုင်မှာ ဖြစ်ပါတယ်။ လွိုင်ကော်-အောင်ပန်းလမ်းပေါ်ရှိ ကုန်းသာကျေးရွာအုပ်စု ခြောက်ရွာတွင် ပီကင်းကောခူနဲ့ ဝါရိကော ခူကျေးရွာနှစ်ရွာဟာ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့မှာ ကိုယ့်အားကိုယ်ကိုး မီးလင်းရေးဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ကျန်လေးရွာဖြစ်တဲ့ ကုန်းသာ၊ ဝါဆောင်၊ သရက်ပင်နှင့် ဆောင်ကန်ကျေးရွာတို့ဟာ ပီကင်းကောခူရွာမှ လေးမိုင်ခန့်သာကွာဝေးတဲ့အတွက် လျှပ်စစ်ဓာတ်အားရရှိရေး ဆက်လက်ဆောင် ရွက်နိုင်မှာဖြစ်ပါတယ်။ လွိုင်လင်လေးကျေးရွာမှ ကိုးမိုင်ခန့်ဝေးကွာပြီးတော့ တီးပုံကျေးရွာနှင့်အခြား ကျေးရွာပေါင်း ၂၀ ရွာဟာ လွိုင်ကော်မြို့မှ ၂၄ မိုင်ကွာဝေးသဖြင့် ၁၁ ကေဗွီဓာတ်အားလိုင်းနဲ့ ဓာတ်အားပေးနိုင်မှုမရှိဘဲ ၃၃ ကေဗွီဓာတ်အားလိုင်းနဲ့ ၃၃ ကေဗွီ ဓာတ်အားခွဲရုံတည်ဆောက်ပြီးမှ ဓာတ်အား ရယူနိုင်မှာဖြစ်ပါတယ်။ ဒေါပေါ်ကလဲ၊ နိုကိုး၊ ဝါဆောင်၊ ထေးငှားလျာနှင့် ရွာပေါင်း ၂၀ ကိုဓာတ်အားပေးနိုင်ရန်အတွက် မိုးဗြဲမြို့မှ ၁၁ ကေဗွီဓာတ်အားလိုင်း ၉ မိုင်ခန့်ဆွဲပြီး ဓာတ်အားရယူ နိုင်မှာဖြစ်ပါတယ်။

          ဒီမောဆိုမြို့နယ်၊ လွိုင်ကော်-တောင်ငူလမ်းဘေးရှိ ငွေဆောင်ကျေးရွာအုပ်စု ၁၄ ရွာအနက် ရှစ် ရွာမီးလင်းပြီး ဖြစ်ပါတယ်။ လမ်းဘေးနှစ်ရွာဖြစ်တဲ့ ထေးသူဖျာ၊ ညောင်တုန်းရွာများဟာ ဒေါခလိုက် ကျေးရွာမှ ၁၁ ကေဗွီလိုင်း ၁.၅ မိုင်ဆွဲ၍ ဓာတ်အားရယူနိုင်ပါတယ်။ ကျန်လေးရွာဟာ လက်ရှိ ဓာတ်အားလိုင်းရှိရာ နေရာများနဲ့ အလှမ်းကွာဝေးတဲ့အတွက် ဓာတ်အားလိုင်းများ ဆက်လက် တည်ဆောက်သွားရမှာဖြစ်ပါတယ်။ နောင်ပုလဲကျေးရွာ အုပ်စုမှာခြောက်ရွာရှိတဲ့အနက် နောင်ပုလဲ ကျေးရွာ ဓာတ်အားရရှိပြီးဖြစ်သည့်အတွက် ကျန်ငါးရွာဟာ နောင်ပုလဲကျေးရွာမှ ၁၁ ကေဗွီ ဓာတ်အားလိုင်းငါးမိုင်ဆွဲပြီး ဓာတ်အားရယူနိုင်ပါတယ်။ ဆောင်တူကျေးရွာအုပ်စု ကိုးရွာ၊ ထီပိုးကလို ကျေးရွာအုပ်စုရှစ်ရွာ၊ ဒေါကလောဒူကျေးရွာအုပ်စု ခုနစ်ရွာတို့ဟာ ၁၁ ကေဗွီဓာတ်အားလိုင်းနဲ့ ဝေးကွာတဲ့အတွက် ၃၃ ကေဗွီဓာတ်အားလိုင်းတည်ဆောက်၍ ဓာတ်အားရယူရမှာဖြစ်ပါတယ်။ စံပြ ခြောက်မိုင်ကျေးရွာအုပ်စု ခြောက်ရွာတွင် မိုင်နှင့်ဟိုဖိုက်ကျေးရွာများမှာ မီးလင်းပြီး ဖြစ်ပါတယ်။ ဝမ့်လထွားနဲ့ ဒေါပိုးစီကျေးရွာနှစ်ရွာဟာ ကိုယ့်အားကိုယ်ကိုး မီးလင်းရေးဆောင်ရွက်ဆဲဖြစ်ပြီး ကျန်နှစ်ရွာဟာ ၁၁ ကေဗွီဓာတ်အားလိုင်းအနီးရှိတဲ့အတွက် လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်နိုင် မှာ ဖြစ်ပါတယ်။ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဖရူဆို၊ ဘောလခဲ၊ ဖာဆောင်းမြို့တို့မှာ ၃၃/၁၁ ကေဗွီဓာတ်အားခွဲရုံများ တည်ဆောက်သွားရန်လျာထား ထားပါတယ်။ ယင်းဓာတ်အားခွဲရုံများ တည်ဆောက်ပြီးပါက ဦးခင်မောင်ညိုမေးမြန်းတဲ့ မေးခွန်းတွင် ပါရှိသော ဖရူဆိုမြို့နယ်ရှိ ကျေးရွာ ၂၃ ရွာ၊ ဘောလခဲမြို့နယ်ရှိ ကျေးရွာသုံးရွာနှင့် ဖာဆောင်းမြို့နယ်ရှိ ကျေးရွာလေးရွာတို့သည် ၁၁ ကေဗွီဓာတ်အားလိုင်း တည်ဆောက်၍ ဓာတ်အားရယူနိုင်မှာဖြစ်ပါတယ်။ အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ နှစ်စဉ်ရရှိတဲ့ဘဏ္ဍာငွေပေါ်မူတည်၍ ၂၃၀/၁၃၂ ကေဗွီဓာတ်အားခွဲရုံနှင့် မဟာဓာတ်အားလိုင်းများတည်ဆောက်ခြင်း၊ မြို့၊ ကျေးရွာများ ဓာတ်အားပေး နိုင်ရန်အတွက် ၆၆/၃၃ ကေဗွီခွဲရုံ၊ ဓာတ်အားလိုင်းများ တည်ဆောက်ခြင်းလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်နေရပါတယ်။ သို့ဖြစ်၍ ကယားပြည်နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားရယူရန် ဖော်ပြပါ ကျေးရွာများဟာ မီးလင်းပြီး ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ခဲ့တဲ့ကျေးရွာများနည်းတူ ဒေသအာဏာ ပိုင်များသဘောတူညီချက်ဖြင့် မီးလင်းရေးကော်မတီများဖွဲ့စည်းပြီး လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်သွားနိုင်ပါတယ်။ အချိန်ထက် ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး ဆောင်ရွက်ရတဲ့လုပ်ငန်းဖြစ်တဲ့ အတွက်ကြောင့် နှောင့်နှေးကြန့်ကြာနေခြင်း ဖြစ်ကြောင်းဖြေကြားပါသည်။