တိုက်ကြီးမြို့နယ်သည် ရန်ကုန်မြို့မှ ၄၈ မိုင်ကွာဝေးပြီး ရန်ကုန်တိုင်းဒေသကြီးရဲ့ တိုင်းနယ်စပ်မြို့တစ်မြို့ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်အတွင်းမှာ ရပ်ကွက်ကျေးရွာ ၉၄ အုပ်စုဖြင့်ဖွဲ့စည်းထားသော နယ်မြေ ကျယ်ဝန်းသည့် မြို့နယ်တစ်မြို့နယ်ဖြစ်ပါတယ်။ တိုက်ကြီးမြို့နယ်အတွင်းရှိ လုပ်သားပြည်သူများ သွားလာမှုလွယ်ကူစေရေးအတွက် City Bus မှန်လုံယာဉ်ဘတ်စ်ကားလိုင်း လေးလိုင်း၊ ဟိုင်းလတ် ယာဉ်လိုင်း သုံးလိုင်း၊ ဒိုင်နာယာဉ်လိုင်း တစ်လိုင်းတို့မှ နေ့စဉ်ပြေးဆွဲဆောင်ရွက်ပေးနေပါတယ်။ ပြေးဆွဲနေသောစီးရေမှာ City Bus ဘတ်စ်ကားကြီး ၁၂၆ စီး ၊ ဟိုင်းလတ်ယာဉ် ၂၁၀ စီးနှင့် ဒိုင်နာ ခြောက်စီးတို့ဖြစ်ပါတယ်။ ယင်းပြေးဆွဲနေသော ကားစီးရေ ၃၄၂ စီးမှာ သဘာဝဓာတ်ငွေ့သုံး CNG ယာဉ်များဖြစ်ပြီးတော့ ရန်ကုန်ရောက်မှသာဓါတ်ငွေ့ကိုဖြည့်တင်းရပါတယ်။
တိုက်ကြီးမြို့နယ်ရှိ အဖျောက်-အင်းတိုင်ဒေသသည် သဘာဝဓါတ်ငွေ့များထုတ်လုပ်နေသော ဌာနတစ်ခုဖြစ်ပြီး ရန်ကုန်မြို့တော်နှင့်အခြားဒေသများသို့ ဓါတ်ငွေ့ပိုက်လိုင်းများဖြင့်နေ့စဉ် သဘာဝ ဓါတ်ငွေ့များကိုပို့ဆောင်ပေးနေရပါတယ်။ တိုက်ကြီးမြို့တွင် သဘာဝဓါတ်ငွေ့ဂက်စ်ဆိုင်ဖွင့်လှစ်ပေး နိုင်ပါက မြို့နယ်အတွင်းရှိကားများနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှကားများပါ အထူးပင် အဆင်ပြေနိုင်ပြီး ရန်ကုန်မြို့ရှိဂက်စ်ဆိုင်များတွင်လည်း ကားများအစီးရေလျော့နည်းသွားမည်ဖြစ် ပါသည်။ သို့ဖြစ်ပါ၍ တိုက်ကြီးမြို့တွင်စက်သုံးဆီသဘာဝဓါတ်ငွေ့အရောင်းဆိုင်တစ်ဆိုင် ဖွင့်လှစ် ပေးနိုင်ရန်အစီအစဉ်ရှိ၊ မရှိနှင့် ဆောင်ရွက်ရန်ရှိပါကမည်သည့်ကာလတွင်ဆောင်ရွက်မည်ကိုသိရှိ လိုပါကြောင်း မေးမြန်းပါသည်။
