(ဃ)-ကံမမြို့နယ်၊ မင်းတုန်းချောင်းနှင်‌့ ပနီချောင်းကြားကျေးရွာများမှ ပြည်သူများသွားလာရေး လွယ်ကူစေရန် ပနီချောင်းတံတား တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ (၃၀.၅.၂၀၁၈)

 

ကံမမြို့နယ်ကို မြစ်ခါးကျောဟုခေါ်သည့် တောင်တန်းကြီးမှ တောင်ဘက်ခြမ်းနှင့်မြောက်ဘက်ခြမ်း နှစ်ခြမ်းခြမ်းထားပါကြောင်း၊ မြောက်ဘက်ခြမ်းက မင်းတုန်းချောင်းနှင့်ပနီချောင်းကို အမှီပြုပြီးလုပ်ကိုင် စားသောက်နေရပါကြောင်း၊ မင်းတုန်းချောင်းနှင့် ပနီချောင်းကြားသည် ရေနံ့သာအထက်တွင် ပေါင်းဆုံသည့် ချောင်းနှစ်ချောင်းကြားရှိ ကျေးရွာများဖြစ်သည့် ကျောက်ပြုတ်၊ အင်ကြီးကုန်း၊ ဆန်တုံ၊ ငါးလှိုင်၊ ထန်းတောနှင်‌့သရက်မြို့နယ်ထဲတွင် ပုဏ္ဍား၊ ကြိုးကြာ၊ ယင်းတော၊ လျှော်တောင်၊ ရွာမ၊ ဆင်ကော၊ သီးကုန်း၊ မြို့လှ၊ အောက်မနိမ့်၊ အောက်မမြင့်၊ ကန်စွန်းမြှောင်၊ စက်လှေ၊ ပြင်းအိုင်စသည့် ရွာပေါင်း ၂၀ ဝန်းကျင်ခန့်က ပြည်သူလူထုသည် ပနီချောင်းကိုဖြတ်ကူးပြီး စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စားဝတ်နေရေးအတွက် သွားလာလှုပ်ရှားနေရပါကြောင်း၊ ၎င်းလမ်းသည် ကံမ-သရက် ဆက်သွယ်သည့် မြို့နယ်ချင်းဆက်လမ်းဖြစ်သဖြင့် ကျန်းမာရေး၊ ပညာရေးအတွက် ခြောက်ပင် အ.ထ.က (ခွဲ)၊ ရေနံ့သာ အ.ထ.က၊ ကံမ အ.ထ.က မှ နေသွားရာလာရာတွင် ချောင်းရေကြီးချိန်ဆိုလျှင် အရေးပေါ်မွေးလူနာများ၊ မြွေကိုက်လူနာများမှာ ချောင်းရေကိုကူးရတွင် ခက်ခဲသည့်အတွက်ကြောင့် အသက်များဆုံးရှုံးခဲ့ရသည်ထိ တွေ့ကြုံခဲ့ရပါကြောင်း၊ အထူးသဖြင့် ခြောက်ပင် အ.ထ.က (ခွဲ)၊ ရေနံ့သာ အ.ထ.က သို့ သွားရောက်ပညာ သင်ကြားနေရသည့် ကလေးများသည် နေ့စဉ်နှင်‌့အမျှ သွားလာနေရသည်မှာ ပနီချောင်းကိုကူးပြီးမှ သွားရပါကြောင်း၊

