(ဇ)-နားခံကျေးရွာအုပ်စု၌ လျှပ်စစ်မီးရရှိရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၄၁) ရက်မြောက်နေ့ (၂၅-၁၀-၂၀၁၁)

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ နားခံကျေးရွာအုပ်စုသည် စံပြကျေးရွာဖြစ်ပြီး မိုးနဲမြို့နဲ့ ၇ မိုင်အကွာ မိုးနဲ-နမ့်စန် ကားလမ်းမကြီးနံဘေးနဲ့ ကျိုင်းတောင်းမြို့နယ်ခွဲသို့သွားသော လမ်းခွဲ၌ တည်ရှိပါသည်။ အိမ်ခြေ ၆၀၀ ကျော်၊ လူဦးရေအားဖြင့် ၂၀၀၀ ကျော်ကျော် တစ်စုတစ်စည်း တည်းနေထိုင်လျက်ရှိပါသည်။ ၎င်းကျေးရွာ၌ အစိုးရအထက်တန်းကျောင်း၊ ကျေးလက်ဆေးပေးခန်း၊ ဘုန်းတော်ကြီး ပရိယတ္တိစာသင်ကျောင်း၊ ဝိပဿနာကမ္မဋ္ဌာန်းကျောင်း၊ လုံခြုံရေးတပ်ဖွဲ့များတည်ရှိရာ ၎င်းအဆောက်အဦများနှင့် ကျေးရွာလူထုတို့အတွက် လျှပ်စစ်မီးလိုအပ်လျက်ရှိပါတယ်။ ကျိုင်းတောင်း ရေအားလျှပ်စစ်ကြိုးလိုင်းသည် ၎င်းကျေးရွာအနီး မိုးနဲ-နမ့်စန်ကားလမ်းအတိုင်း ဖြတ်သန်းသွား ပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ဆောင်ရေး၊ သဘာဝသစ်တော၊ သစ်ပင်အချိန်မီထိန်းသိမ်းနိုင်ရေးနှင့် စံပြကျေးရွာလိုအပ်ချက်နှင့်အညီ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရသစ် တက်လာသောအချိန်၌ ကြုံကြိုက်၍ ကျေးရွာပြည်သူများ လျှပ်စစ်မီးရရှိရေး အတွက်များစွာမျှော်လင့်ကိုးစားလျက်ရှိရာ နားခံကျေးရွာအုပ်စုတို့မှ အတတ်နိုင်ဆုံးကျပ်သိန်း ၃၀၀ ကို အစိုးရလျှပ်စစ်ဌာနအား အကူအညီငွေ ထည့်ဝင်ပေးမည်ဖြစ်ပါကြောင်း ၁၁-၈-၂၀၁၁ ရက်နေ့တွေ့ဆုံ ပွဲ၌သဘောတူတင်ပြခဲ့ကြပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဝေးလံသောနယ်မှရယူလိုခြင်း မဟုတ်ပါဘဲ မိမိမြို့နယ်မှရရှိလာသော ရေအားလျှပ်စစ်ဓာတ်အားလည်းဖြစ်၊ မိမိရွာကို ဖြတ်သန်းသွားသော လျှပ်စစ်ကြိုးလိုင်းကို မြင်သာမြင်ရမကြင်ရတဲ့အဖြစ် မဖြစ်စေရန်သော်လည်းကောင်း၊ နိုင်ငံတော်၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမူကို အကောင်အထည်ဖော်ရန်သော် လည်းကောင်း၊ ကမ္မဋ္ဌာန်းကျောင်း၊ ဘုန်းတော်ကြီးကျောင်းများနဲ့ ဓမ္မတရားတော်ကျင်‌့ကြံပွားများ အားထုတ်လျက်ရှိသော သူတော်ကောင်းများအတွက် အလင်းရောင်ပေးနိုင်ရန် သော်လည်းကောင်း၊ လုံခြုံရေးတပ်ဖွဲ့အတွက်လည်းကောင်း အရေးတကြီးလိုအပ်လျက်ရှိသောကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် ဖွံ့ဖြိုးရေးနောက်ကျသော နားခံကျေးရွာပြည်သူများကိုယ်စား ပြည်ထောင်စု ဝန်ကြီးအားစေတနာရှေ့ထား ဆောင်ရွက်ပေးနိုင်မည့်အစီအစဉ်ကိုသိရှိလိုပါကြောင်း မေးမြန်းးပါသည်။


 

ဖြေကြားသူ
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး
အဖြေ

ရှမ်းပြည်နယ်တောင်ပိုင်းမှာ တပ်ဆင်အင်အား ၅၄ မဂ္ဂါဝပ်ရှိ ကျိုင်း‌တောင်းရေအားလျှပ်စစ် စက်ရုံတည်ဆောက်ပြီး ၂၀၀၈ ခုနှစ်မှစ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်လျက်ရှိရာ အမှတ်(၂)လျှပ်စစ် စွမ်းအားဝန်ကြီးဌာနအနေနဲ့ ၁၃၂ ကေဗွီ  မဟာဓာတ်အားလိုင်းများဖြစ်တဲ့ ကျိုင်း‌တောင်း - နမ့်စန်   ၇၃ မိုင်၊ နမ့်စန်-ပင်းပက်-ကလော ၈၄ မိုင် စီမံကိန်းများနှင့်နမ့်စန်၊ ပင်းပက်တို့တွင် ၁၃၂ ကေဗွီ ပင်မဓာတ်အားခွဲရုံများကိုပါ တည်‌ဆောက်ပြီး ပတ်ဝန်းကျင်ဒေသများသို့ ၆၆ ကေဗွီဓာတ်အားလိုင်း များ၊ ဓာတ်အားခွဲရုံများဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ခဲ့ရာ လွိုင်‌လင်၊ မိုးနဲ၊ လင်းခေးမြို့ များမှာ ၆၆ ကေဗွီဓာတ်အားခွဲရုံများတည်‌ဆောက် ဓာတ်အားပေးလျက်ရှိပါတယ်။ မိုးနဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦးစိုင်းကျော်မြင့်တင်ပြလာတဲ့ မိုးနဲမြို့နယ်၊ နားခံကျေးရွာအနီးမှ ဖြတ်သန်းသွားတဲ့  ကျိုင်းတောင်းရေအားလျှပ်စစ်ကြိုးလိုင်းဟာ ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်း ဖြစ်ပြီး ယင်းဓာတ်အားလိုင်းသည် ကျေးရွာအနီး ဖြတ်သန်းသွားသော်လည်း ယင်းဓာတ်အားလိုင်းမှ ကျေးရွာသို့ တိုက်ရိုက်ဓာတ်အားပေး၍ မရနိုင်တဲ့လိုင်းဖြစ်ပါတယ်။ ဓာတ်အားအသုံးပြုသူများ အသုံးပြု နိုင်တဲ့ ၁၁ ကေဗွီ၊ ဝ.၄ ကေဗွီဗို့အားအဆင့်များသို့  လျှော့ချပြီးမှသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မိုးနဲမြို့နယ်၊ နားခံကျေးရွာအုပ်စု လျှပ်စစ်ဓာတ်အားရရှိရေးအတွက် မိုးနဲမြို့မှ ၁၁ ကေဗွီဓာတ်အား လိုင်း ၇ မိုင်ဆွဲပြီး ၁၁/၀၄ ကေဗွီ၊ ၃၁၅ ကေဗွီအေထရန်စဖော်မာ နှစ်လုံး တည်ဆောက်ခြင်းနဲ့ကျေးရွာ အတွင်း ၄၀၀ ‌ဗို့ဓာတ်အားလိုင်း ၂ မိုင်တည်ဆောက်မှသာ ဓာတ်အားရရှိမှာဖြစ်ပါတယ်။ ဝန်ကြီးဌာန အနေနဲ့အဓိကလိုအပ်တဲ့ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများကို ဦးစားပေးတည်‌ဆောက်လျက်ရှိတဲ့ အတွက် နားခံကျေးရွာအုပ်စု လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဒေသအာဏာပိုင် သဘောတူညီချက် ရှိပြီး  ပြည်သူလူထုရဲ့ ခိုင်ခိုင်မာမာဖွဲ့စည်းထားတဲ့ ကိုယ့်အားကိုယ်ကိုး ကျေးရွာမီးလင်းရေးကော်မတီ ဖွဲ့စည်းကာ မိုးနဲမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှတစ်ဆင့် လျှောက်ထားရမှာဖြစ်ပါတယ်။ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ကျေးရွာမီးလင်းရေးဆိုင်ရာ မူဘောင်သတ်မှတ်ချက်များနဲ့ ကိုက်ညီတဲ့ ကျေးရွာမီးလင်းရေးများကို ခွင့်ပြု‌ဆောင်ရွက်‌ပေးလျက်ရှိပြီး လိုအပ်တဲ့နည်းပညာပိုင်းများ အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းမှာ မိုင်းကိုင်၊ မိုင်းလောင်၊ လွိုင်လင်၊ လဲချား၊ ရွာငံ၊ အင်းဒေသ၊ ပအို့ဝ်ဒေသစသည်ဖြင့်‌ တောက်လျှောက် လျှပ်စစ်ဓာတ်အားလိုင်းများဆွဲခြင်း၊ လျှပ်စစ်မီးများပေးခြင်း ‌‌ဆောင်ရွက်လျက်နည်းတူ ရန်ပုံငွေရရှိရေးအပေါ်မူတည်ပြီးတော့မှ နားခံကျေးရွာမီးရရှိရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖြေကြားပါသည်။