အင်္ဂပူ-ညောင်ကျိုးလမ်းသည် တိုက်နယ်ချင်းဆက်လမ်း တစ်ခု ဖြစ်ပါကြောင်း၊ ညောင်ကျိုးတိုက်နယ်တွင် ကျေးရွာအုပ်စု ရှစ်စုရှိပြီး အင်္ဂပူတိုက်နယ်တွင် ၎င်းလမ်းကိုအသုံးပြုနေသည့် ကျေးရွာအုပ်စုသုံးစု၊ စုစုပေါင်း ကျေးရွာအုပ်စု ၁၁ အုပ်စု၊ လူဦးရေ ပေါင်း ၄၄၅၉၀ အသုံးပြုနေသည့် တစ်ခုတည်းသောလမ်းဖြစ်ပါကြောင်း၊ အင်္ဂပူမြို့နယ်ဟာ မြို့နယ်မြို့ဖြစ်သည့် အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ရုံးကိစ္စနှင့် ဒေသ ထွက်ကုန်များကို ၎င်းလမ်းတစ်ခုတည်း ကိုသာ အသုံးပြုနေရသည့်လမ်းဖြစ်ပါကြောင်း၊ ညောင်ကျိုးတိုက်နယ် သည် အင်္ဂပူမြို့နယ်တွင် ဖွံ့ဖြိုးမှု အနည်းဆုံးတိုက်နယ်ဖြစ်ပါကြောင်း၊ ၎င်းလမ်းအတွက် ၂၀၁၆-၁၇ ဘတ်ဂျက် နှစ်တွင် ၅၂၂.၅ သန်း ချထားပေးသည်ဟု သိရပါကြောင်း၊ သို့သော် လမ်းဦးစီးက ၄၉၄ သန်းသာ ၎င်းတို့ လက်ထဲကို ရောက်သည်ဟု သိရှိရပါကြောင်း၊ ဘတ်ဂျက်ချပေး သော်လည်း မည်သည့်လုပ်ငန်းကို ဆောင်ရွက် မည်ဆိုသည့်အကြောင်းကို ဘတ်ဂျက်တွင် ပါမလာပါကြောင်း၊ အင်္ဂပူ-ညောင်ကျိုးလမ်းအတွက်ဟု သာ ဖော်ပြထားသည်ကို တွေ့ရပါကြောင်း၊ လုပ်ငန်းမစတင်ခင် တိုင်းဒေသကြီးဆောက်လုပ်ရေးဝန်ကြီး လာရောက် ကြည့်ရှုခဲ့ပါကြောင်း၊ လမ်းအရှည်မှ ၁၅ မိုင်လောက်ရှည်ပြီး ညောင်ကျိုးမှ ကညင်တပင်တံတား အထိ ၈ မိုင်ခန့်မှာ ၁၂ ပေအကျယ် ကွန်ကရစ်ကတ္တရာလမ်းများ ခင်းထားပြီး ကညင်တပင်တံတားမှ အင်္ဂပူမြိုအထိ ၇ မိုင်ခန့်သည် ကျောက်ချောလမ်းဖြစ်ပါကြောင်း၊ ဘတ်ဂျက်ကျပြီး လုပ်ဆောင်ချက်များမှ ကျောက်စီရေကာတာ ၁၂ ခု၊ နောက်လမ်းမညီသည့် လမ်းကို စက်နဲ့ညှိပေးခြင်း၊ ကတ္တရာလမ်းအပေါက်များကို ဖာပေးခြင်း၊ အချို့ နေရာများတွင် ခွဲကျောက်များကိုထည့်ပြီး ကြိတ်ပေးထားသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ၎င်းလမ်းတွင် လုပ်ဆောင်ထားသည့် လုပ်ငန်းများသည် ဘတ်ဂျက်နှင့် လုပ်ငန်းလုပ်ဆောင်ချက် ကိုက်ညီမှုရှိ/ မရှိ နှင့် ၎င်းလမ်းသည် ကျေးရွာအုပ်စု ၁၁ အုပ်စုနှင့် အများပြည်သူ များ အဓိကဆက်သွယ်ထားသည့် လမ်းတစ်ခု ဖြစ်သည့်အတွက် ၎င်းလမ်းကို ကတ္တရာ သို့မဟုတ် ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိ တို့ကိုသိလိုပါ ကြောင်းဖြင့်မေးမြန်းပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်ရှိ အင်္ဂပူ-ညောင်ကျိုးလမ်းသည် ၁၅ မိုင် ၄ ဖာလုံရှည်လျားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနပိုင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲနေသည့်လမ်း ဖြစ်ပါကြောင်း၊ ၎င်းလမ်းသည် ယခင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနပိုင် လမ်း ဖြစ်ပြီး ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးအပ်ခဲ့သည့်လမ်း ဖြစ်ပါကြောင်း၊ လွှဲပြောင်းရယူစဉ်က လမ်းအခြေအနေမှာ ကွန်ကရစ်လမ်း ၂ မိုင် ၁ ဖာလုံ၊ အမာခံလမ်း ၁၀ မိုင် ၃ ဖာလုံနှင့် ကွန်ကရစ်လမ်းပျက် ၃ မိုင်တို့ဖြစ်ပြီး၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၄၉၄.