(ဆ)-ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၄၁) ရက်မြောက်နေ့ (၂၅-၁၀-၂၀၁၁)

ပြည်သူတွေ၊ ဌာနဆိုင်ရာတွေ လျှပ်စစ်မီး ရရှိဖို့အတွက် စက်မှုလုပ်ငန်းတွေ၊ လျှပ်စစ်ဓာတ်အား အလုံအလောက်ရရှိဖို့အတွက် နိုင်ငံတော် အစိုးရကနေပြီးတော့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ကြိုးစားတည်ဆောက်နေတာကို ကျွန်တော်တို့ ပြည်သူတွေ တွေ့မြင်ကြားသိရတဲ့အတွက် အလွန်ဝမ်းသာပီတိ ဖြစ်ရပါတယ်။ တည်ဆောက်ပြီးတဲ့ စက်ရုံ ၃၃ ရုံကနေပြီးတော့ မဂ္ဂါဝပ် ၃၃၆၀ ထုတ်ယူရရှိပြီး ယခုအခါမှာ ယခင်ကကဲ့သို့ မီးပျက်မှု တွေဟာမရှိသလောက်ဖြစ်နေပါပြီ။ ဓာတ်အားသုံးစွဲမှုတွေကလည်း ယခင်ကထက် များစွာသာလွန် နေပြီဖြစ်ပါတယ်။ ဒါ့အပြင် တည်ဆောက်ဆဲ လျှပ်စစ်ဓာတ်အားပေးစီမံကိန်းတွေဖြစ်တဲ့ ဝန်ကြီးဌာန စီမံကိန်း ၁၃ ခု၊ တိုင်းရင်းသားလုပ်ငန်းရှင်စီမံကိန်း ၈ ခု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၄၄ ခု၊ စုစုပေါင်းဆောင်ရွက်ဆဲစီမံကိန်း ၆၅ ခုရှိတယ်လို့ သိရှိရတဲ့အတွက်လည်း အလွန်ဝမ်းသာမိပါတယ်။ ဒါကြောင့်မို့လို့ ယခင်အစိုးရလက်ထက်က ကျေးရွာမီးလင်းရေးကော်မတီတွေ ဖွဲ့စည်းပြီးတော့ ဝန်ခံချက် ၂၄ ချက်နဲ့ အကောင်အထည်ဖော်ဆောင်နေတဲ့ ဆောင်ရွက်ပြီးစီးနေကြတဲ့ ဓာတ်အားလိုင်း တွေဟာ ယခုအခါမှာ မီးလင်းကြလို့ ပြည်သူတွေဟာ ကျေနပ်ဝမ်းသာနေကြတာကို တွေ့ရှိရပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ယခင်အစိုးရလက်ထက်က မီးလင်းရေးမူ ၂၄ ချက်နဲ့ ဆောင်ရွက်တဲ့နေရာမှာ နံပါတ် ၂၀ မှာကျေးရွာမီးလင်းရေးအတွက် ကိုယ့်အားကိုယ်ကိုးတပ်ဆင် တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်ရာမှာ ဒီလုပ်ငန်းတွေကို ဆောင်ရွက်ရန်ခွင့်ပြုပေးခြင်း သည် နောင်တစ်ချိန် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိတဲ့အခါမှာ ဆက်သွယ်အသုံးပြုနိုင်ရန် အတွက် ကြိုတင်တည်ဆောက်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်ပါကြောင်းပါရှိပါတယ်။ ယခင် အစိုးရလက်ထက်က လျှပ်စစ်ဓာတ်အား မလုံလောက်သော်လည်း ရပြီဆိုတဲ့အခါမှာ အဆင်သင့်သုံးစွဲနိုင်ရန် ကြိုတင်ပြီး တော့ စီမံဆောင်ရွက်ပေးခဲ့ခြင်းဖြစ်တဲ့အတွက် အင်မတန်သင့်လျော်သော ဆောင်ရွက်ချက်လည်းဖြစ်ပါ တယ်။ မီးလင်းရေးမူနံပါတ် ၁၆ မှာနဲ့ နံပါတ် ၁၉ မှာတော့  ဝန်ကြီးဌာနကို အလှူခံခြင်း၊ အခမဲ့ ရရှိရေးအတွက် အကူအညီတောင်းခံခြင်းတို့ကို မပြုလုပ်ပါကြောင်း၊ ခွင့်ပြုပြီးမှ လိုက်လံအလှူခံ ဆောင်ရွက်နေတာတွေကိုတွေ့ရှိလို့ရှိရင် ခွင့်ပြုထားတာတွေကို ပယ်ဖျက်မယ်လို့ ပါရှိတာတွေ့ရပါ တယ်။ ဒါနဲ့ပတ်သက်လို့လည်းပဲ နိုင်ငံတော်ရဲ့ဘဏ္ဍာငွေတွေဟာ ငွေလုံးငွေရင်းဖြင့် နိုင်ငံတော်ရဲ့ စီမံကိန်းကြီးများ၊ မဟာဓာတ်အားလိုင်းကြီးများ၊ ပင်မဓာတ်အားခွဲရုံတွေကို အကောင်အထည်ဖော် တည်ဆောက်နေရတဲ့အချိန် ဖြစ်တဲ့အတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းဖြစ်တဲ့ တိုင်၊ ကြိုး၊ ထရန်စ‌ဖော်မာတွေဟာ ပြည်သူတွေရဲ့စုပေါင်းကူညီ တည်ဆောက်မှုဖြင့် ဆောင်ရွက်ဖို့လိုအပ်တယ် ဆိုတာကိုလည်း ကျွန်တော်တို့ပြည်သူတွေ နားလည်သဘောပေါက်ပါတယ်။ မိမိဒေသမီးလင်းရေး လုပ်ငန်းစဉ်မှာ ကျွန်တော်တို့အနေနဲ့ တစ်နိုင်တစ်ပိုင်ကူညီ တည်ဆောက်လိုစိတ်လည်းရှိကြပါတယ်။ အခုလည်းပဲ ကျွန်တော်တို့အောက်ခြေမှာ သံတိုင်တွေပြတ်နေတာတွေလည်းပဲ ပြည်သူ့အားနဲ့ ဂဟေဆော်တဲ့ ကွန်ကရစ်လောင်းတဲ့ လုပ်ငန်းတွေလုပ်ပါတယ်။ ထရန်စ‌ဖော်မာလောင်လို့ရှိရင်  လည်းပဲ ပြည်သူတွေစုပေါင်းပြီးတော့ သယ်ယူပို့ဆောင်ပေးတဲ့လုပ်ငန်းတွေ၊ ပြုပြင်ပေးတဲ့လုပ်ငန်း တွေမှာ၊ ထရန်စ‌ဖော်မာအဆင့်မြှင့်တဲ့  လုပ်ငန်းတွေမှာ မိမိတို့နိုင်သလောက်  ဝိုင်းဝန်းကူညီဆောင်ရွက်    

ပေးနေပါတယ်။ ဒါတွေဟာ ကျွန်တော် တို့မိမိဒေသဖွံ့ဖြိုးဖို့၊ နိုင်ငံတော်ကြီးနေရာဒေသစုံ မီးလင်းစေဖို့ အစိုးရနဲ့ပြည်သူကြည်ဖြူစွာလက်တွဲ ဆောင်ရွက်နေကြခြင်းဖြစ်ပါတယ်။ နိုင်ငံတော်ဘက်ကလည်းပဲ တစ်ယူနစ်ကို ပျမ်းမျှ ၆၀၊ ၇၀ လောက်ကျနေတဲ့ ဓာတ်အားကို ၂၅ ကျပ်နဲ့ ပြည်သူတွေကို ဈေးချိုချို သုံးစွဲပါစေဆိုပြီး နိုင်ငံတော်က အရှုံးခံရောင်းပေးနေတာကိုလည်း ကျွန်တော်တို့ ပြည်သူတွေ သဘောပေါက်ကျေနပ်ပြီး နိုင်ငံတော်အစိုးရကို ကျေးဇူးတင်ကြပါတယ်။ ကျွန်တော့်အနေနဲ့ မေးခွန်းနဲ့ အတူအကြုံပြုတင်ပြလိုတာကတော့ လျှပ်စစ်ဓာတ်အားလုပ်ငန်းဟာ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ အတွက် နိုင်ငံတော်ကရေရှည်မှာ အရှုံးခံဆောင်ရွက်နေခြင်းဟာ မသင့်တော်ဘဲနဲ့ အမြတ်ငွေရတဲ့ အဖွဲ့အစည်းအဖြစ်သို့ ပြောင်းလဲသင့်ပါတယ်။ ဓာတ်အားခများကို တိုးမြှင့်ကောက်ခံသင့်ပါကြောင်း  တင်ပြလိုပါတယ်။ နိုင်ငံတော်မှာ ကဏ္ဍစုံပြုပြင်ပြောင်းလဲမှုတွေကို  ပြည်သူ့ဆန္ဒနဲ့အညီ ဆောင်ရွက်ရန် လိုအပ်နေချိန်ဖြစ်တဲ့အတွက် ကျေးရွာဒေသများသို့ လျှပ်စစ်မီးသွယ်တန်းရာမှာလည်းပဲ ကျေးရွာ ပြည်သူများက ကျသင့်ငွေအားလုံး ကိုတာဝန်ယူ ကျခံရမှာဖြစ်ပြီး၊ နံပါတ် ၁၄ မှာ ပြုပြင်ထိန်းသိမ်းရေး ရန်ပုံငွေကိုလည်း မီးလင်းရေးကော်မတီက ငွေစုစာအုပ်ဖြင့် ဆက်လက်ပြီး စုဆောင်းထားရှိရမယ် လို့ပါရှိလို့ ပြင်စရာတွေရှိရင် တာဝန်ယူပြင်ရမယ်ဆိုတာကိုလည်း ကျွန်တော်တို့သဘောပေါက်ပါတယ်။ သို့သော် ယနေ့ နိုင်ငံတော် အစိုးရသစ်ရဲ့လက်ထက်မှာ ကျေးလက်ဒေသများဟာ ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်များဖြင့် ပြည်သူများရဲ့ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးလင်းရေးတို့ကို ဆောင်ရွက် အကောင်အထည် ဖော်နေတဲ့ကာလဖြစ်ခြင်း၊ နိုင်ငံရဲ့စီးပွားရေး၊ လူမှုရေးအပါအဝင် ကဏ္ဍစုံမှာ ပြည်သူ့ဆန္ဒနဲ့အညီပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်နေချိန်ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်အနေနဲ့ မီးလင်းရေးမူမှာပါတဲ့ နံပါတ် ၁၄၊ ၁၅၊ ၁၉၊ ၂၀ ဆိုတဲ့အချက်တွေကို ဖြေလျော့ပေးနိုင်ရန် ရည်ရွယ်ချက်နဲ့ ယခု ဒီမေးခွန်းကို ကျွန်တော်မေးရခြင်းဖြစ်ပါတယ်။ မေးရတဲ့နေရာမှာလည်းပဲ ကျွန်တော့်ရဲ့မေးခွန်းထဲမှာ မြို့ရဲ့ အနီးပတ်ဝန်းကျင်ကျေးရွာများသို့ တိုးချဲ့သွယ်တန်းနိုင်ရန်ဆိုတဲ့ အချက်နဲ့ နိုင်ငံတော်က သင့်တင့်လျောက်ပတ်တဲ့ ထောက်ပံ့မှုတွေပြုပေးဖို့ဆိုတဲ့အချက်ကို ရည်ရွယ်ပြီး မေးခြင်းဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းပိုင် ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ပြီးတော့ မြို့အနီးပတ်ဝန်းကျင်ကျေးရွာများသို့ တိုးချဲ့သွယ်တန်းအသုံးပြုနိုင်ရန် ကျေးရွာ ပြည်သူလူထုက မျှော်လင့်နေကြရာ ထိုသို့သွယ်တန်းရာတွင် နိုင်ငံတော်က သင့်တင့်သော ထောက်ပံ့ မှုဖြင့် သွယ်တန်းလိုကြောင်း ကျေးရွာပြည်သူများကတင်ပြလာကြပါတယ်။ သို့ဖြစ်တဲ့အတွက် မြို့အနီး