မေးခွန်းကိုမဖြေကြားမီမှာ ဒီကနေ့မြန်မာနိုင်ငံရဲ့ သဘာဝ ဓာတ်ငွေ့သုံးစွဲမှုအခြေအနေကို ဦးစွာရှင်းလင်းတင်ပြလိုပါတယ်။ ယမန်နေ့ကဖြစ်တဲ့ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့မှာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးသဘာဝဓာတ်ငွေ့သုံးစွဲမှုဟာ ကုဗပေသန်း ပေါင်း၂၅၃.၁၅၉၅ သန်းရှိပါတယ်။ အဲဒီအထဲမှာ ကမ်းလွန်ပင်လယ်ပြင်ကထုတ်လုပ်တဲ့ဓာတ်ငွေ့ Offshore Gas ကုဗပေသန်းပေါင်း ၁၈၅ သန်းခန့်နဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းက ကုန်းတွင်းရေနံမြေတွေကထုတ်လုပ်တဲ့ သဘာဝဓါတ်ငွေ့ကုဗပေသန်းပေါင်း ၇၃ သန်းကျော်ဖြစ်ပါ တယ်။ ဒီဓာတ်ငွေ့အားလုံးရဲ့တစ်ဝက်ကျော်ကျော်၊ အတိအကျအားဖြင့် ၅၄.၁၉ ရာခိုင်နှုန်း ၊ ပမာဏ အားဖြင့် ၁၃၉.၅၆၇၂ ကုဗပေသန်းကို ပြည်သူလူထုအတွက်အလင်းရောင်ပေးနေတဲ့ လျှပ်စစ်(၂) ဝန်ကြီးဌာနရဲ့ ဓာတ်အားပေးစက်ရုံတွေကသုံးစွဲပါတယ်။ ၁၄.၃၉ ရာခိုင်နှုန်းဖြစ်တဲ့ ကုဗပေသန်းပေါင်း ၃၇ သန်းကျော်ကို တိုင်းပြည်အတွက်တည်ဆောက်ရေးလုပ်ငန်းတွေမှာလိုအပ်တဲ့ ဘိလပ်မြေတွေ ထုတ်ပေးနေတဲ့ ဘိလပ်မြေစက်ရုံတွေကသုံးစွဲပါတယ်။ ၁၁.၆၉ ရာခိုင်နှုန်းဖြစ်တဲ့ ကုဗပေသန်းပေါင်း ၃၀ ကျော်ကို ကျွန်တော်တို့ရဲ့ဓာတ်မြေသြဇာစက်ရုံတွေကသုံးပါတယ်။ ၇.၄၆ ရာခိုင်နှုန်းဖြစ်တဲ့ ကုဗပေသန်းပေါင်း ၂၀ ပတ်ဝန်းကျင်ကိုတော့ အခုပြောတဲ့ CNG ယာဉ်တွေကသုံးပါတယ်။ ကျန်တဲ့ ၁၂.၂၇ ရာခိုင်နှုန်းဖြစ်တဲ့ ကုဗပေသန်းပေါင်း ၃၀ ကျော်၊ ဒီပမာဏကိုတော့ တခြားနိုင်ငံပိုင်နဲ့ ပုဂ္ဂလိက ပိုင်စက်ရုံတွေက သုံးစွဲခဲ့တာတွေ့ရှိပါတယ်။ ဒါကိုကြည့်လို့ရှိရင် သဘာဝဓါတ်ငွေ့ကို ဘယ်လို လုပ်ငန်းကဏ္ဍတွေမှာဘယ်လို ဘယ်ပုံခွဲဝေသုံးစွဲနေတယ်ဆိုတာ ခန့်မှန်းသိရှိနိုင်ပြီဖြစ်ပါတယ်။ သဘာဝဓာတ်ငွေ့ဆိုတဲ့နေရာမှာလည်း ဒီဓာတ်ငွေ့တွေရဲ့ဖြစ်တည်မှုအရင်းအမြစ်နဲ့ ဘူမိအနေအထား ကိုမူတည်ပြီးတော့ အဲဒီဓါတ်ငွေ့မှာပါဝင်တဲ့ ဓါတ်သဘာဝအမျိုးအစား၊ အချိုးအစား၊ အပူစွမ်းအင်တွေ ကွာခြားမှုရှိပါတယ်။ ဒါကြောင့် သဘာဝဓါတ်ငွေ့လို့ဆိုတိုင်း နေရာတိုင်းမှာ အသုံးတည့်တာ မဟုတ်ပါဘူး။ ဥပမာအားဖြင့် ကျွန်တော်တို့မြန်မာနိုင်ငံမှာထုတ်လုပ်နေတဲ့ ကျွန်တော်တို့ရဲ့ ဓာတ်မြေသြဇာစက်ရုံတွေ၊ ယခုအသုံးပြုတဲ့ CNG ဆိုတဲ့ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့တွေဟာ ကမ်းလွန်ဓာတ်ငွေ့ကိုအသုံးပြုလို့မရပါဘူး။ ကုန်းတွင်းသဘာဝဓာတ်ငွေ့ကိုသာအသုံးပြုနိုင်ပါတယ်။ အဲဒါကြောင့် မြန်မာ့ကမ်းလွန်က သဘာဝဓာတ်ငွေ့တွေအမြောက်အမြားထုတ်လုပ်ထွက်ရှိနေသော် လည်းပဲ အဲဒီဓာတ်ငွေ့အမျိုးအစားဟာ မော်တော်ယာဉ်တွေမှာ တိုက်ရိုက်အသုံးပြုလို့မရကြောင်း တင်ပြလိုခြင်းဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ကုန်းတွင်းသဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှုဟာ ယမန်နေ့က ကုဗပေသန်းပေါင်း ၇၃.၁၄၃၄ ပဲဖြစ်ပါတယ်။ အဲ့ဒီထဲကမှ ဓာတ်မြေသြဇာစက်ရုံတွေက သန်းပေါင်း ၃၀ ကျော်သုံးပါတယ်။ CNG ယာဉ်တွေက သန်းပေါင်း ၂၀ လောက်သုံးပါတယ်။ ကျန်စက်ရုံတွေက ကုဗပေသန်းပေါင်း ၂၃ သန်းကျော်ခွဲဝေသုံးစွဲကြပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ ဒီကနေ့အထိ သဘာဝဓာတ်ငွေ့သုံးမော်တော်ယာဉ်စီးရေ ၂၇၄၇၂ စီးရှိပါတယ်။ အဲဒီအရေ အတွက်ထဲက ရန်ကုန်မြို့နဲ့ပတ်ဝန်းကျင်မှာ စီးရေ ၂၆၅၅၂ စီး၊ ရေနံချောင်း-ချောက်နယ်မြေမှာ ၄၆၃ စီး၊ မန္တလေး-ပုလိပ်ဒေသမှာ ၄၅၇ စီးအသီးသီးရှိကြပါတယ်။ ဒီမော်တော်ယာဉ်တွေ ၂၇၀၀၀ ကျော်ထဲက ပုဂ္ဂလိကနဲ့ဌာနဆိုင်ရာယာဉ်အရေအတွက်ဟာ ၃၇၄၈ စီးသာဖြစ်ပြီးတော့ ကျန်တဲ့ ၂၆၅၅၂ စီး၊ ရာခိုင်နှုန်းအားဖြင့် ၈၆ ရာခိုင်နှုန်းဟာ ကျွန်တော်တို့ပုဂ္ဂလိကပိုင်ခရီးသည်တင်ယာဉ်၊ ကုန်တင် ယာဉ်နဲ့ စင်းလုံးငှားတက္ကစီယာဉ်များဖြစ်ကြပါတယ်။ နောက်တစ်ခါ CNG သဘာဝဓာတ်ငွေ့ရဲ့ ဈေးနှုန်းဟာ ဓာတ်ဆီ ၁ ဂါလံရဲ့ အပူစွမ်းအင်နဲ့ညီမျှတဲ့ ၁၆၅ ကုဗပေကိုမှ ကျပ် ၁၀၀၀ နှုန်းနဲ့ ၂၀၀၅ ခုနှစ်ကစပြီးတော့ အပြောင်းအလဲမရှိယခုအချိန်အထိ ရောင်းချပေးနေတာဖြစ်ပါတယ်။ အဲဒီအပြင် နီးစပ်ရာဆိုင်တိုင်းမှာ အကြိမ်အရေအတွက်အကန့်အသတ်မရှိ ရောင်းချပေးလျက်ရှိပါတယ်။ အဲဒါကြောင့် ဓာတ်ငွေ့ဈေးနှုန်းသက်သာခြင်းရဲ့အကျိုးကျေးဇူးကို ဒီ ၈၆ ရာခိုင်နှုန်းမျှသော ခရီးသည် တင်ယာဉ်၊ ကုန်တင်ယာဉ်နဲ့ စီးလုံးငှားယာဉ်ပိုင်ရှင်များက အဓိကခံစားနေရကြောင်းလေ့လာတွေ့ရှိ ရပါတယ်။ CNG အရောင်းဆိုင်အနေနဲ့ တစ်နိုင်ငံလုံးမှာ ၄၅ ဆိုင်ရှိပါတယ်။ ရန်ကုန်မှာဆိုင် ၄၀၊ ရေနံချောင်းမှာနှစ်ဆိုင်၊ ချောက်မှာတစ်ဆိုင်၊ ပလိပ်မှာတစ်ဆိုင်နဲ့ မန္တလေးမှာတစ်ဆိုင်ဖြစ်ပါတယ်။ အဲတော့ မော်တော်ယာဉ်အရေအတွက်နဲ့ ဆိုင်အရေအတွက်ကို အချိုးအစားချကြည့်တဲ့အခါမှာ ရန်ကုန်မြို့မှာ CNG ယာဉ်ပေါင်း ၂၆၅၅၂ စီးဖြစ်ပြီးတော့ ဆိုင်က ၄၀ ဖြစ်တဲ့အတွက် ပျမ်းမျှခြင်းအားဖြင့် မော်တော်ယာဉ်အစီး ၆၆၀ မှာဆိုင်တစ်ဆိုင်နှုန်းရှိပါတယ်။ အဲဒီဆိုင်ဟာလည်းပဲ ၂၄ နာရီဖွင့်ပေးနေပါတယ်။ ဒီတော့အခြားသော ဓာတ်ဆီယာဉ်၊ ဒီဇယ်ယာဉ်များအတွက် ဖွင့်လှစ် ထားတဲ့ဆိုင်အချိုးနဲ့ ပြန်ပြီးတော့နှိုင်းယှဉ်စဉ်းစားကြည့်တဲ့အခါမှာ ကျွန်တော်တို့ကညနစာရင်းဇယား အရ ရန်ကုန်မြို့အတွင်းမှာ ဒီဇယ်ယာဉ်၊ ဓာတ်ဆီယာဉ်ပမာဏဟာ ၁၈၈၀၂၃ စီးရှိပါတယ်။ အဲ့ဒီ မော်တော်ယာဉ်တွေအတွက် ဖွင့်လှစ်ထားတဲ့စက်သုံးဆီအရောင်းဆိုင်ဟာ ဆိုင်အရေအတွက် ၇၀ ပဲ ရှိပါတယ်။ ဒါကြောင့် ဓာတ်ဆီယာဉ်၊ ဒီဇယ်ယာဉ်နဲ့ ဆိုင်အချိုးကိုတွက်ကြည့်တဲ့အခါမှာ မော်တော်ယာဉ်ပေါင်း ၂၆၈၆ စီးမှာ ဆိုင်တစ်ဆိုင်ပဲရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ CNG ယာဉ် ၆၆၀ မှာတစ်ဆိုင်နှုန်းဆိုတဲ့ဥစ္စာဟာ လုံလောက်တဲ့အခြေအနေရှိတယ်လို့သုံးသပ်တွေ့ရှိရပါတယ်။ နောက်တစ်ခါ အဲ့ဒီလိုလုံလောက်ခြင်း ရှိ၊ မရှိကိုလည်းပဲ CNG ယာဉ်တွေတစ်နေ့ကိုဘယ်နှစ်ကြိမ် ဖြည့်တင်းနိုင်သလဲဆိုတဲ့ဟာ ကျွန်တော်တို့ ဒါစာရင်းဇယားတွေ ပြန်ပြီးတော့စိစစ်ကြည့်ပါတယ်။ အဲတော့ ယာဉ်တစ်စီးဟာ တစ်နေ့ကိုတစ်ကြိမ်မက အကြိမ်ကြိမ်ဝယ်ယူနိုင်ကြောင်းလည်းပဲ ကျွန်တော်တို့ရဲ့မှတ်တမ်းတွေအရတွေ့ရပါတယ်။
