(ခ)-ရေနံချောင်း-အင်တောမြေသားလမ်းအား ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ (၃၀.၅.၂၀၁၈)

 

အထက်အကြောင်းအရာ မေးခွန်းနှင့်ပတ်သက်၍ တင်ပြလိုသည်မှာ အင်တောကျေးရွာသည် (၁၆) ခုတင်ဆံ့ဆေးရုံနှင့် နယ်မြေရဲစခန်း၊ အ.ထ.က ကျောင်းတည်ရှိသော ရွာကြီးတစ်ရွာဖြစ်ပါကြောင်း၊ ရေနံချောင်းမြို့နယ်၊ အင်တောရွာသည် မိုင် ၂၀ ကျော်ကွာဝေးပြီး အင်တောရွာနှင့် ရေနံချောင်းမြို့ကြားတွင် ရွာပေါင်း ၂၀ ကျော်တည်ရှိပြီး ၎င်းကျေးရွာများမှ ထွက်ရှိသော ပဲ၊ နှမ်း၊ နေကြာစသော သီးနှံများအား ရေနံချောင်းမြို့သို့လာရောက်၍ ရောင်းချရပါကြောင်း၊ ထိုသို့လာရောက် ရောင်းချရာတွင် ပွင့်လင်းရာသီတွင် အခက်အခဲမရှိသော်လည်း ယခုကဲ့သို့ မိုးရွာနေသော မိုးရာသီအခါ၌ မြေသားလမ်းခင်းနေခြင်းကြောင့် ကုန်စည်စီးဆင်းမှု လွန်စွာမှခက်ခဲခြင်း၊ ကျေးရွာသူကျေးရွာသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးများ ခက်ခဲခြင်းများ ဖြစ်နေသောကြောင့် ရာသီမရွေးသွားလာ၍ရသော ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရေနံချောင်းမြို့နယ်အတွင်းမှာရှိ ရေနံချောင်း-အင်တောလမ်းသည် ရန်ကုန်-မန္တလေးလမ်းမကြီး (ရေနံချောင်းမြို့ရှောင်လမ်း) နှင့် ဆက်သွယ်ထားသည့် လမ်းဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက စီမံခန့်ခွဲသော လမ်းဖြစ်ပါကြောင်း၊ လက်ရှိ လမ်း၏အခြေအနေမှာ ကတ္တရာလမ်း ၄ ဖာလုံ၊ မြေသားလမ်း ၁၀ မိုင် ၂ ဖာလုံနှင့် တစ်ကြောင်းထိုးမြေသားလမ်း ၁၂ မိုင် ၇ ဖာလုံဖြစ်ပြီး စုစုပေါင်းလမ်းမိုင်အရှည် ၂၃ မိုင် ၅ ဖာလုံရှိပါကြောင်း၊ လမ်းကိုအဆင့်မြှင့်တင် ပေးမည်ဆိုလျှင် ကျေးရွာ ၂၀ ရွာ၊ အိမ်ခြေ ၄၂၅၀ ၊လူဦးရေ ၂၀၆၇၄ ဦးတို့ကို အကျိုးပြုမည် ဖြစ်ပါကြောင်း၊

ရေနံချောင်း-အင်တောလမ်းသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class (A)၊ ဦးစားပေးအဆင့် ၂ လမ်းဖြစ်သဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်း ၂ မိုင် ၁.၈ ဖာလုံ၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်း ၄ ဖာလုံနှင့် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်း ၂၀ မိုင် ၇.၂ ဖာလုံတို့ကို ဆောင်ရွက်နိုင်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည်‌့သွင်းလျာထားရန် စီစဉ်ထားပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေမှာလည်း ကျောက်ချောလမ်း ၁ မိုင် ၆ ဖာလုံ ထည်‌့သွင်းလျာထား ပေးသွားမည် ဖြစ်ပါသဖြင့် ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။