(ခ)-အာဇာနည်နေ့တွင် ဥသြဆွဲသံထုတ်လွှင့်ပေးမှုနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၅-၈-၂၀၁၁)

အာဇာနည်နေ့၌ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့်အချိန် ၁၀း၃၇ နာရီတွင် မြန်မာ့အသံမှ ဥသြဆွဲသံ ထုတ်လွှင့်ပေးမှုမရှိသည်ကို ပြည်ထောင်စုအစိုးရက သိပါသလား။ ယနေ့ ပါတီစုံဒီမိုကရေစီ အစိုးရ လက်ထက်တွင် မြန်မာ့အသံမှ ဥသြဆွဲတာကို ပြန်လည်ထုတ်လွှင့်ပေးရန် အစီအစဉ်ရှိပါသလား။ မရှိလျှင် အဘယ်ကြောင့် ပါနည်းကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

တပ်မတော်အစိုးရလက်ထက်မှာ အာဇာနည်နေ့မှာ မြန်မာ့အသံက ဥသြသံထုတ်လွှင့် ပေးခြင်းမပြုတော့တာကို ကျွန်တော့်တို့အနေနဲ့ သိရှိပါတယ်။ ယခုအခါ ကျွန်တော်တို့ အစိုးရ လက်ထက်မှာလည်းပဲ မြန်မာ့အသံက ဥသြသံထုတ်လွှင့် အလေးပြုတဲ့အစီအစဉ်ကို ပြန်လည် ဆောင်ရွက်ဖို့ အစီအစဉ်မရှိကြောင်း ဖြေကြားလိုပါတယ်။ ဘာကြောင့်ဒီလို အစီအစဉ်မရှိတာလည်း ဆိုရင် အဓိကအကြောင်းအချက် နှစ်ခုကြောင့် ဖြစ်ပါတယ်။ ဒီအဓိက အကြောင်းအချက် နှစ်ခုကို ဆက်ပြီး ကျွန်တော်ရှင်းပြပါမယ်။ပါလီမန် ဒီမိုကရေစီခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် အာဇာနည်နေ့မှာ မြန်မာ့အသံက ဥသြသံထုတ်လွှင့်ပြီး အလေးပြုတဲ့ အစီအစဉ်ကို ဆောင်ရွက်ခဲ့တဲ့ ကာလမှာ အားလုံးသိကြတဲ့အတိုင်း ရန်ကုန်၊ မန္တလေးမြို့ကြီးများ အပါအဝင် မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ မြို့ဒေသများမှာ မော်တော်ယာဉ်သုံးစွဲမှု၊ မော်တော်ဆိုင်ကယ်သုံးစွဲမှု၊ စက်ဘီးသုံးစွဲမှု စသည်ဖြင့် နည်းပါးခဲ့ပါတယ်။ အထူးသဖြင့် မော်တော်ဆိုင်ကယ်သုံးစွဲမှုမှာ အင်မတန်နည်းပါးခဲ့ပါတယ်။ အဲဒီလို မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ် သုံးစွဲသွားလာမှု နည်းပါးခဲ့တဲ့အချိန်မှာ မြန်မာ့အသံက ဥသြသံထုတ်လွှင့်ပြီး ဥသြသံကြားတာနဲ့ ရပ်တန့်အလေးပြုရတဲ့ အစီအစဉ်ကို ဆောင်ရွက်ခဲ့သော်လည်း ယာဉ်သွားလာမှုနည်းပါးတဲ့အတွက် တစ်စုံတစ်ရာပြဿနာ၊ အန္တရာယ် မရှိခဲ့ပါဘူး။ ဒါပေမဲ့လည်း ကနေ့အခါမှာတော့ အားလုံးသိကြတဲ့အတိုင်း ရန်ကုန်မြို့၊ မန္တလေးမြို့ကြီး များအပါအဝင် မြန်မာနိုင်ငံအနှံ့ မြို့ကြီး၊ မြို့လတ်၊မြို့ငယ်ဒေသအားလုံးမှာ မော်တော်ယာဉ်သုံးစွဲမှု၊ မော်တော်ဆိုင်ကယ်သုံးစွဲမှု၊ စက်ဘီးသုံးစွဲသွားလာမှုများ အင်မတန်များပြားပါတယ်။ အထူးသဖြင့် မော်တော်ဆိုင်ကယ်သုံးစွဲမှု ပိုမိုများပြားနေတာကို တွေ့မြင်နိုင်ပါတယ်။ အဲဒီလိုယာဉ် သုံးစွဲမှုတွေ များပြားတဲ့ ကာလဖြစ်တဲ့အတွက် အာဇာနည်နေ့မှာ မြန်မာ့အသံက ဥသြသံထုတ်လွှင့်ပြီး ကြားတဲ့ အချိန်အခါမှာ သွားလာနေတဲ့ ယာဉ်တွေအားလုံးက ရုတ်တရက်ရပ်တန့် အလေးပြုကြရမယ်ဆိုရင် မလိုလားအပ်တဲ့ အန္တရာယ်၊ ပြဿနာများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒုတိယ အကြောင်းအချက်ကတော့ အဲဒီလိုမြန်မာ့အသံက ဥသြသံထုတ်လွှင့် အလေးပြုခြင်းကို မဆောင်ရွက်သော်လည်း ရန်ကုန်မြို့ရှိ  အာဇာနည်ဗိမာန်မှာ အာဇာနည်နေ့အခမ်းအနားကို တင့်တောင့်တင့်တယ်ပြုလုပ်ပြီး သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ လူထုလူတန်းစားအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အာဇာနည်ခေါင်းဆောင်ကြီး များရဲ့ မိသားစုများ၊ ပြည်သူလူထုအားလုံးပါ တက်ရောက်ပြီး ဂါရဝပြုနိုင်အောင် စီစဉ်ဆောင်ရွက် ပေးလျက်ရှိပါတယ်။ တက်ရောက်ပြီးတော့ ဂါရဝပြုလျက်လည်းရှိကြပါတယ်။  ဒါ့အပြင် နိုင်ငံတော်ရဲ့ အမြင့်ဆုံးဖြစ်တဲ့ အထွတ်အထိပ် နိုင်ငံတော်အလံကိုလည်းပဲ မြန်မာနိုင်ငံအနှံ့ တိုင်ဝက်ကိုလျှော့ချပြီး အလေးပြုတဲ့အစီအစဉ်နဲ့‌ ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလိုဆောင်ရွက်ခြင်းကြောင့် ပြည်သူများ အနေနဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးများရဲ့ ဂုဏ်ကျေးဇူးကို အမှတ်တရသတိရပြီး ဂုဏ်ပြုနိုင်ကြပြီဖြစ်ပါ တယ်။ အဲဒီလို ဆောင်ရွက်တဲ့အတွက် လူငယ်၊ လူရွယ်များအပါအဝင် မြန်မာနိုင်ငံ ပြည်သူတစ်ရပ်လုံး အနေနဲ့ အင်္ဂလိပ်နယ်ချဲ့အပါအဝင် နယ်ချဲ့ရဲ့အန္တရာယ်ကိုလည်း အစဉ်သတိပြုနိုင်စေဖို့၊ အလားတူပဲ အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ တိုင်းပြည်နဲ့လူမျိုးအကျိုးအတွက် ကိုယ်ကျိုးစွန့်ဆောင်ရွက် နိုင်တဲ့ စိတ်ထားများတိုးမြှင့်ပေါ်ပေါက်လာစေနိုင်ဖို့ ဆောင်ရွက်ပေးလျက်၊ ဖော်ဆောင်ပေးလျက်ရှိ ပါတယ်။ အဲဒီအကြောင်းများကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ အာဇာနည်နေ့မှာ မြန်မာ့အသံက ဥသြသံထုတ်လွှင့်အလေးပြုတဲ့အစီအစဉ်ကို ပြန်လည်ဆောင်ရွက်ရန် အစီအစဉ်မရှိ ကြောင်းဖြေကြားပါသည်။