နိုင်ငံတော်ကနှစ်စဉ် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေများချထားပေးလျက်ရှိပြီးတော့ နှစ်စဉ် နိုင်ငံအတွင်းမှာရှိတဲ့ စာသင်ကျောင်းများအတွက် အဆောက်အဦ ပြင်ဆင်စရိတ်များ ချထားပေးခြင်း၊ ကျောင်းဆောင် အဆောက်အဦအသစ် ဆောက်လုပ်ပေးခြင်းများအတွက် ငွေများချထားပေးပြီး ဆောင်ရွက်လျက်ရှိတာကို တွေ့ရပါတယ်။ အဲဒီလိုချထားပေးတဲ့နေရာမှာ ဒေသခံရပ်မိရပ်ဖများနဲ့ ပညာရေးဝန်ထမ်းများ ပူးပေါင်းပြီး ကော်မတီများဖွဲ့၍ ငွေများကိုအရစ်ကျစနစ်ဖြင့် ချထားပေးလျက် ရှိပါတယ်။ ယင်းသို့ငွေကျဖို့အတွက်အမှုတွဲတည်ဆောက်ရခြင်းများ၊ အရစ်ကျငွေထုတ်၍ဆောင်ရွက် နေရခြင်းများကြောင့် နိုင်ငံတော်မှချထားပေးရတဲ့ငွေဟာ ရာနှုန်းပြည့်ထိရောက်မှုမရှိတာကို တွေ့ရ ပါတယ်။ စာသင်ကြားသောဆရာ၊ ဆရာမများမှာ အဆောက်အဦအတွက် တာဝန်ယူနေခြင်းကြောင့် လည်း စာသင်ကြားရေးကတစ်ဖက်၊ ဆောက်လုပ်ရေးကတစ်ဖက်နဲ့ မနိုင်ဝန်ထမ်းနေကြရပါတယ်။ ဒါ့အပြင် မိမိမကျွမ်းကျင်တဲ့ ဆောက်လုပ်ရေး ကဏ္ဍကို တာဝန်ယူရတဲ့အတွက်လည်း ပြဿနာများ မလိုလားအပ်ပဲ ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါကြောင့် ပညာရေးဝန်ကြီးဌာနမှာ အဆောက်အဦများ ဆောက်လုပ်ထိန်းသိမ်းသောဌာန သီးခြားထပ်တိုးဖွင့်လှစ် ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ ဌာနမှ တာဝန်ယူ၍ ကန်ထရိုက်စနစ်ဖြင့် လည်းကောင်း၊ နိုင်ငံတစ်ဝှမ်းလုံးရှိစာသင်ကျောင်းများသို့ တာဝန်ယူ ဆောက်လုပ်ခြင်း၊ ပြုပြင်ခြင်းစနစ် ကျင့်သုံးမည်ဆိုပါက ပညာရေးကဏ္ဍအတွက် ပိုမိုအထောက်အကူ ဖြစ်မယ်လို့ ယူဆပါသဖြင့် ယင်းသို့စနစ်ပြောင်းလဲကျင့်သုံးရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဌာန အဆောက်အအုံများ တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပုံစနစ်ကို ကျွန်တော့်အနေနဲ့ ရှင်းလင်းခွင့်ပြုပါခင်ဗျား။ ငွေလုံးငွေရင်းအသုံးစရိတ် တည်ဆောက်ပြုပြင်ရေးရန်ပုံငွေအဖြစ် အဆောက်အအုံများ အသစ်ဆောက်လုပ်မှုအားလုံးကို နိုင်ငံတော်က သတ်မှတ်ခွင့်ပြုပေးသည့် PAE စံနှုန်းဖြင့်ပဲ ကန်ထရိုက်စနစ်နဲ့ အပ်နှံဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျား။ နောက်သဘာဝဘေးအန္တရာယ် ခံရသော ကျောင်းဆောင်ဆောက်လုပ်မှုအားလုံးကို သာမန်အသုံးစရိတ်ရန်ပုံငွေဖြင့် ကျခံပြီး ကန်ထရိုက်စနစ်ဖြင့်ပင် နိုင်ငံတော်ကသတ်မှတ်ခွင့်ပြုပေးသည့် PAE စံနှုန်းအရပေးချေ ဆောင်ရွက် ပါတယ်။ ဝန်ကြီးဌာနအစီအစဉ်ဖြင့် ဥပဓိရုပ်မကောင်းသောကျောင်းများအတွက် အချိုးကျစရိတ်များ ကို သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ပေးသွင်း၍ သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံကွပ်ကဲမှုအစီအစဉ်တို့ဖြင့် ကျောင်းဆောင်သစ်များကိုဆောက်လုပ် လျက်ရှိပါတယ်။ ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းမဟုတ်သည့်အသေးစား ပြင်ဆင်ထိန်းသိမ်းခြင်း၊ မိဘပြည်သူထည့်ဝင်ငွေဖြင့် ဆောက်လုပ်ဆဲကျောင်းများ အပြီးသတ်ဆောက်လုပ်ခြင်း၊ ကျောင်းဆောင် သစ်ဆောက်လုပ်ရန် ဌာနမှသင့်လျော်သော ရန်ပုံငွေများကိုခွဲဝေပေး၍ ဆောက်လုပ်စစ်ဆေးခြင်းတို့ကို သာမန်အသုံးစရိတ် Current တည်ဆောက်ပြုပြင်ရေးရန်ပုံငွေဖြင့်ပင် သက်ဆိုင်ရာကျောင်း ဆောက်လုပ်ရေးကော်မတီများက ဆောက်ရွက်ကြပါတယ်။ နံပါတ်(၂) သို့ပါ၍ ပညာရေးဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်ကျင့်သုံးသည့်စနစ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်နှင့် ကိုက်ညီမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စနစ်ပြောင်းလဲကျင့်သုံးရန် သီးခြားအစီအစဉ်မလိုအပ်ပါ ကြောင်း ဖြေကြားပါသည်။