ထို့ကြောင့် ချောင်းရေကြီးချိန်တွင် မည်ကဲ့သို့မှဖြတ်ကူး၍မရသည့် ဒုက္ခကိုကြုံတွေ့ခဲ့ရသည့် အင်ကြီးကုန်းရွာမှ ဆရာတော်တစ်ပါးသည် တံတားဖြစ်မြောက်ရေးကို အလွန်အင်မတန်မှ ဆန္ဒပြင်းပြသည့် အတွက်ကြောင့် လူတစ်ထောင်၊ သိန်း ၁၀၀၀ စီမံချက်ဖြင့် အလှူခံနေခဲ့သည်မှာ သိန်းပေါင်း ၃၈၀ ကျော်ရရှိနေပါကြောင်း၊ အကယ်၍ တံတားကိုဆောက်လုပ်ပေးပါက ကျေးရွာချင်းဆက်လမ်း ဖြစ်သည့်နေအိမ်၊ ပြည်သူလူထု၊ လယ်ယာ၊ ခြံ‌ွမေများကို အသုံးပြုသည့်အခါ လှူဒါန်းပေးမည်ဟုလည်း ညှိနှိုင်းပေးပြီးဖြစ်ပါကြောင်း၊ ဆရာတော်မှလည်း ရရှိသည့်အလှူငွေများကို တံတားဆောက်လုပ်ရေးနှင့် ချဉ်းကပ်လမ်းများတွင် အသုံးပြုသွားမည်ဟု ပြောသည့်အတွက်ကြောင့် ပနီချောင်းကူးတံတား ဖြစ်မြောက်ရေးအတွက် တံတားတည်ဆောက်ဖြစ်ခဲ့လျှင် ကျေးရွာပေါင်း ၂၀ ကျော်ရှိသည့် ပြည်သူလူထု ၃၀၀၀၀ ဝန်းကျင်ခန့် အသုံးပြုမည် ဖြစ်သည့်အတွက်ကြောင်‌့ ၎င်းတံတားကို မည်သည်‌့အချိန်၊ မည်သည်‌့ကာလတွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပနီချောင်းကူးတံတားသည် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ သရက်-နတ်မီးတောက်-ကံမလမ်းမှ တစ်ဆင်‌့ နတ်မီး-ထန်းတော-ငါးလှိုင်-ဆန်တုံ-အင်ကြီးကုန်း-ကျောက်ပြုတ်နှင်‌့ သရက်မြို့နယ် မကျီးပင်-ပုဏ္ဍားကျေးရွာများကို ဆက်သွယ်ထားသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက စီမံခန့်ခွဲသည့် လမ်းပေါ်တွင်တည်ရှိသည့် တံတားဖြစ်ပါကြောင်း၊

          ၎င်းတံတားတည်ဆောက်နိုင်ရန်အတွက် ကံမမြို့နယ်အတွင်း နတ်မီးကျေးရွာက ထန်းတော ကျေးရွာကို လမ်းဖောက်လုပ်ပေးရန် လိုအပ်ပြီး လက်ရှိထန်းတော ကျေးရွာက ငါးလှိုင်-ဆန်တုံ-အင်ကြီးကုန်း-ကျောက်ပြုတ်ရွာလမ်း နှစ်မိုင်နှစ်ဖာလုံမှာလည်း မြေသားလမ်း ဖြစ်သည့်အပြင် သရက်မြို့နယ်အတွင်းရှိ မကျီးပင်-လျှော်တောင်-ရွာမ-ကြိုးကြာ-ပုဏ္ဍားကျေးရွာကို ဆက်သည့်လမ်း အရှည်ငါးမိုင် နှစ်ဖာလုံသည်လည်း မြေသားလမ်းပင်ဖြစ်ပါကြောင်း၊ ပနီချောင်းကူးတံတား တည်ဆောက်နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီးတွင် အကူအညီပေးနေသည့် (ဂျပန်အခြေခံ အဆောက်အဦဆိုင်ရာ မိတ်ဖက်အဖွဲ့) (Japan Infrastructure Partner) အကူအညီဖြင့် Submersible Bridge (ရေမြုပ်ခံတံတား) ဆောက်လုပ်ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း၊

          ထိုတံတားကို ဂျပန်အခြေခံအဆောက်အဦဆိုင်ရာ မိတ်ဖက်အဖွဲ့ (JIP) အနေဖြင့် တည်ဆောက်ပေးနိုင်ခြင်း မရှိလျှင် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေတွင် ထည်‌့သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။