ကျွန်တော်တို့အစိုးရစတင်တာဝန်ယူတဲ့၊ ယူစဧပြီလ ၇ ရက်နေ့ကစာရင်းကို ကျွန်တော်ပြန်ပြီး တော့ကြည့်ပါတယ်။ အဲ့ဒီ ဧပြီ ၇ ရက်နေ့မှာ တစ်နေ့တည်းနဲ့ ခုနှစ်ကြိမ်တိတိဝယ်တဲ့ကားတွေ လည်းရှိပါတယ်။ ခြောက်ကြိမ်ဝယ်တဲ့ကားရှိပါတယ်။ ကျွန်တော်စာရင်းဇယားအတိအကျတင်ပြရ လို့ရှိရင် ၇-၄-၂၀၁၁ ရက်နေ့မှာ ခုနှစ်ကြိမ်တိတိဝယ်တဲ့ယာဉ်နှစ်စီးရှိပါတယ်။ ခြောက်ကြိမ်ဝယ်တဲ့ ယာဉ် ၄၃ စီးရှိပါတယ်။ ငါးကြိမ် ၂၂၁ စီး၊ လေးကြိမ် ၈၆၃ စီး၊ သုံးကြိမ် ၂၃၅၆ စီး နဲ့ နှစ်ကြိမ်ဖြည့်နိုင်တာ ၆၃၉၉ စီးရှိပါတယ်။ ပြီးခဲ့တဲ့လကုန်ပိုင်းဖြစ်တဲ့ ဇူလိုင် ၂၉ ရက်နေ့မှတ်တမ်း ကောက်ကြည့်တဲ့အခါမှာ ခြောက်ကြိမ်ဖြည့်တင်းတဲ့ မော်တော်ယာဉ်ခြောက်စီးရှိပါတယ်။ ငါးကြိမ် ဖြည့်သွားတာ ၉၁ စီးရှိပါတယ်။ လေးကြိမ်ဖြည့်တာ ၄၉၂ စီးရှိပါတယ်။ သုံးကြိမ်ဖြည့်တာ ၁၇၉၁ စီးနဲ့ နှစ်ကြိမ်ဖြည့်တာ ၅၈၅၂ စီးတိတိရှိကြောင်းမှတ်တမ်းများအရတွေ့ရပါတယ်။ ဒီအချက်က CNG ယာဉ်တွေအားလုံးဟာ နေ့စဉ် CNG ကိုမရမရှိဝယ်နိုင်တဲ့အပြင် အကြိမ်ကြိမ်တောင်ဝယ်ယူဖြည့်တင်း နိုင်တယ်ဆိုတာပေါ်လွင်ပါတယ်။ ဒီ့အပြင် ယခင်တုန်းကတွေ့ကြုံခဲ့ရတဲ့လျှပ်စစ်ဓါတ်အား ပြတ်တောက် တဲ့အခြေအနေတွေမှာ မော်တော်ယာဉ်တွေအချိန်ကြာမြင့်စွာတန်းစီစောင့်ဆိုင်းရမှုမရှိအောင်လည်းပဲ ဓာတ်ငွေ့သုံးအရန်မီးစက်တွေကို CNG အရောင်းဆိုင်အားလုံးမှာ ဝယ်ယူတပ်ဆင်ပေးထားပြီး ဖြစ်ပါတယ်။ နောက်တစ်ခါ မော်တော်ယာဉ်တွေမှာဓာတ်ငွေ့ဆလင်ဒါတပ်ဆင်ခွင့်ပြုတဲ့ အရေအတွက် ကိုပြန်ပြီးတော့ စိစစ်ကြည့်ပါတယ်။ City Bus လို၊ ဟီးနိုးကားလို၊ ဖောယာဉ်တွေလိုယာဉ်ကြီးတွေမှာ ယခင်တုန်းက ကားတစ်စီးမှာလီတာ ၅၀ ဆလင်ဒါရှစ်လုံးပဲတပ်ခွင့်ပြုတဲ့အတွက် ၄၀၀ လီတာပဲ ဝယ်ယူခွင့်ရှိပါတယ်။ သို့သော်လည်းပဲ CNG ခေတ်ဦးကာလမှာ ကျွန်တော်တို့ မော်တော်ယာဉ် ဓာတ်ငွေ့အရောင်းဆိုင်တွေ အလုံအလောက်မဖွင့်နိုင်ခင်စပ်ကြားမှာ ကားတွေတန်းစီရတာကို အကြောင်းပြုပြီးတော့ တိုးချဲ့တပ်ဆင်ခွင့်တင်ပြလျှောက်ထားခဲ့ကြတဲ့အတွက် အဲဒီလို မော်တော်ယာဉ် အကြီးစားတွေမှာ ကျွန်တော်တို့ ဆလင်ဒါ ၁၄ လုံးအထိ၊ ပမာဏအားဖြင့် Water Litre ၇၀၀ အထိ တိုးချဲ့တပ်ဆင်ခွင့်ပြုပေးခဲ့တဲ့အတွက် အဲ့ဒီမော်တော်ယာဉ်ကြီးများဟာ သဘာဝဓာတ်ငွေ့တစ်ကြိမ် ဖြည့်တင်းထားလို့ရှိရင် မိုင် ၂၈၀ အထိတောက်လျှောက်မောင်းနှင်နိုင်တဲ့အတွက် ရန်ကုန်မြို့ ကနေပြီးတော့ တိုက်ကြီးကိုကျော်ပြီးတော့ ဥက္ကံအထိတောင်မှ ပြေးဆွဲနိုင်ကြောင်း၊ ပြေးဆွဲလျက် ရှိကြောင်းလည်းတွေ့ရပါတယ်။ အလားတူပဲ အခြားတိုင်းဒေသကြီးတွေဖြစ်တဲ့ ပဲခူး၊ ပုသိမ်၊ ချောင်းသာ၊ ငွေဆောင်၊ ဖျာပုံ၊ ဘိုကလေး၊ ညောင်တုန်း၊ ဟင်္သာတ၊ ဇလွန် စသည်အားဖြင့် ဧရာဝတီတိုင်းတစ်ခုလုံးကိုလည်းပဲပြေးဆွဲနိုင်ကြောင်းတွေ့ရှိရပါတယ်။ ဒီမှာ ဓါတ်ငွေ့ရောင်းဈေးကို ပြန်ပြီးတော့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တင်ပြပါ ၇၀၀ လီတာဖြည့်နိုင်တဲ့ကားကြီးများဟာ တစ်ကြိမ် အပြည့်ဖြည့်ထားလို့ရှိရင် သူနဲ့စွမ်းရည်တူညီတဲ့ဓာတ်ဆီ ၃၀.၈ ဂါလံနဲ့ညီမျှပါတယ်။ အဲတော့ ဓာတ်ဆီကား ၃၀.၈ ဂါလံဝယ်ရတာနဲ့ CNG ၇၀၀ လီတာဝယ်ရတဲ့နှုန်းထားကိုပြန်ကြည့်တဲ့အခါမှာ တစ်ကြိမ်ဖြည့်တင်းတိုင်းမှာ ကျပ် ၄၅၀၀၀ သက်သာတယ်လို့တွေ့ရှိရပါတယ်။ အဲဒီအပြင် အကန့် အသတ်မရှိ အချိန်မရွေးရောင်းချပေးနေတဲ့အတွက် သဘာဝဓါတ်ငွေ့သုံးယာဉ်ပိုင်ရှင်တွေအနေနဲ့ နိုင်ငံတော်ရဲ့ကျေးဇူးကြောင့် များစွာအကျိုးစီးပွားဖြစ်ထွန်းလျက်ရှိကြောင်းလည်း တွေ့ရပါတယ်။ ဒီနေရာမှာ မေးခွန်းနဲ့တိုက်ရိုက်မသက်ဆိုင်သော်လည်းပဲ သဘာဝဓါတ်ငွေ့ကိုတာဝန်ယူဖြန့်ဖြူးပေးနေ ရတဲ့ ဝန်ကြီးဌာနအနေနဲ့ မိမိတို့ရဲ့ကြိုးပမ်းဆောင်ရွက်ပေးမှုကြောင့် ပြည်သူလူထုမှာဘယ်လို အကျိုး ခံစားရသလဲဆိုတာကိုသိလိုတဲ့အတွက် ယာဉ်စီးခနှုန်းထားများကိုလေ့လာကြည့်တဲ့အခါမှာ CNG ယာဉ်အများစုဟာ ဓာတ်ဆီယာဉ်၊ ဒီဇယ်ယာဉ်တွေ နှုန်းထားအတိုင်းပဲကောက်ခံနေကြတာတွေ့ ရှိရပါတယ်။ ဥပမာအားဖြင့် အခုပြောတဲ့ ရန်ကုန်-တိုက်ကြီးခရီးစဉ်မှာ ဒီဇယ်ယာဉ်တစ်စီးဟာ လူတစ်ဦးကို ၆၀၀ ကောက်ပါတယ်။ CNG ယာဉ်ဟာလည်း ၆၀၀ ပဲကောက်ခံတာတွေ့ပါတယ်။ အလားတူပဲ ရန်ကုန်-သံလျင်ခရီးစဉ်မှာ ဒီဇယ်ယာဉ်တစ်စီးဟာ လူတစ်ဦးကို၊ ခရီးသည်တစ်ဦးကို ယာဉ်စီးနင်းခ ၂၀၀ ကောက်ခံနေတဲ့အချိန်မှာ CNG ယာဉ်ဟာလည်းပဲ ကျပ်၂၀၀ ပဲကောက်ခံနေတာ တွေ့ရတဲ့အတွက် နိုင်ငံတော်ရဲ့စေတနာကို ပြည်သူတစ်ဦးချင်းထိရရှိခံစားနိုင်ဖို့အတွက် ယာဉ်ပိုင်ရှင် တွေကလည်းပဲ သင့်တင့်မျှတတဲ့နှုန်းထားတွေနဲ့ပြေးဆွဲပေးသင့်ပါကြောင်း ဒီနေရာမှာ သုံးသပ်တင်ပြ လိုပါတယ်။ CNG ယာဉ်အားလုံးဟာ နှစ်နှစ်ကနေ သုံးနှစ်အတွင်းမှာ သူတို့ CNG ပြောင်းလဲ တပ်ဆင်တဲ့စရိတ်စက အရင်းကျေတယ်လို့လည်းလေ့လာတွေ့ရှိရပါတယ်။
တင်ပြပါအခြေအနေများအရ လက်ရှိယာဉ်အရေအတွက်နဲ့ဆိုင်အရေအတွက် သင့်တင့် မျှတခြင်း၊ ယာဉ်ပိုင်ရှင်များအနေနဲ့ ဓာတ်ဆီ၊ ဒီဇယ်သုံးယာဉ်များထက်ပို၍ အကျိုးအမြတ်ခံစား နေရခြင်း၊ တန်ဖိုးရှိတဲ့ကုန်းတွင်းသဘာဝဓာတ်ငွေ့ကို ထိန်းသိမ်းဖြန့်ဖြူးရန်လိုအပ်ခြင်းတို့ကြောင့် လတ်တလောအားဖြင့်တိုက်ကြီးမြို့အပါအဝင် မည်သည့်နေရာတွင်မှဓာတ်ငွေ့အရောင်းဆိုင်တိုးချဲ့ရန် မရှိသေးပါ။ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ရေနံနှင့်သဘာဝဓာတ်ငွေ့တိုးတက်ရှာဖွေထုတ်လုပ်ရေးကို ပင်မရည်မှန်းချက်အဖြစ်နဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ အဲဒါကြောင့် ကုန်းတွင်းသဘာဝ ဓာတ်ငွေ့မြေအသစ်တွေထပ်မံဖော်ထုတ်တွေ့ရှိလာတဲ့အခါ သို့မဟုတ် လက်ရှိရေနံနှင့်သဘာဝ ဓါတ်ငွေ့မြေများမှ ကုန်းတွင်းသဘာဝဓါတ်ငွေ့တိုးတက်ထုတ်လုပ်ရရှိနိုင်တဲ့ အခါမျိုးမှာဆိုရင်တော့ CNG တိုးချဲ့ဖြန့်ဖြူးရေးအတွက် လိုအပ်သလိုသုံးသပ်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ဖြေကြားပါသည်။
