ရှမ်းပြည်နယမြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နဲ့ မန်တုံမြို့နယ်တို့ဟာ သွားရေးလာရေးခက်ခဲတဲ့ ဒေသဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း တို့ကြောင့် တရားမဝင်မူးယစ်ဆေးဝါးများရောင်းဝယ်ဖောက်ကား ရာတွင် သယ်ဆောင်ဖြတ်သန်းရန် လမ်းကြောင်းသဖွယ်ဖြစ်နေသကဲ့သို့ တိုင်းရင်းသား အမျိုးသား၊ အမျိုးသမီးများလည်း မူးယစ်ဆေးဝါး သုံးစွဲမှုများ များပြားလာပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအကျင့်စရိုက်နဲ့လုံခြုံရေးကိုပါ ဆိုးဝါးစွာ ထိခိုက်ပျက်စီးလာသည် ကိုတွေ့ရပါတယ်။ နိုင်ငံတော်အနေနဲ့လည်း ဒေသအသီးသီး တို့တွင် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီး နှိမ်နှင်းရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများကို လူကောင်းသူကောင်းဖြစ်လာစေရေးအတွက် ပြန်လည်ထူထောင်ရေးနဲ့စောင့်ရှောက်ရေးလုပ်ငန်းစဉ် များကို ဆောင်ရွက်နေကြောင်း သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ပြောကြားသည့်အတွက် ပြည်သူလူထု ကိုယ်စားဝမ်းမြောက်ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ မန်တုံမြို့နယ်သည် မြို့သစ်အဖြစ် ထူထောင်နေရတဲ့ မြို့တစ်မြို့ဖြစ်တဲ့အလျောက် လူနေအိမ်ခြေ ၇၀၀ ခန့်ရှိပြီး ပလောင်၊ ရှမ်း၊ ကချင်၊ လီဆူး တိုင်းရင်းသားပေါင်းစုံနေထိုင်သော မြို့တစ်မြို့ဖြစ်ပါတယ်။ မန်တုံမြို့မှာတပ်မတော်တပ်ရင်း၊မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့ဌာန၊ဌာနေပြည်သူ့စစ်နဲ့ဌာနဆိုင်ရာရုံးများ ရှိပါတယ်။ သို့သော် မြို့အင်္ဂါရပ်နဲ့မပြည်စုံသေးပါ။ မြို့အင်္ဂါရပ်နဲ့ ပြည့်စုံစေရေးအတွက်(က) မြို့တွင်း လမ်းမ ၁ မိုင် ၄ ဖာလုံအား ကတ္တရာခင်းပေးရန်၊ (ခ) မန်တုံမြို့ကျက်သရေဆောင်ခန်းမတစ်ခု ဆောက်လုပ်ပေးရန်လိုအပ်လျက်ရှိပါတယ်၊ (ဂ) ဟောင်းနွမ်းယိုယွင်းပျက်စီးနေသော ဘုန်းကြီးကျောင်း တစ်ခုကို အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ။ ရှိမည်ဆိုပါက မည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်းရှိ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ မန်တုံမှ မိုးမိတ်သို့ ဆက်သွယ်ဖောက်လုပ်ထားတဲ့ မန်တုံ-မိုးမိတ်လမ်းအား မြေသားလမ်းဖောက်လုပ်ခြင်းကို ၁၉၉၈-၁၉၉၉ ဘဏ္ဍာရေးနှစ်မှစတင်ပြီး နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနမှ ဆောင်ရွက် ခဲ့တာဖြစ်ပါတယ်။ ၂၀၀၁-၂၀၀၂ ဘဏ္ဍာရေးနှစ်အထိ ဆောင်ရွက်ခဲ့ပြီးမြေသားလမ်းအဆင့် ၅၈ မိုင်၊ ကျောက်လမ်း ၇ မိုင် ၄ ဖာလုံ ဆောင်ရွက်ပြီးစီးခဲ့ပါတယ်။ ၂၀၀၂-၂၀၀၃ ဘဏ္ဍာရေးမှစတင်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆက်လက်ဆောင်ရွက်ခဲ့ရာ ၃၁-၅-၂၀၁၁ နေ့အထိ လမ်းအခြေအနေ ကတော့ကျောက်လမ်း ၂၇ မိုင် ၄ ဖာလုံ၊ မြေလမ်း ၃၀ မိုင် ၄ ဖာလုံ၊ စုစုပေါင်း ၅၈ မိုင်ဖြစ်ပါတယ်။ မန်တုံ-မိုးမိတ်လမ်းအား ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ လမ်းဆောက်လုပ် ရေး စီမံကိန်း အထူးအဖွဲ့-၁ မှ ဒုတိယအင်ဂျင်နီယာမှူးကြီးနှင့်အဖွဲ့က ခွဲဝေရရှိတဲ့သာမန်ပြင်ဆင် ထိန်းသိမ်းခြင်း ရန်ပုံငွေနဲ့ လုပ်ငန်းများဆောင်ရွက်ခဲ့ရာမှာ လမ်းတံတားပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း ၅၈ မိုင်၊ ၁၀ ပေအရှည် သစ်သားတံတားများရဲ့ ကြမ်းခင်းနဲ့ဘီးလမ်းများလဲလှယ်ခြင်း ၁၈ စင်း၊ ၁၅ ပေ အရှည် သစ်သားတံတားများ၏ယက်မ၊ ကြမ်းခင်းနှင့်ဘီးလမ်းများလဲလှယ်ခြင်းငါးစင်း၊၂၀ ပေ အရှည်သစ်သား တံတား များ၏ဆွေးမြေ့နေသော ယက်မ၊ ကြမ်းခင်း၊ ဘီးလမ်းများလဲလှယ်ခြင်း ငါးစင်း။ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်းမှာရှိတဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သော မန်တုံ မြို့နဲ့ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ကို ဆက်သွယ်ထားတဲ့ မန်တုံ-မုံးဝီး-နမ့်ခမ်း လမ်းအား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာနမှ ၁၉၉၆-၁၉၉၇ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ၂၀၀၃-၂၀၀၄ ဘဏ္ဍာရေးနှစ်အထိ ဆောင်ရွက်ခဲ့ပါတယ်။ ဆောင်ရွက်ခဲ့စဉ် ကာလအတွင်းမှာ မူလမြေသားလမ်းအဆင့်မှ ကျောက်ခင်းခြင်းလမ်းအဆင့်အထိ ၆ မိုင် ၂ ဖာလုံနဲ့ မန်တုံ-မုံးဝီးလမ်းအပိုင်း သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆက်လက်ဆောင်ရွက်ခဲ့ရာ ၃၁-၅-၂၀၁၁ နေ့ အထိ လမ်းအခြေအနေကတော့ ကတ္တရာလမ်း ၁ မိုင် ၂ ဖာလုံ၊ ကျောက်လမ်း ၆ မိုင် ၂ ဖာလုံ၊ အမာခံလမ်း ၂ မိုင် ၄ ဖာလုံ၊ မြေလမ်း ၇၄ မိုင် ၆ ဖာလုံ စုစုပေါင်း ၈၄ မိုင် ၆ ဖာလုံ ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ လမ်းဆောက်လုပ်ရေးစီမံကိန်းအထူးအဖွဲ့(၁)၊ ဒုတိယအင်ဂျင်နီယာမှူးကြီး နှင့် အဖွဲ့မှခွဲဝေရရှိတဲ့ သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေနဲ့လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါ တယ်။ လမ်း-တံတား သာမန်ပြင်ဆင်ထိန်းသိမ်းခြင်း ၈၄ မိုင် ၆ ဖာလုံ၊ ကတ္တရာလမ်းပေါက်ဖာထေး ခြင်း စုစုပေါင်း ၃၇၀၀ စတုရန်းပေ၊ လမ်းဘေးဝဲ/ယာ ရေမြောင်းတူးခြင်း ၅ ဖာလုံ၊ မိုင် ၂/၀ မှ ၃/၀ အတွင်း ၂၀ ပေအရှည် သစ်သားတံတားနှင့် ၄၀ ပေအရှည်သစ်သားတံတားတို့ရဲ့ ယက်မ၊ ကြမ်းခင်း၊ ဘီးလမ်းများလဲလှယ်ခြင်း နှစ်စင်း၊ မိုင် ၆/၀ မှ ၇/၀ အတွင်း ကွန်ကရစ်ရေပြွန် တည်ဆောက်ခြင်း နှစ်စင်း၊ မိုင် ၈/၅ မှ ၈/၆ အတွင်း (၅ ပေ x ၅ ပေ x ၂၄ ပေ)ရှိတဲ့ သံကူကွန်ကရစ်တံတားတည်ဆောက် ခြင်းတစ်စင်းတို့ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မန်တုံ-မိုးမိတ် လမ်းနဲ့ မန်တုံ-မုံးဝီး-နမ့်ခမ်းလမ်းတို့ကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ လမ်း-တံတား အဆင့်မြှင့်တင်ဆောင်ရွက်ရန် သာမန်ပြင်ဆင် ထိန်းသိမ်းခြင်းရန်ပုံငွေများ တင်ပြတောင်းခံပြီး ဦးစားပေးအဆင့်အလိုက် အဆင့်မြှင့်တင်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း မေးမြန်းပါသည်။
