(ဇ)-ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းရှိ တိုက်ကြီးမြို့နယ်နှင့် ထန်းတပင်မြို့နယ်များသို့ ဆက်သွယ်ထားသော အရှည် ၂.၅ မိုင်ရှိ ကျောက်ကြမ်းလမ်းအား ကတ္တရာလမ်းအဖြစ်အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂၃-၈-၂၀၁၁)

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းရှိ မြို့ချောင်းလမ်းဟာ ရန်ကုန်-ပြည်လမ်းက နေပြီးတော့ မြို့ချောင်းတံတားအထိ ၂.၅ မိုင် ရှည်လျားပါတယ်။ ၎င်းလမ်းဟာ တိုက်ကြီးမြို့နယ်၊ ထန်းတပင်မြို့နယ်များအထိ ဆက်သွယ်သွားလာနိုင်တဲ့လမ်းမကြီးတစ်ခုလည်းဖြစ်ပါတယ်။ ယခုအခါ အဲဒီလမ်းတွေဟာပျက်စီးနေပြီး၊ ၁ မိုင်မှာကတ္တရာလမ်းခင်းပြီးဖြစ်ပါတယ်။ ကျန် ၁.၅ မိုင်မှာ ခင်းရန် ကျန်ရှိနေပါတယ်။ ၎င်းလမ်းဟာ အခုအချိန်မှာ အလွန်ပျက်ယွင်းနေပါသဖြင့် မော်တော်ယာဉ် များသွားလာရန် အခက်အခဲနဲ့ကြုံတွေ့နေရပါတယ်။ သို့ဖြစ်ပါ၍ ကျန် ၁.၅ မိုင်ကိုကတ္တရာလမ်း အဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ၊မရှိ နဲ့ ဆောင်ရွက်ပေးရန်ရှိပါက မည်သည့် ကာလတွင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကို သိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းမှာရှိတဲ့ မြို့ချောင်းလမ်းဟာ သီးခြားလမ်းလေးဖြစ်ပါတယ်။ ရေတွင်းကုန်း-မြို့ချောင်း-တော်လတီ-ရွာသာယာ ၂၄ မိုင် ၇ ဖာလုံရှိတဲ့လမ်းရဲ့ လမ်းအစပိုင်း လည်းဖြစ်ပါတယ်။ ရန်ကုန်-ပြည်လမ်းပေါ်ရှိ မိုင်တိုင် ၃၅ မိုင် ၄ ဖာလုံ၊ ရေတွင်းကုန်းမှ မြို့ချောင်းအထိအရှည် ၂ မိုင် ၅ ဖာလုံသာရှိတဲ့ လမ်းအပိုင်းလေးဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၁၁ -၂၀၁၂ ဘဏ္ဍာရေးနှစ်ပွင့်လင်းရာသီတွင် ယင်း ၂ မိုင် ၅ ဖာလုံလမ်းပိုင်းအား ကတ္တရာလမ်းအဆင့်မြှင့်တင်ရန် စီစဉ်ပြီးဖြစ်ပါတယ်။ လိုအပ်သော ပစ္စည်းများလည်းစုဆောင်းပြီးဖြစ်ပါတယ်။ ယခုအခါမှာ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလကုန်မှာ ကတ္တရာလမ်း အဆင့်သို့ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးရဲ့ သာမန်ပြင်ထိန်းရန်ပုံငွေတွင် လျာထားပါဝင်ပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ၎င်းလမ်းအားပွင့်လင်းရာသီမှာ ကတ္တရာလမ်းအဆင့်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းဖြေကြားပါသည်။