(က)-အလုပ်သမားလူငယ်များ လူကုန်ကူးမှုခံနေရခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၆-၈-၂၀၁၁)

ရန်ကုန်မြို့ရှိပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခု၏ ဆောင်ရွက်မှုကြောင့် ဆော်ဒီအာရေဗျနိုင်ငံသို့ ထွက်ခွာ သွားခဲ့သော သင်္ဃန်းကျွန်းမြို့နယ်မှ လူငယ် လုပ်သား(၂၆)ဦးသည် အလုပ်အကိုင်အတည် တကျရရှိမှု မရှိဘဲ သူဌေးတစ်ဦးထံရောင်းစားခံခဲ့ရပြီး နိုင်ငံကူးလက်မှတ်ကိုသိမ်းဆည်းထားသည့်အပြင် အသက် အန္တရာယ် ကိုပါခြိမ်းခြောက်ခံနေရကြောင်း အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ အကူအညီ တောင်းစာများအရသိရှိခဲ့ရပါသည်။ ယင်းသို့လူကုန်ကူး ရောင်းချမှုကို ပြည်ထောင်စုအစိုးရ အနေဖြင့် သိပါသလား။ သိပါက ၎င်းတို့ရင်ဆိုင်နေရသောပြဿနာကို မည်ကဲ့သို့ဆောင်ရွက်ပေးမည်နည်း။ မသိပါကအမြန်ဆုံးကယ်တင်နိုင်ရေး မည်သို့ဆောင်ရွက်ပေးပါမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်
အဖြေ

အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ပြည်ပနိုင်ငံများသို့သွားရောက်အလုပ်လုပ်ကိုင်ရာ တရားဝင် လမ်းကြောင်းဖွင်‌့ပေးထားပါတယ်။ ယင်းကဲ့သို့ ပြည်ပနိုင်ငံများတွင်အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီများကိုလည်း ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်များထုတ်ပေးထားပါတယ်။ ပြည်ပအလုပ် အကိုင်အကျိုးဆောင်လိုင်စင်ရကုမ္ပဏီများလိုက်နာဆောင်ရွက်ရန်အတွက် စည်းကမ်းချက်များကိုလည်း ထုတ်ပြန်ထားပါတယ်။ ပြည်ပသို့အလုပ်သမားစေလွှတ်မည်ဆိုပါက အလုပ်သမားဝန်ကြီးဌာနသို့တင်ပြ၍ အစိုးရအဖွဲ့၏အတည်ပြုချက်ဖြင့်စေလွှတ်ရပါတယ်။ ဦးသိန်းညွန့်တင်ပြခဲ့တဲ့ လူငယ် ၂၆ ဦးဖြစ်စဉ် နှင့်ပတ်သက်၍ ၎င်းအလုပ်သမားများက ဆော်ဒီအာရေဗျနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကိုတိုင်ကြား ခဲ့ကြပါတယ်။ မြန်မာသံအမတ်ကြီးကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့လိပ်မူပြီးတော့ တိုင်ကြားစာ မိတ္တူကို ၂၇-၃-၂၀၁၁ ရက်နေ့မှာ အလုပ်သမားဝန်ကြီးဌာနသို့ပေးပို့ခဲ့ပါတယ်။

ထိုအချိန်အခါကျမှ မိမိတို့ဝန်ကြီးဌာနက သိရှိရခြင်းဖြစ်ပါတယ်။ ယင်းတိုင်ကြားစာအရ စစ်ဆေးလိုက်တဲ့အခါမှာ ပြည်ပအလုပ်အကိုင်လိုင်စင်မရှိတဲ့ Jobs Agency Company Limited ၊ ယခင်ကတည်းက စည်းကမ်းဖောက်ဖျက်ခဲ့၍ Black List အဖြစ်စာရင်းသွင်းခဲ့ပြီး လိုင်စင်ရုပ်သိမ်းခြင်း ခံရတဲ့ Golden Arm Company Limited၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရှိနေသော Vertex