(ဆ)-GSM ဖုန်းတပ်ဆင်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၁) ရက်မြောက်နေ့ (၄-၁၀-၂၀၁၁)

ပန်းတောင်း မြို့နယ်မှာ GSM Tower တိုင်စိုက်ထူထားခြင်း မရှိသေးပါဘူး။ ရွှေတောင်တစ်ဖက်ကမ်းဖြစ်တဲ့ ရွှေတောင်မြို့နယ် ရဲ့ Tower တိုင်ကိုအမှီပြုပြီးတော့ ကျွန်တော်တို့ကအသုံးပြုနေရတာဖြစ်ပါတယ်။ အဲဒီလိုအသုံးပြုရတဲ့ အတွက်ကြောင့် ကျွန်တော်တို့ဆီမှာ မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ တချို့ရပ်ကွက် တွေပဲရပြီးတော့ ဒီနယ်စွန်နယ်ဖျားမှာရှိတဲ့ အလုပ်ရုံ၊ စက်ရုံတွေကမမှီပါဘူး။ မမှီတဲ့အတွက် ကျွန်တော်တို့ ပန်းတောင်း မြို့နယ်မှာ GSM Tower တိုင်တိုးချဲ့တပ်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိကို မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း
အဖြေ

ပန်းတောင်းမြို့နယ်မှာ ကြို့ကုန်းMicro စခန်းမှာ ၅-၁၁-၂၀၁၀ ရက်နေ့ကစပြီးတော့ CDMA-450 ကိုတပ်ဆင်ပေးထားပြီးဖြစ်တဲ့အတွက် ပန်းတောင်း မြို့နယ်မှာ CDMA-450 တယ်လီဖုန်းကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။  ဆက်လက်ပြီးတော့ ပန်းတောင်း မြို့မှာ GSM တယ်လီဖုန်းတိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းကို ယခု GSM Mobile တိုးချဲ့စီမံကိန်းပထမနှစ် ရဲ့ ဒုတိယအဆင့်မှာ ယခုပထမနှစ်ရဲ့ ပထမအဆင့်က ကျွန်တော်တို့ လွန်ခဲ့တဲ့ ၂ လ ကစပြီးတော့ စတင် နေပြီဖြစ်ပါတယ်။ ပထမနှစ်ရဲ့ ဒုတိယအဆင့်မှာလိုင်း ၃၀၀၀ နဲ့ တတိယအဆင့်မှာလိုင်း ၃၀၀၀ ကျွန်တော်တို့ ပန်းတောင်းမြို့နယ်အတွင်းမှာ တပ်ဆင်ရန်ဆောင်ရွက်ထားပါကြောင်း ဖြေကြားအပ်ပါ တယ်။