ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ မေလ ၃၀ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ကို ၂၀၁၈ ခုနှစ်၊ မေလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၁) ဦးအနက် (၃၉၃) ဦးတက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးအောင်သိုက်၊ ဆိပ်ဖြူမဲဆန္ဒနယ် မှ မေးမြန်းသော ဆိပ်ဖြူမြို့နယ်၊ ကူရှည်ကျေး ရွာအုပ်စုရှိ တပေါင်း-ထန်းဇွန်-မြောက်တော-အလယ်စု-ကူရှည်နှင့်ဆိပ်ဖြူ ကတ္တရာ လမ်းအထိ ကျေးရွာချင်းဆက်လမ်း(၄)မိုင်အား ကျောက်ချောလမ်း သို့မဟုတ် ရာသီ မရွေးသွားလာနိုင်သော လမ်းအဖြစ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် စတင်ထည့်သွင်းလျာထား ပေးသွားမှာဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးသာချို(ခ) ဦးတင်ကြိုင်၊ ရေနံချောင်းမဲဆန္ဒနယ်မှ မေးမြန်းသော ရေနံချောင်း- အင်တောမြေသားလမ်းအား ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်း ခင်းပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေတွင် ကျောက်ချောလမ်း (၁) မိုင် (၆)ဖာလုံ ထည့်သွင်းလျာထားပေး သွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေ ရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ် ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးကျော်ရွှေ၊ ရမ်းဗြဲမဲဆန္ဒနယ်မှ မေးမြန်းသော ရမ်းဗြဲမြို့နယ်တွင် ဒေါရထချောင်းကူး တံတား တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှာ ထည့်သွင်းလျာထားပြီး ရန်ပုံငွေ ရရှိမှုအပေါ်မူတည်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးစိန်ဟန်၊ ကံမမဲဆန္ဒနယ်မှ မေးမြန်းသော ကံမမြို့နယ်၊ မင်းတုန်းချောင်းနှင့် ပနီချောင်းကြား ကျေးရွာများမှ ပြည်သူများသွားလာရေးလွယ်ကူစေရန် ပနီချောင်း ကူးတံတား တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က အဆိုပါ တံတားကို ဂျပန်အခြေခံအဆောက်အအုံဆိုင်ရာ မိတ်ဖက်အဖွဲ့(JIP)အနေဖြင့် တည်ဆောက်ပေးနိုင်ခြင်းမရှိပါက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှာ ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၅) ဒေါ်အေးအေးမူ(ခ) ဒေါ်ရှားမီး၊ ကလေးမဲဆန္ဒနယ်မှ မေးမြန်းသော ကလေး မြို့နယ်ရှိ အဘက်ဘက်မှ နိမ့်ကျလျက်ရှိသော မြစ်သာမြစ် အရှေ့ဘက်ကမ်းရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တိုင်းနှင့်ပြည်နယ်မြို့တော်ကြီးများကို ခရီးအတိုဆုံးနှင့် အထိရောက်ဆုံး ချိတ်ဆက်နိုင်ပြီး ပြည်ထောင်စုလမ်းမကြီး အဖြစ်ပါ အသုံးပြုနိုင်မည့် မြစ်သာမြစ်ကူးတံတားတည်ဆောက်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်မှစတင်၍ ရန်ပုံငွေထည့်သွင်းလျာထားသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၆) ဦးအေးဝင်း၊ အင်္ဂပူမဲဆန္ဒနယ်မှ မေးမြန်းသော အင်္ဂပူမြို့နယ်အတွင်းရှိ အင်္ဂပူ-ညောင်ကျိုးလမ်းကို ၂၀၁၆-၂၀၁၇ ဘတ်ဂျက်မှ ချထားပေးသည့် ငွေဖြင့်ဆောင် ရွက်ထားသောလုပ်ငန်းများကို သက်ဆိုင်ရာများမှ စစ်ဆေးစိစစ်ပေးရန်နှင့် ၎င်းလမ်းကို ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော် က ဌာနမှ တာဝန်ရှိသူအဆင့်ဆင့်မှစစ်ဆေးခြင်း၊ မြို့နယ်နှင့် ခရိုင်စာရင်းစစ်ရုံးများမှ စာရင်းစစ်ဆေးခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အပြင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ ကလည်း လာရောက်စစ်ဆေးခဲ့ပြီး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်နိုင်ရန် နောင်လာမည့် ဘဏ္ဍာရေးနှစ်များမှာ ဧရာဝတီတိုင်း ဒေသကြီး ရန်ပုံငွေ၌ လျာထားတင်ပြ တောင်းခံပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေ ရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(ခ) အဆို (၁) ခုတင်သွင်းခြင်း
ဦးသောင်းအေး၊ ပျော်ဘွယ်မဲဆန္ဒနယ် က တင်သွင်းသည့် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် နိုင်ငံတော်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပေါ်စေရန် အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ထပ်မံမဖြစ်စေရန် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ၂၀၁၆ ခုနှစ် နှင့် ၂၀၁၇ ခုနှစ်အတွင်း ARSA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ကျူးလွန်ခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် အညီ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ထိရောက်စွာ ပူးပေါင်းဖော်ထုတ် တိုက်ဖျက်ပြီး လုံလောက်သည့် ကာကွယ်မှုပြုလုပ်ပေးပါရန် အဆိုကို ဦးတင်အေး၊ မက်မန်းမဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့သဖြင့် ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၃၁.၅.၂၀၁၈ ရက်(ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် ဖြစ်သည်။
(ဂ) ဥပဒေကြမ်း(၁)ခုတင်သွင်းခြင်းနှင့် အစီရင်ခံစာဖတ်ကြားခြင်း၊ ဥပဒေကြမ်း(၁)ခု လက်ခံရရှိကြောင်း အသိပေးခြင်းနှင့် အစီရင်ခံစာနှင့်အတူတင်သွင်းခြင်း
(၁) ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီက မြန်မာ့ပုလဲလုပ်ငန်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း ကို လွှတ်တော်သို့ တင်သွင်းပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြားသည်။ အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၁.၆.၂၀၁၈ ရက် (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(၂) အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း ကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး ဥပဒေကြမ်းကော်မတီက ယင်းဥပဒေကြမ်းကို အစီရင်ခံစာဖတ်ကြားတင်သွင်းသည်။ အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁.၆.၂၀၁၈ ရက် (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(ဃ) နည်းဥပဒေ(၁)ခုကို လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
ဆောက်လုပ်ရေးဝန်ကြီးဌာနကပေးပို့သော စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ နည်းဥပဒေ များ တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် နည်းဥပဒေ၊ နည်းဥပဒေခွဲအတိုင်း အတည်ပြု ကြောင်းဆုံးဖြတ်ခဲ့သည်။
၃။ အစည်းအဝေးကို နံနက်(၁၁)နာရီ (၂၅)မိနစ်တွင်ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ ကျင်းပမည့်ရက်ကို ၁.၆.၂၀၁၈ ရက် (သောကြာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
