ဒီနေ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ပေးလျက်ရှိသည့် နိုင်ငံတော်ရဲ့ စတုတ္ထ မဏ္ဍိုင်ဖြစ်သော စာပေနှင့် စာနယ်ဇင်းသမားများအား နိုင်ငံတော်မှ နှစ်စဉ်ဂုဏ်ပြုချီးမြှင့်လေ့ ရှိပါတယ်။ ထိုသို့ ဂုဏ်ပြုချီးမြှင့်ရာတွင် စာပေအမျိုးအစားတစ်ခုအတွက် လူပုဂ္ဂိုလ်တစ်ဦးကိုသာ အမျိုးသားစာပေဆု ချီးမြှင့်သော်လည်း ချီးမြှင့်ငွေပမာဏမှာ ကျပ် ၃ သိန်းသာ ဖြစ်ပါတယ်။ ယနေ့ နိုင်ငံတော်အနေဖြင့် ဝတ္ထုတိုပေါင်းချုပ်စာပေဆု၊ ဝတ္ထုရှည်စာပေဆု၊ သုတပဒေသာသိပ္ပံစာပေဆု၊ သုတပဒေသာဝိဇ္ဇာစာပေဆု၊ ကဗျာစာပေဆု၊ ပြဇာတ် စာပေဆု၊ နိုင်ငံရေးစာပေဆု၊ စာပဒေသာ စာပေဆု၊ ကလေးစာပေဆု၊ လူငယ်စာပေဆု၊ ဘာသာပြန်ရသစာပေဆု၊ ဘာသာပြန်သုတစာပေဆု စသည့်စာပေဆုများကို ချီးမြှင့်ပေးလျက် ရှိပါတယ်။ ယခုလို ချီးမြှင့်ခြင်းကြောင့် နိုင်ငံတော်နဲ့ ပြည်သူ လူထုအကျိုးပြု စာပေကောင်းများ ပေါ်ထွက်လာပြီးတော့ ပြည်သူလူထုများ ပိုမိုလေ့လာ ဆည်းပူးခွင့် ရရှိခဲ့ပါတယ်။ ယနေ့စာပေ ပညာရှင်များ၊ စာပေပညာရှင်ကြီး တစ်ဦးဖြစ်ဖို့ရာ နှစ်ပေါင်းများစွာ စာပေလောကတွင် စာပေများကိုလေ့လာရခြင်း၊ လက်တွေ့ဘဝနှင့်ယှဉ်၍ စာပေများကိုပြုစုရခြင်း စသည်တို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ရပါတယ်။ ဒီလို ဆောင်ရွက်ခဲ့လို့လည်းပဲ နိုင်ငံတော်နှင့် ပြည်သူ့ အကျိုးပြုစာပေကောင်းများ များစွာပေါ်ထွက်လာခဲ့ပါတယ်။ ဒါကြောင့် စာပေပညာရှင်ကြီးများရဲ့ ကိုယ်ကျိုးစွန့် ကြိုးစားအားထုတ်မှုကို လေးစားသောအားဖြင့်လည်းကောင်း၊ ယခုခေတ်ကုန်ဈေးနှုန်း နှင့် စာပေပညာရှင်ကြီးများ သုံးစွဲရတဲ့ စရိတ်စကများကြောင့်လည်းကောင်း ယခုချီးမြှင့်သည့် ငွေကျပ် ၃ သိန်းထက် ပိုမိုချီးမြှင့်သင့်သည်ဟု ကျွန်တော့်အနေနဲ့ သုံးသပ်မိပါတယ်။ ရလည်း ရသင့်ပါတယ်။ ဒါကြောင့် အမျိုးသားစာပေချီးမြှင့်ငွေကို တိုးချဲ့ချီးမြှင့်ရန် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံမှာ ၁၉၆၅ ခုနှစ် ကစပြီး အမျိုးသားစာပေဆုအတွက် ဘာသာရပ် ၁၀ မျိုးမှာ ဆု ၁၀ မျိုးသတ်မှတ်ပြီး စတင်ချီးမြှင့်ပေးခဲ့ ပါတယ်။ ၁၉၆၉ ခုနှစ်ကစပြီး သုတပဒေသာဘာသာရပ်အတွက် သုတပဒေသာဝိဇ္ဇာ၊ သုတပဒေသာ သိပ္ပံဆိုပြီး တိုးမြှင့်ချီးမြှင့်ခဲ့ပါတယ်။ အလားတူပါပဲ ၁၉၇၅ ခုနှစ်မှာ လူငယ်ဆိုင်ရာဘာသာရပ်အတွက် တိုးမြှင့်ချီးမြှင့်ခဲ့ပါတယ်။ ထို့အတူ ၁၉၈၀ခုနှစ်မှာတော့ ဘာသာပြန် စာပေဆုအတွက် ဘာသာပြန်သုတ၊ ဘာသာပြန်ရသဆိုပြီး တိုးမြှင့်ချီးမြှင့်ပေးခဲ့ပါတယ်။ အလားတူပါပဲ ၁၉၆၉ ခုနှစ်မှာတော့ သုတ ပဒေသာသိပ္ပံဘာသာရပ်အတွက် သုတပဒေသာသိပ္ပံဘာသာရပ်နဲ့ သုတပဒေသာသိပ္ပံ အသုံးချ ဘာသာရပ်ဆိုပြီး တိုးမြှင့်ချီးမြှင့်ပေးခဲ့ပါတယ်။ ဒါကြောင့် ယနေ့အခါမှာ နိုင်ငံတော်မှာ အမျိုးသား စာပေဘာသာရပ်ကို အခြေခံပြီးတော့ပေးတဲ့ အမျိုးသားစာပေဆု ၁၄ ဆု ချီးမြှင့်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် ၂၀၀၁ ခုနှစ်မှာ လူပုဂ္ဂိုလ်ကို ဦးတည်ချီးမြှင့်ပေးတဲ့ အမျိုးသားတစ်သက်တာစာပေဆု ဆိုတာကိုလည်းပဲ တိုးမြှင့်ချီးမြှင့်ပေးခဲ့ပါတယ်။ အဲဒီစာပေဆုဟာ မြန်မာနိုင်ငံမှာ အမြင့်ဆုံးသော အမျိုးသားစာပေဆုဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားစာပေဆုပေါင်း ၁၅ ဆု ချီးမြှင့်ပေး လျက်ရှိပါတယ်။ ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု ကော်မတီအနေနဲ့ ၂၃-၅-၂၀၁၁ ရက်နေ့မှာ အမျိုးသားစာပေဆုချီးမြှင့်ရေး ပထမအကြိမ်အစည်းအဝေးကို ပြုလုပ်ခဲ့ ပါတယ်။ အဲဒီအစည်းအဝေးမှာ မြန်မာနိုင်ငံအနေနဲ့ အင်္ဂလိပ်စာပေရေးသား ပြုစုဖတ်ရှုလေ့လာမှုများ တိုးတက်လာစေရန်အတွက် ၂၀၁၁ ခုနှစ်မှာထုတ်ဝေတဲ့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့စာအုပ်များ ထဲက အကောင်းဆုံးသော အင်္ဂလိပ်ဘာသာဆုကိုလည်းပဲ ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် အမျိုးသားစာပေဆု ၁၆ ဆု ချီးမြှင့်ပေးတော့မှာ ဖြစ်ပါတယ်။ အမျိုးသားစာပေဆု ဆုကြေးများနဲ့ ပတ်သက်လို့လည်း အမျိုးသားစာပေဆု အတွက် မူလချီးမြှင့်ငွေ ၃ သိန်းကနေပြီးတော့ ၅ သိန်း၊ အမျိုးသားတစ်သက်တာ စာပေဆုအတွက်မူလချီးမြှင့်ငွေ ၆ သိန်းကနေ ၈ သိန်းအထိတိုးမြှင့် ပေးဖို့ အဲဒီအစည်းအဝေးက ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း ဖြေကြားပါသည်။
