၁၉၆၀ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် နေ့အထိစီစဉ်ထားသော ၁၈၇၈ ခုနှစ်၊ ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေ အခန်း(၄)အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းသို့ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတို့မှ ဝင်ရောက်လာသူများအနေဖြင့် ငွေအကြွေတု သို့မဟုတ် စံချိန်မမီသည့် လက်ရှိအသုံးပြုနေတဲ့ငွေအကြွေ များကိုယူဆောင်ခွင့်မပြုရန် ပြဋ္ဌာန်းသတ်မှတ်ထားပါတယ်ခင်ဗျား။ အချိန်ကို ငဲ့ညှာသောအားဖြင့် အခြားကုန်ပစ္စည်းများလည်း ရှိပါသေးကြောင်းတင်ပြအပ်ပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ အလားတူ ၁၉၄၇ ခုနှစ်၊ နိုင်ငံခြားသုံးငွေလဲလှယ်မှုစည်းမျဉ်းဥပဒေပုဒ်မ ၅ နှင့် ၆ တို့အရ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်မှ နိုင်ငံသားများဟာ နိုင်ငံခြားငွေကိုင်ဆောင်ခွင့်မရရှိကြောင်း တွေ့ရှိရပါတယ်ခင်ဗျား။ သို့ရာတွင် ပုဒ်မ ၉ အရ အကောက်ခွန်ဦးစီးဌာနမှ နိုင်ငံခြားငွေ သို့မဟုတ် အမေရိကန်ဒေါ်လာ နိုင်ငံရပ်ခြားသို့သွားလိုပါက ယူဆောင်လိုလျှင် သက်ဆိုင်ရာ ဘဏ်များ ဖြစ်တဲ့ MFTB ဘဏ်၊ MICB ဘဏ်၊ MEB ဘဏ်များမှ နိုင်ငံခြားတင်ပို့ငွေ MD ရရှိကြောင်း သက်ဆိုင်ရာဘဏ်များရဲ့ ထောက်ခံချက်ရရှိမှသာ ဤဒေါ်လာဟာ တရားဝင်ငွေကြေးဖြစ်ကြောင်း သိရှိရပါတယ်ခင်ဗျား။ ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ ကုန်သွယ်မှုမူဝါဒကောင်စီအစည်း အဝေး(၁၃/၉၈)အရ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ပြည်ပသို့အလုပ်အကိုင် သွားရောက် လုပ်ကိုင်သူ သို့မဟုတ် Show Job တစ်ဦးအတွက် FEC ၁၀၀ကို အမေရိကန်ဒေါ်လာဖြင့် လဲလှယ်ခွင့် ပြုရန် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ ခရီးသွားခြင်းအတွက် ၎င်း၏နိုင်ငံခြားငွေစာရင်းမှ ကန့်သတ်ချက် မထားဘဲထုတ်ယူခွင့်ပြုရန် သို့ရာတွင် ငွေပမာဏကြီးမားပါက အထက်ပါအဖွဲ့အစည်း ၏ခွင့်ပြုချက် ရယူမှသာ ထုတ်ယူခွင့်ပြုရန်ဟု ဆုံးဖြတ်ညွှန်ကြားထားပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီး ခင်ဗျား။ လက်တွေ့ဆောင်ရွက်ရာတွင် မည်သူမှဘဏ်များသို့သွားရောက်၍ FEC ၁၀၀ အား အမေရိကန်ဒေါ်လာဖြင့် လဲလှယ်ခြင်းမပြုကြပါ။ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ ပတ်ဝန်းကျင်နိုင်ငံများ အားလုံးမှာလည်း မြန်မာပြည်မှအလုပ်ဖြင့် လာရောက်သူများကို အမေရိကန်ဒေါ်လာ ၅၀၀ အနည်းဆုံးပါရှိမှသာ သူတို့နိုင်ငံကို ဝင်ခွင့်ပြုတယ်လို့ကန့်သတ်ထားပါတယ်ခင်ဗျား။ ဒါကြောင့်မိုလို့ အလုပ်သမားများရဲ့ လိုအပ်ချက်ငွေများကို အခြားနည်းလမ်းများဖြင့် ယူဆောင်သွားနေရပါတယ်။ အကောက်ခွန်ဝန်ထမ်းများက ပြည်သူများအဆင်ပြေစေရေး နားလည်မှုဖြင့် ခွင့်ပြုပေးနေသည် ဆိုသော်လည်း ဥပဒေနှင့်မညီညွတ်ပါ။ FEC ၁၀၀နှင့်ညီမျှသည့် အမေရိကန်ဒေါ်လာဖြင့်လည်း နိုင်ငံခြားတိုင်းပြည်သို့ သွားရောက်၍မရနိုင်ပါ။ အလားတူ ခေတ်နှင့်မလျော်ညီတော့သည့် ဥပဒေများ၊ စည်းမျဉ်းများသည် မလိုလားအပ်သည့်နှောင့့််နှေးကြန့်ကြာမှုနှင့် ဆိုးကျိုးများကို ဖြစ်စေနိုင်ပါသဖြင့် တည်ဆဲနိုင်ငံခြားငွေလဲလှယ်မှု စည်းမျဉ်းသတ်မှတ်ရေးအက်ဥပဒေ၊ နည်းဥပဒေ များနှင့် ပင်လယ်ရေကြောင်း အကောက်ခွန်ဥပဒေများအား ခေတ်ကာလနှင့်ကိုက်ညီအောင် ပြန်လည်ပြင်ဆင်ရန် ရှိ၊ မရှိ သိလိုခြင်းဖြစ်ပါကြောင်း မေးမြန်းပါသည်။
၁၉၄၇ ခုနှစ်၊ နိုင်ငံခြားသုံးငွေလဲလှယ်မှုစည်းမျဉ်း ဥပဒေပုဒ်မ ၅ အရ မြန်မာနိုင်ငံအတွင်း နေထိုင်သူမည်သူမဆို လူပုဂ္ဂိုလ်၊အဖွဲ့အစည်း၊ ဌာနဆိုင်ရာများအနေဖြင့် နိုင်ငံခြားသုံးငွေ အုပ်ချုပ်ရေးမှူး၏ခွင့်ပြုချက်ဖြင့် နိုင်ငံခြားငွေ လက်ခံကိုင်ဆောင်ခွင့်ရှိပါတယ်။ နိုင်ငံတော်အတွင်းနိုင်ငံခြားငွေ တရားဝင်လက်ခံရရှိသည့် အဖွဲ့အစည်းများသည် နိုင်ငံခြားငွေလက်ခံ ကိုင်ဆောင်ခွင့်လိုင်စင် Foreign Exchange Acceptor and Holder License ကို လျှောက်ထား ပြီးကိုင်ဆောင်ကြရမှာဖြစ်ပါတယ်။ သာမန်ခရီးသွားအလုပ်လုပ်သူများ Show Job, Seaman Job တစ်ဦးအတွက်ကို FEC ၁၀၀ ကို အမေရိကန်ဒေါ်လာဖြင့်လဲလှယ်ယူဆောင် ခွင့်ပြုထားပါတယ်။ ဒါ့အပြင် အလုပ်လုပ်သူလူသစ်များအတွက် FEC ၂၀၀ ကို အမေရိကန်ဒေါ်လာဖြင့် လဲလှယ်ယူဆောင် ခွင့်ပြုထားပါတယ်။ နိုင်ငံခြားငွေဘဏ်စာရင်းဖွင့်လှစ်ထားပြီး ဘဏ်စာရင်းလက်ကျန်ငွေ လုံလောက် စွာရှိသူများအား မိမိတို့၏ဘဏ်စာရင်းမှ အမေရိကန်ဒေါ်လာ ၅၀၀ ကိုထုတ်ယူပြီး ယူဆောင်ခွင့်လည်း ပြုထားပါတယ်။ ပြည်ပသို့ နိုင်ငံခြားငွေများယူဆောင်သွားရန် ခွင့်ပြုထားတဲ့ပမာဏထက် ကျော်လွန်သည့် ငွေပမာဏကိုယူဆောင်သွားလိုပါက ကိစ္စရပ်အလိုက် အကျိုးအကြောင်းပြည့်စုံစွာ ဖော်ပြပြီး နိုင်ငံခြားသုံးငွေအုပ်ချုပ်ရေးမှူး Controller Of Foreign Exchange နဲ့နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုအဖွဲ့ Foreign Exchange Board အာဏာပိုင်များထံတင်ပြပြီး ခွင့်ပြုချက်ရယူ ယူဆောင်သွားနိုင်ပါတယ်။ တည်ဆဲနိုင်ငံခြားသုံးငွေလဲလှယ်မှု စည်းမျဉ်းဥပဒေသတ်မှတ်ရေး အက်ဥပဒေ ၁၉၄၇ ခုနှစ်သည် ပြည်ထောင်စုအစိုးရ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက စီမံခန့်ခွဲတဲ့ ဥပဒေများမှာပါဝင်ပါတယ်။ သို့သော်လည်း ခေတ်ကာလနှင့်မကိုက်ညီသည့် ပြဋ္ဌာန်းချက်များကို နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်နှင့် လက်ရှိခေတ်ကာလ အခြေအနေနှင့်ကိုက်ညီရန်အတွက် ပြင်ဆင်ရေးဆွဲ၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ သဘောထား မှတ်ချက်တောင်းခံပြီးဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရန်စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်းတင်ပြလိုပါတယ်။ ဆက်လက်ပြီး ပင်လယ်ရေကြောင်းအကောက်ခွန်ဥပဒေများမှ ခေတ်ကာလ နှင့်မကိုက်ညီသည့် ဥပဒေနှင့်နည်းဥပဒေများ ပြန်လည်ပြင်ဆင်ရန် ရှိ၊ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး ရှင်းလင်းသွားမှာဖြစ်ပါတယ်။ အကောက်ခွန်ဦးစီးဌာနမှ အဓိကကျင့်သုံးလျက်ရှိတဲ့ ဥပဒေများမှာ ၁၉၇၈ ခုနှစ်၊ ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ၊ ၁၉၂၄ ခုနှစ်၊ ကုန်းလမ်းအကောက်ခွန် အက်ဥပဒေနဲ့ ၁၉၉၂ ခုနှစ်၊ အကောက်ခွန်နှုန်းဥပဒေတို့ဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ်၊ ပင်လယ် ရေကြောင်းအကောက်ခွန်ဥပဒေ၊ ၁၉၂၄ ခုနှစ်၊ ကုန်းလမ်းအကောက်ခွန်ဥပဒေနှစ်ရပ်ကို ယနေ့ခေတ် ကာလနဲ့လျော်ညီစွာ ပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် ဥပဒေပြင်ဆင်ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါတယ်။ အကောက်ခွန်ဦးစီးဌာနဟာ ၁၉၉၁ ခုနှစ်၊ ကမ္ဘာ့အကောက်ခွန်အဖွဲ့ World Customs Organization ရဲ့ ၁၀၉ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာတဲ့အတွက် ကမ္ဘာ့ အကောက်ခွန်အဖွဲ့ရဲ့ချမှတ်ထားတဲ့ စံသတ်မှတ်ချက်များနဲ့အညီ ပြဋ္ဌာန်းကျင့်သုံးနိုင်ရန် ကမ္ဘာ့ အကောက်ခွန်အဖွဲ့က ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ ကျိုတိုသဘောတူစာချုပ် Revised Kyoto Convention မှာပါဝင်တဲ့ အကောက်ခွန်လုပ်ထုံးလုပ်နည်းများ စံသတ်မှတ်ချက်များနဲ့ ကိုက်ညီ အောင်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေမှာ အကောက်ခွန်တန်ဖိုးသတ်မှတ်ရာမှာ နောက်ဆုံးသတ်မှတ်ခဲ့တဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ World Trade Organization WTO ရဲ့အကောက်အခွန်တန်ဖိုးသတ်မှတ်ရေး သဘောတူညီချက်များနဲ့ အညီဆောင်ရွက်ရန် ဥပဒေပြဋ္ဌာန်းဆောင်ရွက်ရန်လိုအပ်လာမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အလျောက် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် သတင်း ဆက်သွယ်ရေးနည်းပညာ အသုံးပြုသောအာဆီယံပြတင်းတစ်ပေါက်စနစ် အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ပြဋ္ဌာန်းဥပဒေများနဲ့ကိုက်ညီရန်လိုအပ်ပြီး အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် များနဲ့ အာဆီယံနိုင်ငံများအတွင်းဆောင်ရွက်လျက်ရှိတဲ့ သဘောတူစာချုပ်များနဲ့လိုက်နာဆောင်ရွက် ရန်လိုအပ်မှာဖြစ်တဲ့အတွက် ပင်လယ်ရေကြောင်းအကောက်ခွန်ဥပဒေကို ပြင်ဆင်ရန် လိုအပ်တဲ့ အတွက် ပညာရှင်များနဲ့တိုင်ပင်ပြီး ရေးဆွဲလျက်ရှိကြောင်း အသိပေးတင်ပြလိုပါတယ်။ သို့ဖြစ်ပါ၍ ပင်လယ်ရေကြောင်း အကောက်အခွန်ဥပဒေ၊ ကုန်းလမ်းအကောက်အခွန်ဥပဒေများမှာ ခေတ်ကာလ နှင့် မကိုက်ညီသည့်ဥပဒေများ၊ နည်းဥပဒေများကို ပြန်လည်ရေးဆွဲဆောင်ရွက်ဆဲ ဆောင်ရွက် လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