၈၇၅ သန်းဖြင့် ကွန်ကရစ်လမ်းပျက်နေရာများတွင် အခြေခံလွှာ တစ်မိုင် ခင်းခြင်း၊ မူလအမာခံလမ်း ၁၀ မိုင် ၃ ဖာလုံအား လမ်းပေါက်ဖာပြီး ချောင်းကျောက်များခင်းခြင်း၊ ရေတိုက် စားသွားသည့် လမ်းပိုင်းများအား ပြုပြင်ခြင်း၊ မျောပိုင်နှင့် ပေ ၆၅၀ အရှည် မြေကာနံရံ တည်ဆောက်ခြင်း စုစုပေါင်း ၁၀၉၇ ပေအရှည်ရှိသည့် ကျောက်ကြီးစီမြေကာနံရံ ၁၂ နေရာ တည်ဆောက်ခြင်း၊ ကွန်ကရစ် ကာကွယ်တိုင်များ စိုက်ထူခြင်း၊ ပျက်စီးနေသည့် သစ်သားတံတားများပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ ပါကြောင်း၊ ထို့အပြင် မိုးတွင်း ကာလ ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသည့်လမ်းပိုင်းများကို ဧရာဝတီတိုင်း ဒေသကြီး ပြင်ဆင်ထိန်းသိမ်း ခြင်း ရန်ပုံငွေကျပ် ၂၅.၅၂ သန်းဖြင့် အမာခံလမ်း ၂ မိုင် ၁ ဖာလုံကို ချိုင့်ခွက်များ ဖာထေးပြီး ချောင်း ကျောက်ခင်းခြင်းလုပ်ငန်းနှင့် လမ်းပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို လမ်းဦးစီးဌာနမှ ဆောင်ရွက် ပေးနိုင်ခဲ့သည့်အတွက် လမ်းစတင်လွှဲပြောင်းလက်ခံခဲ့သည့်အချိန် တစ်နှစ်တာကာလအတွင်း ဒေသခံပြည်သူများ ချောမွေ့စွာအသုံးပြုသွားလာနိုင်ခဲ့ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများကို ဌာနမှတာဝန်ရှိသူအဆင့်ဆင့်မှစစ်ဆေးခြင်း၊ မြို့နယ်နှင့် ခရိုင် စာရင်းစစ်ရုံး များမှ စာရင်းစစ်ဆေးခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဖြစ်သည့်အပြင် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များမှလည်း လာရောက်စစ်ဆေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် အဆိုပါလမ်းအတွက် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၃၉.၂၅ သန်းနှင့် ပေ ၄၀ အရှည်၊ ၂၄ ပေအကျယ် သံကူကွန်ကရစ်တံတားတစ်စင်းကို တည်ဆောက်ပေးပြီး ဖြစ်ပါ ကြောင်း နှင့် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လတိုင်းဒေသကြီးငွေလုံး ငွေရင်းရန်ပုံငွေကျပ် ၁၆.၉၅ သန်းဖြင့် ၁၀ ပေအရှည်၊ အကျယ်ပေ ၃၀ ရှိသည့် သံကူကွန်ကရစ် တံတားတစ်စင်းကို ဆက်လက် တည်ဆောက် ပေးလျက်ရှိပါကြောင်း၊ အင်္ဂပူ-ညောင်ကျိုးလမ်းသည် မူလခိုင်ခန့်မှုအားနည်းသည့် သစ်သား တံတားနေရာတွင် ပေ ၄၀ အရှည်၊ ၂၄ ပေအကျယ် သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်း၊ ၁ မိုင် ၂ ဖာလုံအား ၃၄ ပေအကျယ် မြေသားတာပေါင်ချဲ့ခြင်း၊ ပျက်စီးနေသည့် ကွန်ကရစ်လမ်းပိုင်း ၄ ဖာလုံကို ထပ်ပိုးလွှာခင်းခြင်း၊ ၁၈ပေအကျယ် ကွန်ကရစ်လမ်းတစ်မိုင်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေး နှစ် ဧရာဝတီတိုင်းဒေသကြီး ရန်ပုံငွေတွင် လျာထားပြီးဖြစ်ပါကြောင်း နှင့် ကျန်ရှိသည့် အမာခံလမ်းပိုင်း ၇ မိုင်ကို ၁၈ ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် ဧရာဝတီတိုင်းဒေသကြီးရန်ပုံငွေ၌ လျာထား တင်ပြတောင်းခံပေး သွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