ပတ်ဝန်းကျင်ကျေးရွာများသို့ သင့်တင့်သော နိုင်ငံတော်၏ထောက်ပံ့မှုဖြင့် မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်းမှအသုံးပြုခွင့်ပေးရန် အစီအစဉ်ရှိ၊မရှိ သိရှိလိုပါတယ်။ အစီအစဉ်ရှိပါက မည်သို့ပံ့ပိုး ဆောင်ရွက်သွားမည်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး
အဖြေ

အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ နိုင်ငံ‌တော်မှရရှိတဲ့ ရန်ပုံ‌ငွေ ပေါ်မူတည်ပြီးတော့ အဓိကကျတဲ့ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံများကို တည်‌ဆောက်ပေးလျက်ရှိပါတယ်။ ဓာတ်အားရရှိ ပြီးတဲ့မြို့အနီးကျေးရွာများကို ဓာတ်အားဆက်သွယ်အသုံးပြုခွင့်ရရှိရေးအတွက် ဒေသအာဏာပိုင် တို့ရဲ့ခွင့်ပြုထောက်ခံချက်ရရှိပြီး ပြည်သူလူထုရဲ့ ခိုင်ခိုင်မာမာဖွဲ့စည်းထားတဲ့ ကိုယ့်အားကိုယ်ကိုး ကျေးရွာမီးလင်းရေးကော်မတီဖွဲ့စည်းပြီး သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှတစ်ဆင့် လျှောက်ထားရမှာဖြစ်ပါတယ်။ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ ကျေးရွာမီးလင်းရေး အတွက် မူဘောင်သတ်မှတ်ချက်များနဲ့ကိုက်ညီတဲ့ ကိုယ့်အားကိုယ်ကိုး ကျေးရွာမီးလင်းရေးများကိုခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ်တဲ့နည်းပညာပိုင်းများကိုလည်း ကူညီဆောင်ရွက်လျက်ရှိပါတယ်။ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ ကျေးရွာများမီးလင်းရေးဆောင်ရွက်တဲ့အခါမှာ ပထမ တစ်ချက်အနေနဲ့ ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီးတော့မှ ဆောင်ရွက်ပေးရတာဖြစ်ပါတယ်။ ဒုတိယ တစ်ချက်အနေနဲ့လည်း ဓာတ်အားရရှိနိုင်တဲ့နေရာများကို ကန့်သတ်ပြီးတော့မှ ဓာတ်အားလိုင်းများ၊ ဓာတ်အားကြိုးများ သွယ်တန်းနိုင်ရေးအတွက် ကျေးရွာများကို ခွင့်ပြုခဲ့တာရှိပါတယ်။ ဒါကြောင့်မို့လို့ လျှပ်စစ်(၂)ဝန်ကြီးဌာနအနေနဲ့ ရန်ပုံငွေလုံလောက်မှုရှိလာလို့ရှိရင် National  Grid ကနေပြီး ဆက်လက်ပြီးတော့ ထားတဲ့အရာအားလုံးကို ဌာနကနေပြီးတော့မှ တဖြည်းဖြည်းဆက်လက်ပြီး‌‌တော့ တာဝန်ယူပြီးတော့မှ ဓာတ်အားလိုင်းတွေ၊ ဓာတ်အားခွဲရုံတွေ တည်‌ဆောက်ပြီ‌းတော့ ကျေးရွာများအထိ လျှပ်စစ်မီးတွေ ‌ရောက်ရှိလာမှာဖြစ်ကြောင်းဖြေကြားပါသည်။