(င)-ရန်ကုန်-မန္တလေးလမ်းဘေးဝဲယာရှိကျေးရွာများနှင့်လမ်းဖြတ်တံတားများသို့ဆက်သွယ်သည်‌့ လမ်းများ ဖောက်လုပ်ပေးရန်နှင့်စပ်လျဉ်းသည်‌့မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၂၁-၉-၂၀၁၁)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အောင်မြင်စွာဖောက်လုပ်နိုင်ခြင်းဟာ ကျွန်တော်တို့ နိုင်ငံတော်ရဲ့ ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုတစ်ခုဖြစ်သလို ခရီးသွားလာမှုနဲ့ ကုန်စည်စီးဆင်းမှုအတွက်လည်း အလွန် အကျိုးရှိတဲ့လုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်။ ထို့အတူ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ဂုဏ်ယူဖွယ်ရာ သမိုင်းမှတ်တိုင်ကြီးတစ်ခုအဖြစ်တည်ရှိနေမှာဖြစ်ပါတယ်။ ယခု ကျွန်တော်တင်ပြလိုတဲ့ကိစ္စကတော့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲယာရှိကျေးရွာများမှာ နေထိုင်တဲ့ ဒေသခံပြည်သူတွေနဲ့ပတ်သက်တဲ့ကိစ္စဖြစ်ပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးရဲ့ ဘေးဝဲယာမှာ ရှိတဲ့ကျေးလက်ဒေသများဟာ နဂိုမိမိတို့ ကျေးလက်ဒေသနဲ့ မြို့ပြဆက်သွယ်ရေးလမ်းများ ကျေးလက်ဒေသချင်းဆက်သွယ်ရေး လမ်းကြောင်းများရှိပြီးဖြစ်ပါတယ်။ သို့သော် အမြန်လမ်းမကြီး ဖောက်လုပ်လိုက်တဲ့အခါမှာ အဲ့ဒီလမ်းကြောင်းတချို့ဟာ ပိတ်ဆို့လိုက်သလိုဖြစ်သွားတဲ့အနေအထား ရှိပါတယ်။ နောက်ကျွန်တော်တို့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကိုဖြတ်ဖို့ဟာလည်း သတ်မှတ်ထား တဲ့ Under Pass များကသာ ဖြတ်သန်းရတာဖြစ်ပါတယ်။ လက်ရှိအနေအထားအရ သတ်မှတ်ထားတဲ့ Under Pass များနဲ့ နဂိုမူလလမ်းဟောင်းများကို ဆက်သွယ်ထားတဲ့ လမ်းများမရှိခြင်းကြောင့် ကျွန်တော်တို့ ဒေသခံပြည်သူတွေဟာ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးကိစ္စများအတွက် ဖြတ်သန်းရာမှာလည်းကောင်း၊ အချို့ကျေးရွာများမှာဆိုရင် နာရေးကိစ္စများဆောင်ရွက်ရတာတောင်မှ အတော်အခက်အခဲရှိနေတဲ့အနေအထားရှိပါတယ်။ အဲ့ဒါကြောင့် ကျွန်တော် မေးမြန်းလိုတဲ့မေးခွန်း ကတော့  မူလဆက်သွယ်ရေးလမ်းဟောင်းများနဲ့ လမ်းဖြတ်တံတား Under Pass တို့ဆက်သွယ်သည့် လမ်းကြောင်းများဖောက်ပေးနိုင်ခြင်း ရှိ၊ မရှိ။ နောက်ကျွန်တော်တို့ သက်ဆိုင်ရာကျေးရွာများ၌ Under Pass များသို့ဆက်သွယ်တဲ့ လမ်းများဖောက်ပေးနိုင်ခြင်း ရှိ၊ မရှိနဲ့ အစီအစဉ်ရှိပါက မည်သည့် အချိန်တွင်ဖောက်လုပ်ပေးမည်၊ အစီအစဉ်မရှိပါက အခြားဒေသခံများသွားလာရေးလွယ်ကူ အဆင်ပြေ ချောမွေ့စေရန်အတွက် မည်သို့အစီအမံများရှိမည်ကိုသိရှိလိုကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

  ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဟာ ရန်ကုန်အမှတ် (၃) လမ်းဆုံမှ မန္တလေး-စကားအင်းအဝိုင်းအထိ အရှည်မိုင် ၃၅၂ မိုင်နဲ့ ၆ ဖာလုံရှိပါတယ်။ ၎င်းလမ်း အပိုင်းကနေပြီးတော့ နေပြည်တော်ကောင်စီနယ်မြေအတွင်း လယ်ဝေးမြို့နယ်မှ ဥတ္တရသီရိမြို့နယ် အထိပါဝင်တဲ့အပိုင်းကတော့ ၁၈၅ မိုင်ကနေ ၂၃၁ မိုင် ၄ ဖာလုံထိအရှည်မိုင် ၄၆ မိုင် ၄ ဖာလုံ ပါဝင်တာဖြစ်ပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးနဲ့ဆက်စပ်လျက်ရှိသော နေပြည်တော် ကောင်စီဧရိယာမှ လယ်ဝေးမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နဲ့ ဥတ္တသီရိမြို့နယ်ရှိ ဒေသခံပြည်သူများရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ လူမူရေး၊ ပညာရေးကိစ္စများ မြို့ပြဒေသများနဲ့ဆက်သွယ်ရာမှာ အမြန် လမ်းမကြီးကို ဖြတ်သန်းနိုင်ရန်အတွက် ဆောင်ရွက်ပေးတဲ့အရာများကိုတင်ပြပါမယ်။ လယ်ဝေးမြို့နယ် အတွင်းမှာတော့ မိုင်တိုင်အမှတ် ၁၈၈ မိုင် ၆ ဖာလုံ၊ ၁၉၃ မိုင် ၁ ဖာလုံ၊ ၁၉၄ မိုင်နှင့် ၂၀၀ မိုင် ၃ ဖာလုံ တို့မှာ အကျယ် ၄၀ ပေ၊ အမြင့် ၁၇ ပေရှိတဲ့ Under Pass ၄ ခုလုပ်ပေးထားပါတယ်။ မိုင်တိုင်အမှတ် ၁၈၆ မိုင် ၁ ဖာလုံ၊ ၁၈၆ မိုင် ၂ ဖာလုံနှင့် မိုင်တိုင်အမှတ် ၁၉၆ မိုင် ၄ ဖာလုံနှင့် ၁၉၆ မိုင်  ၅ ဖာလုံတို့မှာ ၁၀၀ ပေပတ်လည် လှည်းကူးတံတားအဖြစ် ၂ ခု လုပ်ထားတာဖြစ်ပါတယ်။