Palace Company Limited တို့ပါဝင်ကြောင်းတွေ့ရှိရပါတယ်။ ယင်းကုမ္ပဏီ ၃ ခုစလုံး သည် အလုပ်သမားဝန်ကြီးဌာနသို့ အလုပ်ကမ်းလှမ်းလွှာတင်ပြတောင်းခံခြင်းမရှိဘဲ ဥပဒေမဲ့ စေလွှတ်ခဲ့သည့် အတွက် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ Agency ဖြစ်သည့် Vertex Palace Company Limited ကိုလိုင်စင်ရုပ်သိမ်းခဲ့ပြီး ယင်းကုမ္ပဏီအပါအဝင် Jobs Agency နဲ့ Golden Arm Company Limited တို့ကို ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေအရ အရေးယူရန်အတွက် ၂၂-၇-၂၀၁၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနသို့ အမှုတွဲလွှဲပြောင်းပေးပို့ ခဲ့ပြီးဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီး ဌာနမှလည်း အဆိုပါတိုင်ကြားစာအရ စုံစမ်းဖော်ထုတ်ခဲ့ရာ ဦးကျော်မြင့်(ခ)ဂျော့စ်(အဖ)ဦးမောင်မောင်အား ပြည်ပအလုပ်အကိုင်လိုင်စင်မရှိဘဲ ပြည်ပသို့ အလုပ်လုပ်ကိုင်ရန်စေလွှတ်ကြောင်းပေါ်ပေါက်သဖြင့် ယင်းအား ၁၀-၈-၂၀၁၁ ရက်နေ့တွင် ဗိုလ်တထောင်ရဲစခန်းမှ (ပ)၁၁၂/၂၀၁၁ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ ၂၆ အရ ဖမ်းဆီး အမှုဖွင့်ပြီးအရေးယူစစ်ဆေးလျက်ရှိပါတယ်။ သက်သေအထောက်အထားများအရ ညှင်းပန်း နှိပ်စက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ အဓမ္မခိုင်းစေခြင်းများပြုလုပ်ကြောင်း စစ်ဆေးပေါ်ပေါက်ပါက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေဖြင့် အရေးယူရန် ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အလုပ်သမားဝန်ကြီးဌာနသို့ ဆော်ဒီအာရေဗျနိုင်ငံက အလုပ်သမားရလိုကြောင်း ကိုယ်စားလှယ်တစ်ဖွဲ့လာရောက်၍ ကမ်းလှမ်းမှု တစ်ကြိမ်ရှိခဲ့သော်လည်း မိမိတို့ဝန်ကြီး ဌာနအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍ ၎င်းနိုင်ငံ၏စည်းမျဉ်းဥပဒေများအပေါ် လေ့လာသုံးသပ်လိုသေးသဖြင့် နှစ်နိုင်ငံသဘောတူညီချက်စာချုပ် Bi-Lateral Agreement ကို ချုပ်ဆိုထားခြင်းမရှိပါဘူး။ ၎င်းနိုင်ငံနှင့်အလုပ်လုပ်ရန် မည်သည့်အလုပ် သမားတစ်ဦးတစ်ယောက်ကိုမျှ ဤဝန်ကြီးဌာနကခွင့်ပြုစေလွှတ်ခဲ့ခြင်းလည်းမရှိတဲ့အပြင် ပြည်ပ အလုပ်အကိုင် အကျိုးဆောင်ရ Agency အားလုံးသို့ သတိပေးတားမြစ်သည့်အကြောင်းကြားစာများကို လည်းပဲ ၂၇-၈-၂၀၁၀ ရက်နေ့တွင်တစ်ကြိမ်၊ ၁-၆-၂၀၁၁ ရက်နေ့တွင်တစ်ကြိမ်ထုတ်ပြန်ခဲ့ပါတယ်။

