ချင်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်း ဆက်သွယ်ထားတဲ့ အဓိကလမ်းမကြီးဖြစ်တဲ့ ဟားခါး-မတူပီ လမ်း ၁၇၃ မိုင်ကို ကတ္တရာစေးလမ်းအဖြစ် အဆင့်တိုးမြှင့်ဆောင်ရွက်ပေးရန်ကိစ္စပဲဖြစ်ပါတယ်။ အဆိုပါလမ်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာလည်း ကျွန်တော် တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဟားခါး-မတူပီလမ်းဟာဆိုရင် ချင်းပြည်နယ်အလယ်ဗဟိုမှာ တည်ရှိပြီးတော့ အဲဒီလမ်းကို မှီခိုအားထားတဲ့ မြို့နယ်ခွဲအဆင့်ရှိ စေးခွားရွာကြီးနဲ့ အလယ်ရွာ၊ ရွာကြီး နောက်ပြီးတော့ ကျေးရွာပေါင်း ၆၁ ရွာခန့် ရှိပါတယ်။ အဲဒီလမ်းမကြီးဟာဆိုရင် ချင်းပြည်နယ်အထဲမှာ လူအများဆုံးနေထိုင်ရာဒေသလည်း ဖြစ်ပါတယ်။ ယင်းလမ်းမကြီးကို ကတ္တရာစေးလမ်းအဖြစ် တိုးမြှင့် ပေးပါက ချင်းပြည်နယ်ပြည်သူများအနေနဲ့ ကူးသန်းရောင်းဝယ်သွားလာနိုင်ကြမည့်အပြင် စီးပွားရေး၊ လူမှုရေးကိစ္စအဝဝမှာလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ချင်းပြည်နယ်ရဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက်လည်း အဓိကအထောက်အကူပြုမှာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ဟားခါး-မတူပီလမ်းကို အဆင့်မြင့်ကတ္တရာစေးလမ်းအဖြစ်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိနဲ့ အကယ်၍ မရှိသေးပါကလည်း ၂၀၁၂-၂၀၁၃ ခုနှစ်၊ ဘတ်ဂျက်ရန်ပုံငွေကနေစတင်ပြီးတော့ စီစဉ်ဆောင်ရွက်ပေး သင့်ပါကြောင်း တင်ပြမေးမြန်းပါသည်။
ဟားခါး-မတူပီလမ်းဟာ ချင်းပြည်နယ်အတွင်းမှာရှိတဲ့ ဟားခါးမြို့နှင့် မတူပီမြို့ကိုဆက်သွယ်ထားတဲ့ ဟားခါးမြို့ မိုင်တိုင်အမှတ် ဝ/၄ မှ စတင်ပြီး အိုက်ကား မြို့၊ ရေဇွာမြို့တို့ကို ဖြတ်သန်းကာ မတူပီမြို့အထိ ၁၇၂ မိုင်နဲ့ ၇ ဖာလုံ ရှည်လျားပါတယ်။ ၃၁-၅-၂၀၁၁ နေ့အထိ လမ်းအြခေအနေကတော့ ကတ္တရာလမ်း ၅ မိုင် ၂ ဖာလုံ၊ ကျောက်လမ်း ၅၄ မိုင် ၃ ဖာလုံ၊ ြမေလမ်း ၁၁၃ မိုင် ၂ ဖာလုံ၊ စုစုပေါင်း ၁၇၂ မိုင် ၇ ဖာလုံ ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ မင်းတပ်ခရိုင်၊ အင်ဂျင်နီယာမှူးအဖွဲ့နဲ့ လမ်းဆောက်လုပ်ရေး စီမံကိန်းအထူးအဖွဲ့ ၁၂ မှ ဒုတိယအင်ဂျင်နီယာမှူးကြီးဦးဆောင်သောအဖွဲ့တို့မှ ခွဲဝေရရှိတဲ့ သာမန်ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေနဲ့ လုပ်ငန်းများကို အောက်ပါအတိုင်း ဆောင်ရွက်ထားရှိပါတယ်။
သာမန်ပြင်ဆင်ထိန်းသိမ်းခြင်း ၁၇၂ မိုင် ၇ ဖာလုံ၊ ြမေလမ်းမျက်နှာပြင်ပြုပြင်ခြင်း ၃၇ မိုင် ၆ ဖာလုံ၊ လမ်းကျဉ်းနေရာများတွင် လမ်းတာပေါင်ချဲ့ခြင်း ၁၃ မိုင် ၄ ဖာလုံ၊ မိုးရာသီ တောင်ပြိုြမေ ဖယ်ရှားခြင်းြမေကြီးကျင်းပေါင်း ၅၀၀၀ ကျင်း၊ ကတ္တရာခင်းခြင်း ၄ ဖာလုံ၊ ကျောက်ချောလမ်းခင်းခြင်း ၃ မိုင် ၇ ဖာလုံ၊ လမ်းများပျက်သဖြင့် ကားများသွား၍ရအောင် ဘီးလမ်းများကျောက်ဖြည့်ခြင်း ၇၄၅ ပေ၊ တံတားကြမ်းခင်းလဲလှယ်ခြင်း တစ်စင်း၊ သစ်မာကြမ်းခင်းရေထုတ်ပြွန်ပြုလုပ်ခြင်း တစ်ခု၊ သစ်မာ တံတားတည်ဆောက်ခြင်း တစ်စင်း၊ သံကူကွန်ကရစ်ကြမ်းခင်း ရေထုတ်ပြွန်ပြုလုပ်ခြင်း တစ်ခု၊ ကျောက်စီ သစ်မာခင်းရေထုတ်ပြွန်ပြုလုပ်ခြင်း ၂၂ ခု၊ ရေထုတ်ပြွန်ပါ ကျောက်စီြမေကာနံရံပြုလုပ် ခြင်း ၂၀ ခု၊ ကျောက်စီြမေကာနံရံပြုလုပ်ခြင်း တစ်ခု၊ မျောခရစ်ရိုက်ခြင်း ရှစ်ခု တို့ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ လမ်းတံတားအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ငွေလုံးငွေရင်းနဲ့ သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေများ တင်ပြတောင်းခံပြီး ဦးစားပေးအဆင့်အလိုက် အဆင့်မြှင့်တင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖြေကြားပါသည်။