          ဒက္ခိဏသီရိမြို့နယ်အတွင်းမှာတော့ မိုင်တိုင်အမှတ် ၂၀၂ မိုင် ၁ ဖာလုံနှင့် မိုင်တိုင်အမှတ် ၂၀၈မိုင်မှာ အကျယ် ၄၀ ပေ၊ အမြင့် ၁၇ ပေရှိတဲ့ Under Pass ၂ ခု လုပ်ပေးထားပါတယ်။ မိုင်တိုင်၂၀၃ မိုင် ၁ ဖာလုံနဲ့ ၂၀၃ မိုင် ၂ ဖာလုံ၊ မိုင်တိုင် ၂၀၅ မိုင်မှ ၂၀၅ မိုင် ၁ ဖာလုံ၊ မိုင်တိုင် ၂၁၁ မိုင်တို့မှာ ၁၀ ပေ ပတ်လည် လှည်းကူးအောက်လျှိုတံတား ၃ ခု ဆောင်ရွက်ပေးထားတာရှိပါတယ်။ ဥတ္တရသီရိမြို့နယ်အတွင်းမှာတော့ မိုင်တိုင် ၂၁၃ မိုင် ၁ ဖာလုံ၊ ၂၁၃ မိုင် ၂ ဖာလုံ၊ မိုင်တိုင် ၂၁၅ မိုင်    ၆ ဖာလုံနှင့် မိုင်တိုင် ၂၁၁ မိုင် ၁ ဖာလုံတို့မှာ အကျယ်ပေ ၄၀ ပေ၊ အရှည်အမြင့် ၁၈ ပေရှိတဲ့ Under Pass ၃ ခုလုပ်ပေးထားတာရှိပါတယ်။ မိုင်တိုင် ၂၁၃ မိုင် ၇ ဖာလုံနှင့် မိုင်တိုင် ၂၁၈ မိုင် ၅ ဖာလုံ၊ မိုင်တိုင် ၂၁၈ မိုင် ၆ ဖာလုံအတွင်းမှာ ၁၀ ပေပတ်လည် လှည်းကူးအောက်လျှိုတံတား ၂ ခု၊ စုစုပေါင်း ၃ မြို့နယ်မှာ  ၁၆ ခု ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လမ်းဘေးဝဲယာရှိ ကျေးရွာများမှာ လမ်းဖြတ်ကူးတံတားများ အောက်ကနေသွားလာနိုင်ရန် တည်ဆောက်ပေးထားတာဖြစ်ပါတယ်။ ယာဉ်သွားလမ်း အောက်လျှိုတံတားများ အဝင်အထွက်ကောင်းစေရန်အတွက်လည်း လမ်းနယ်မြေ အတွင်းမှာ ၃၀ ပေ အရှည်အား ကွန်ကရစ်လမ်းအဖြစ်ခင်းပေးထားတာဖြစ်ပါတယ်။ နေပြည်တော် ကောင်စီနယ်မြေအတွင်းမှာရှိတဲ့ ကျေးရွာပေါင်း ၆၁ ရွာမှာ မိုးတွင်းကာလလှည်းလမ်းများ ဖြတ်သန်း သွားလာလျက်ရှိပြီးတော့ ပွင့်လင်းရာသီမှာတော့ လှည်းများသာမက ထော်လာဂျီများ၊ ကားငယ်များပါ ၎င်းတံတားများအောက်ကနေပြီးတော့ သွားလာနိုင်တဲ့အခြေအနေမှာရှိပါတယ်။

          ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး လမ်းနယ်နိမိတ်ရဲ့ အပြင်မှာရှိတဲ့ ကျေးရွာများနဲ့ ဆက်သွယ်တဲ့လမ်းများကိုတော့ နေပြည်တော်ကောင်စီနယ်မြေအတွင်း မှာရှိတဲ့အတွက် အမြန်လမ်းမကြီးစီမံကိန်းနဲ့ မသက်ဆိုင်ပါ။ စီမံကိန်းနယ်မြေပြင်ပမှာရှိတဲ့ ကျေးရွာများ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို ဖြတ်သန်းသွားလာနိုင်ရန်ပြုလုပ်ထားတဲ့ လမ်းဖြတ်တံတား ၁၆ ခု နှင့် ကျေးရွာများသွားလာနိုင်အောင်ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ကျေးရွာများကနေပြီး ၎င်းတံတား နှင့်ဆက်သွယ်ပေးတဲ့လမ်းကတော့ လောလောဆယ်ဖောက်လုပ်ပေးရန် အစီအစဉ်မရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။