          သံရုံးသို့တိုင်ကြားခဲ့သည့် အလုပ်သမား ၂၆ ဦးကိစ္စနှင့်ပတ်သက်၍ ဆော်ဒီအာရေဗျနိုင်ငံရှိ မြန်မာသံအမတ်ကြီးအနေဖြင့် မြန်မာနိုင်ငံသို့အလုပ်သမားများပြန်လည် ခေါ်ဆောင်ပေးနိုင်ရန်အတွက် ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။ သို့ရာတွင် ဆော်ဒီအာရေဗျနိုင်ငံ အလုပ်သမားဥပဒေပုဒ်မ ၄၀ တွင် ဆော်ဒီနိုင်ငံသားမဟုတ်သည့် အလုပ်သမားများအတွက် အလုပ် လုပ်ကိုင်ခြင်း၊ အလုပ်ရွှေ့ပြောင်းခြင်း၊ ပြန်လည်ထွက်ခွာခြင်းတို့နှင့်ပတ်သက်၍ အလုပ်သမားသည် အလုပ်ဆက်လက်လုပ်ကိုင်ရန်ဆန္ဒမရှိ၍ မိခင်နိုင်ငံသို့ပြန်လိုပါက ကုန်ကျစရိတ်အားလုံးကို အလုပ် သမားကသာကျခံရမည်ဟူ၍ဖော်ပြထားခြင်း၊ အလုပ်ရှင်နှင့်အလုပ်သမားသဘောတူညီချက်စာချုပ်တွင် အစမ်းခန့်ကာလ ၃ လအတွင်း အလုပ် သမားသည်စာချုပ်ပြီးစီးအောင်လုပ်ကိုင်လိုသော ဆန္ဒမရှိပါက စာချုပ်ပါအတိုင်းအသွား အပြန်ခရီး စရိတ်အပါအဝင် ကုန်ကျစရိတ်အားလုံးကို အလုပ် သမားကသာကျခံရမည်ဟူ၍ လည်းကောင်း ဖော်ပြထားခြင်းတို့ကြောင့် အလုပ်ရှင်နှင့် အလုပ်သမား တို့က အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက် စာချုပ် Employment Contract ချုပ်ဆိုပြီး အလုပ်လုပ်ကိုင်ချိန်မှစ၍ စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ အလုပ်လုပ်ရန် အလုပ်သမားတွင် တာဝန်ရှိကြောင်းပေါ်လွင်ပါတယ်။ အကယ်၍မလုပ်လိုပါက အလုပ်ရှင် စိုက်ထုတ်ကုန်ကျထားသော လေယာဉ်ခအပါအဝင် ကုန်ကျစရိတ်အားလုံးအတွက် ဆော်ဒီအာရေဗျ နိုင်ငံငွေကြေး ရီယယ် ၆၀၀၀ ခန့်ပေးလျော်ရကြောင်းသိရှိရပါတယ်။ အဆိုပါကိစ္စတွင် ကာယကံရှင် များသည် Employment Contract ကို ကိုယ်တိုင်လက်မှတ်ရေးထိုးထားကြကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှသိရှိရပါတယ်။ ရွှေ့ပြောင်းအလုပ်သမားများရဲ့အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်းနှင့်ပတ်သက်၍ ပြဋ္ဌာန်းထား သော International Charter of Migration တွင်ပါဝင်သည်‌့ ILO Convention No.97  ILO Convention No.143  United Nation International Convention on the Protection of the Rights of all Migrant Workers တို့အရလည်း ရွှေ့ပြောင်းအလုပ်သမားများကို အကာအကွယ် ပေးရာတွင် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေများအရသာ ကာကွယ်စောင့်ရှောက်ပေးရန် ပြဋ္ဌာန်းသတ်မှတ် ထားတဲ့အပြင် ယင်းအလုပ်သမားများ အနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏ဥပဒေကို လေးစားရန်လည်း တာဝန်ရှိကြောင်းဖော်ပြထားပါတယ်။ ဤဖြစ်စဉ်ကိုသင်ခန်းစာယူပြီး နိုင်ငံခြားသို့သွားရောက် အလုပ် လုပ်ကိုင်လိုသောအလုပ်သမားများအနေဖြင့် တရားဝင်လမ်းကြောင်းမှသာသွားရောက်ရန်လိုအပ်ပါကြောင်း ဖြေကြားပါသည်။