(ဂ)-ရမ်းဗြဲမြို့နယ်တွင် ဒေါရထချောင်းကူးတံတား တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ (၃၀.၅.၂၀၁၈)

 

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်သည်  ရခိုင်ပြည်နယ်၏ ဗဟိုအချက်အချာကျသော  ရမ်းဗြဲကျွန်းပေါ်တွင် တည်ရှိသည့် မြို့နယ်တစ်ခုဖြစ်ပြီး ရန်ကုန်-ကျောက်ဖြူ အဝေးပြေးလမ်းမကြီးနှင့် ဆက်စပ်နေသည့် မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ မြို့နယ်အတွင်းလမ်း ပန်းဆက်သွယ်ရေး အခြေအနေတွင် ကျောက်ခင်းလမ်းများ၊ မြေသားလမ်းများကို အသုံးပြုဆက်သွယ် သွားလာနိုင်သဖြင့် ဆက်သွယ်သွားလာရေး အသင့်အတင့် အဆင်ပြေသည့်မြို့နယ် တစ်ခုဖြစ်ပါကြောင်း၊ ရမ်းဗြဲမြို့မှ အရှေ့မြောက်ဘက် လေးမိုင်ခန့်ကွာဝေးသော ဒေသတွင် ဒေါရထချောင်းတည်ရှိပြီး ချောင်းတစ်ဘက်ကမ်းရှိ မယွတ်ချိန်ကျေးရွာအုပ်စု၊ ကျေးရွာသုံးရွာတွင် အိမ်ခြေ ၄၀၀ ခန့် ရှိပြီး လူဦးရေ ၁၆၀၀ ခန့်က ရမ်းဗြဲမြို့နှင့်ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများဖြင့် ဆက်သွယ်သွားလာရာတွင် ပေ ၂၅၀ ခန့်ကျယ်သော ဒေါရထချောင်းကို လှေငယ်များဖြင့် ဖြတ်ကူး သွားလာနေရသဖြင့် အခက်အခဲများ အမြဲကြုံတွေ့နေရပါကြောင်း၊ ပွင့်လင်းရာသီ ရောက်လာသောအခါ ဒေသနေပြည်သူများက ကိုယ့်အားကိုယ်ကိုး ယာယီဝါးတံတား တည်ဆောက်၍ နှစ်စဉ်နှစ်တိုင်း သွားလာအသုံးပြုနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ မယွတ်ချိန် ကျေးရွာအုပ်စုတွင် လွန်ခဲ့သောနှစ်ပေါင်း ၅၀ ခန့် တော်လှန်ရေးကောင်စီ အစိုးရလက်ထက်က နိုင်ငံတော်မှ ဆည်ဖို့ပေးခဲ့သည့် ဒေါရထစံပြတာတမံကြီးရှိပြီး လယ်ဧက ၄၀၀၀ ခန့်ကို ဖော်ထုတ်၍ အိမ်ထောင်စုပေါင်း ၇၅၀ ခန့် လုပ်ကိုင်စားသောက်နေကြသည့် တာတမံကြီးတစ်ခု ဖြစ်ပါကြောင်း၊

၂၀၁၇-၁၈ ပညာသင်နှစ်တွင် မယွတ်ချိန်ကျေးရွာ၌ အခြေခံပညာအလယ်တန်းကျောင်း ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်၍ ဒေသနေကျောင်းသား/သူများ၊ ဆရာ/မများ၊ ပြည်သူများမှာ ဒေါရထချောင်းကို ဖြတ်ကူးရန် ယာယီတည်ဆောက်ထားသော ဝါးတံတားကို အသုံးပြုသွားလာနေကြရသဖြင့် အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ ယာယီဝါးတံတားတည်ဆောက်ပြီး ဆက်သွယ်သွားလာသည့် တံတားဖြစ်သည့်အတွက် မိုးရာသီတွင် ပျက်သွားပြီး နွေရာသီတွင်ပြန်ပြီး တစ်နှစ်တွင် တစ်ကြိမ် ပြင်ထားရသည့်တံတား ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ကျေးလက်ဒေသတစ်ခုဖြစ်သော မယွတ်ချိန်ကျေးရွာအုပ်စုရှိ ဒေသနေပြည်သူများ၊ ဆရာ/မများ၊ ကျောင်းသား/သူများအနေဖြင့် လေးမိုင်ခန့်ဝေးကွာသော ရမ်းဗြဲမြို့နှင့်အချိန် မရွေးဆက်သွယ် သွားလာနိုင်ရေးအတွက် ဒေါရထချောင်းကို သုံးဘီးယာဉ်၊ ဆိုင်ကယ်၊ စက်ဘီးများဖြင်‌့ အလွယ်တကူဖြတ်သန်းသွားလာနိုင်ရန် တံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်  အစီအစဉ်ရှိပါက မည်သည်‌့ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးမည်၊ အစီအစဉ်မရှိပါက မည်သည့်အကြောင်းကြောင့် ဖြစ်သည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဒေါရထချောင်းကူးတံတားသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက စီမံခန့်ခွဲနေသည့် မယွတ်ချိန်ကျေးလက်အုပ်စု၊ အဝတောင်-မယွတ်ချိန်ကျေးရွာမှ အလယ်ရွာတောင်ပေါ်ကို ဆက်သွယ်သည့် ကျေးရွာချင်းဆက် မြေသားလမ်းပေါ်တွင် တည်ရှိသည့် တံတားဖြစ်ပါကြောင်း၊ အဆိုပါတံတားသည် တည်ဆောက်မည့် ဒေါရထချောင်း၏ အကျယ်မှာ ၂၅၂ ပေရှိပြီး ဒီရေအတက်ဆုံးအချိန်တွင်  အမြင်‌့ပေ ၂၈ ပေခန့်နှင့် ဒီရေအကျဆုံးအချိန် အမြင့်ပေ ၈ ပေခန့်ရှိပါကြောင်း၊ တံတားတည်ဆောက်ပြီးလျှင် ကျေးရွာ သုံးရွာ၊ အိမ်ခြေ ၂၆၉ အိမ်၊ လူဦးရေ ၁၄၀၀ ခန့် အကျိုးပြုမည် ဖြစ်ပါကြောင်း၊

မဝတောင်-မယွတ်ချိန်ရွာမှ အလယ်ရွာတောင်ပေါ်ကို ဆက်သွယ်မည့် ကျေးရွာချင်းဆက်မြေသား လမ်းသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class (A) ဦးစားပေးအဆင်‌့ (၃) တွင် ပါဝင်သည့်လမ်း ဖြစ်သည့်အတွက်ကြောင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေတွင် ထည်‌့သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။