ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄(ဃ)တွင် ဘာသာ၊ သာသနာရေး နဲ့ပတ်သက်၍ လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသော်လည်း ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ရှိ ပြည်ထောင်စုဖွားဒေသခံမဲဆန္ဒရှင် ၉၀ ရာခိုင်နှုန်းခန့်ဖြစ်သော အစ္စလမ်ဘာသာဝင် ကိုးကွယ်ဝတ်ပြုရာ ရပ်ကွက်၊ ကျေးရွာများရှိ ဗလီဝတ်ပြုကျောင်းများ ဟောင်းနွမ်းပျက်ဆီးနေ သော်လည်း သက်ဆိုင်ရာဒေသ အာဏာပိုင်များက ပြင်ဆင်ခွင့်အသစ် ပြန်လည်ဆောက်လုပ်ခွင့် မပြုသဖြင့် ဒေသခံပြည်သူများအနေဖြင့် ဝတ်ပြုရန်အခက်အခဲများနှင့် ကြုံတွေ့နေရပါသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဒေသခံပြည်သူများရဲ့ဆန္ဒအရ နိုင်ငံတော်မှမည်ကဲ့သို့ ကူညီဆောင်ရွက် ပေးနိုင်မည်ကိုသိလိုပါ၍ မေးမြန်းရခြင်း ဖြစ်ပါတယ်။ ကျွန်တော် မေးမြန်းလိုသည့် မေးခွန်းမှာ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ရှိ ပြည်ထောင်စုဖွားဒေသခံမဲဆန္ဒရှင် ၉၀ ရာခိုင်နှုန်းခန့်သည် အစ္စလာမ်ဘာသာဝင်များ ဖြစ်ပါသည်။ ထိုဒေသ၏ ရပ်ကွက်၊ကျေးရွာများရှိ ဗလီဝတ်ပြုကျောင်းများ အများစုမှာ ဟောင်းနွမ်းပျက်စီးနေပါသော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြင်ဆင်ခွင့်နှင့် အသစ်ဆောက်လုပ်ခွင့်မပြုသည့်အတွက် အခက်အခဲနှင့်ကြုံတွေ့နေရသဖြင့် နိုင်ငံတော်က မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ ပြည်ထောင်စုဖွားဒေသခံမဲဆန္ဒရှင် ၉၀ ရာခိုင်နှုန်းခန့်သည် အစ္စလာမ်ဘာသာဝင်များဖြစ်ကြောင်း ထိုဒေသ၏ ရပ်ကွက်၊ ကျေးရွာများရှိ ဗလီဝတ်ပြုကျောင်းအများစုမှာ ဟောင်းနွမ်းပျက်စီးနေပါသော်လည်း ဒေသဆိုင်ရာအာဏာပိုင်များက ပြင်ဆင်ခွင့်နှင့် အသစ်ဆောက်လုပ်ခွင့်၊ ခွင့်မပြုသည့်အတွက် အခက်အခဲနှင့်ကြုံတွေ့နေရပါသဖြင့် နိုင်ငံတော်က မည်ကဲ့သို့ကူညီဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါကြောင်း ရခိုင်ပြည်နယ်၊ မောင်တော မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ကိရ်အာမက်(ခ)ဦးအောင်ဇော်ဝင်း၏ မေးမြန်း လာခြင်းနဲ့ပတ်သက်ပြီးတော့ သာသနာရေးဝန်ကြီးဌာနအနေဖြင့် ဖြေကြားရပါလျှင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ အစ္စလာမ်ဗလီ၊ ခရစ်ယာန်သာသနာပြုကျောင်းနှင့် ဟိန္ဒူဘုရား ရှိခိုးကျောင်း၊ အဆောက်အဦများ ဟောင်းနွမ်းပျက်စီးသဖြင့် ပြန်လည်မွမ်းမံပြင်ဆင်ရန်လိုအပ်၍ ပြင်ဆင်ခွင့်လျှောက်ထားသည့်အခါ ဒေသအာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်၏ ထောက်ခံချက်၊ ပြင်ဆင်မည့်ပုံစံ ပျက်စီးယိုယွင်းနေသော ဓာတ်ပုံမှတ်တမ်းများနှင့် တင်ပြလာသည့်အခါတွင် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး သာသနာရေးမှူးများ ပါဝင်သောအဖွဲ့က ကွင်းဆင်းစစ်ဆေးပြီး သာသနာရေးဦးစီးဌာနမှ သာသနာရေးဝန်ကြီးဌာနသို့ တင်ပြသောအခါ ဝန်ကြီး၏စီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ပြီး သာသနာရေးရှုထောင့်မှ ကန့်ကွက်ရန်မရှိကြောင်း သဘောထားမှတ်ချက် ပြန်ကြားပါတယ်။ ယင်းသဘောထားမှတ်ချက်အရ သက်ဆိုင်ရာပြည်နယ် တိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့က ပြင်ဆင်ဆောက်လုပ်ခွင့်ပြုပါတယ်။ အလားတူ ဗုဒ္ဓဘာသာ နှင့်ပတ်သက်၍ စေတီ၊ ပုထိုး၊ ဆင်းတုတော်၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံစသည့် သာသနိက အဆောက်အအုံများ ဟောင်းနွမ်းပျက်စီးသဖြင့် ပြင်ဆင်မွမ်းမံလိုသည့်အခါ သက်ဆိုင်ရာဒေသ၊ အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်နှင့် သံဃာ့နာယကအဖွဲ့အစည်းအဆင့်ဆင့်တို့က ထောက်ခံချက် များဖြင့် သက်ဆိုင်ရာပြည်နယ်တိုင်းဒေသကြီး၊ သာသနာရေးမှူး ပါဝင်သောအဖွဲ့က ကွင်းဆင်းစစ်ဆေး ပြီးသာသနာရေးဦးစီးဌာန၊ သာသနာရေးဝန်ကြီးဌာနသို့ တင်ပြသည့်အခါ ဝန်ကြီးဌာန၏ စီမံခန့်ခွဲရေး အစည်းဝေးတွင် ဆွေးနွေးဆုံးဖြတ်ပြီး သာသနာရေးရှုထောင့်မှ ကန့်ကွက်ရန်မရှိကြောင်း သဘောထား မှတ်ချက်ပြန်ကြားပေးပြီး ယင်းသဘောထားမှတ်ချက်အရ ပြည်နယ်တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့က ပြင်ဆင်ခွင့်ပြုပါတယ်။ ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး နောက်ပိုင်းတွင် ပြင်ဆင် ခွင့်ပြုခဲ့သော အစ္စလာမ်ဗလီအရေအတွက်မှာ ၆၆ ခု၊ ခရစ်ယာန်ဘာသာသာသနာပြုကျောင်း ၅၆ ကျောင်းနှင့် ဟိန္ဒူဘုရားရှိခိုးကျောင်း ၁၈ ကျောင်းတို့ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလမှ ယခုအထိပြင်ဆင်ခွင့်ပြုသော ဗလီအရေအတွက်မှာ ၁၄ ခု၊ ခရစ်ယာန်သာသနာပြုကျောင်း ၁၃ ကျောင်းဖြစ်ပြီး ဟိန္ဒူဘုရားရှိခိုးကျောင်း ၆ ကျောင်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ဗလီပြင်ဆင်မွမ်းမံခွင့်ပြုရန်ကိစ္စများကို သာသနာရေးဝန်ကြီးဌာနသို့ တင်ပြလာခြင်းမရှိသေးပါကြောင်း
နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြလာသောအခါ သာသနာရေးဝန်ကြီးဌာနအနေဖြင့် ကူညီ ဆောင်ရွက်ပေးရန် အသင့်ရှိပါကြောင်း ဖြေကြားပါသည်။
