(င)-ဒလမြို့ရှိ ကျန်းမာရေးဝန်ထမ်းအိမ်ရာ ရပ်ကွက်တည်ရှိရာနေရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးနှင်‌့ အားကစားဝန်ကြီးဌာန ဝန်ထမ်းများအတွက် အဆင်‌့မြင်‌့၊ အထပ်မြင်‌့ဝန်ထမ်း အိမ်ရာစီမံကိန်းများဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၂၉.၅.၂၀၁၈)

 

ဒလမြို့ပေါ်တွင် ရပ်ကွက်ပေါင်း ၂၄ ရပ်ကွက်ရှိပြီး မြေကွက် ၂၃၃  ကွက်ရှိသည့် ဝန်ထမ်းအိမ်ရာ ရပ်ကွက်သည် ၁၉၉၉ ခုနှစ်က မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနကနေပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ လွှဲပြောင်းပေးခဲ့သည့်အချိန်တွင် မြို့ကွက်မြေပုံမှာ ကျန်းမာရေးဝန်ထမ်းများအတွက် ရည်ရွယ်ချက်နှင့် သီးသန့်ပါရှိခဲ့ပါကြောင်း၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီကို မြေစာရင်းလွှဲပြောင်းပေးခဲ့ခြင်း မရှိသည့်အပြင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏ မြို့မြေစာရင်းတွင်လည်း အမည်ပေါက်မပါရှိဘဲ လက်ရှိမြို့အိုးအိမ် ဦးစီးဌာနပိုင်အဖြစ် တည်ရှိနေသည့် ၃၈ ဒသမ ဧကဧရိယာကျယ်ဝန်းလှသည့် ကျန်းမာရေးဝန်ထမ်း ရပ်ကွက်ကြီးဖြစ်ပါကြောင်း၊ ရန်ကုန်ဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်းမိသားစုများ နေထိုင်ရန် အတွက် နိုင်ငံတော်ကလိုင်းပေါင်း ၉၅ လိုင်း၊ အခန်းပေါင်း ၇၆၀ ဆောက်လုပ်ပေးခဲ့ပြီး လက်ရှိ အြ‌ခေအနေတွင် လိုင်းပေါင်း ၉၁ လိုင်း၊ အခန်း ၇၂၀ သာ မိသားစုလူဦးရေ ၃၉၃၇ ဦး ဖြစ်သလိုနေကြရသည့် အခြေအနေဆိုက်ရောက်နေပါကြောင်း၊

          ယခုအချိန် လိုင်းခန်းအများစုမှာ အကြောင်းအကြောင်းကြောင့် ပျက်စီးယိုယွင်းလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းမိသားစုများ၏ လူနေမှုအဆင့်အတန်း၊ ကျန်းမာရေးအဆင်‌့အတန်း လွန်စွာနိမ့်ကျပြီး အ‌ခြေအနေဆိုးဝါးလျက်ရှိနေပါကြောင်း၊ ပြင်ဆင်ရန်လည်း နိုင်ငံတော်မှ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်အတွက်ကြောင့် မိမိတို့အစီအစဉ်ဖြင့် ဖြစ်သလိုပြုပြင် နေထိုင်နေရသည်မှာ ဝမ်းနည်းဖွယ်ရာ တွေ့ရှိရသည့်အပြင် မြို့ပြနှင့်အိုးအိမ်ဦးစီးဌာန၏ ကျန်းမာရေး ဝန်ထမ်းများအတွက် သီးသန့်မှတ်ချက် ပြုထားသည့်နေရာကို ကျန်းမာရေးနှင်‌့ အားကစားဝန်ကြီးဌာန ပိုင်မြေအဖြစ် Cabinet အစည်းအဝေးများတွင် တောင်းဆိုလျှင် လွှဲပြောင်းရယူနိုင်သည့် အ‌ခြေအနေရှိသည်ဟုလည်း သိရပါကြောင်း၊ သို့သော် ယခုအချိန်ထိ လွှဲပြောင်းပေးရန် တောင်းဆိုခြင်း မရှိသေးသည်ကို ထပ်မံသိရှိရပါကြောင်း၊

          ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်သည် ဝန်ထမ်းအိမ်ရာနှစ် ဖြစ်သည်ဟု ကျန်းမာရေးနှင်‌့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထားပြီးလည်း ဖြစ်ပါကြောင်း၊ ရန်ကုန်-ဒလ မြစ်ကူးတံတား စီမံကိန်းကိုလည်း နိုင်ငံတော်အစိုးရမှ အားကြိုးမာန်တက် စတင်ဆောင်ရွက်လျက်ရှိရာ တံတားကြီးပြီးမည်ဟုလည်း ယုံကြည်ရပါကြောင်း၊ တံတားကြီးပြီးလျှင် ရန်ကုန်ဘက်ကမ်းက ၁၅ မိနစ် ခရီးသာရှိသည့် ဒလမြို့နယ်အတွက်သာမက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ အရာထမ်း၊ အမှုထမ်းများအတွက် အဆင့်မြင့်ဝန်ထမ်းအိမ်ရာ စီမံကိန်းဖြင်‌့ ဆောင်ရွက်ရန် အလွန်သင်‌့လျော်ပါကြောင်း၊ ဝန်ထမ်းအိမ်ရာသာ မဆောက်ဖြစ်ပါက ကျူးကျော်နေထိုင်သူများ ဝင်ရောက်လာနိုင်ပါကြောင်း၊ ထို့ကြောင့် ပျက်စီးယိုယွင်းလျက်ရှိသော လက်ရှိဝန်ထမ်းအိမ်ရာ ရပ်ကွက်တည်ရှိရာနေရာတွင် လွန်စွာနိမ့်ကျလျက်ရှိသော ဝန်ထမ်းများ၏ နေမှု၊ထိုင်မှုအခြေအနေများ တိုးတက်ပြောင်းလဲ စေရန်လည်းကောင်း၊ ဒလမြို့ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးနှင်‌့ အားကစားဝန်ကြီးဌာန ဝန်ထမ်းများအတွက် အဆင်‌့မြင်‌့၊ အထပ်မြင်‌့ဝန်ထမ်းအိမ်ရာ စီမံကိန်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ဝန်ထမ်းအိမ်ရာအစီအစဉ်တွင် ထည်‌့သွင်း၍ မည်ကဲ့သို့ ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ကျန်းမာရေးနှင်‌့ အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေး ဝန်ထမ်း အထူးသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆိုလျှင် ဒလတွင်ရှိသည့် ဝန်ထမ်းအိမ်ရာ ရပ်ကွက်တွင် ပေးပါကြောင်း၊ အခြားပြည်သူ့ဆေးရုံများ ဆေးရုံ၏မြေနေရာ နေရာတည်ရှိမှုအပေါ် မူတည်ပြီး ကျန်းမာရေးဌာနပိုင် မြေနေရာတွင် တည်ဆောက်ပေးပါကြောင်း၊ အထပ်မြင်‌့အိမ်ရာများကိုလည်း နှစ်စဉ်စီမံကိန်းတွင် ထည်‌့သွင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံကြီးများ၏ ဝန်ထမ်းအိမ်ရာလိုအပ်ချက်ကို ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၅-၁၆ ခုနှစ်မှ အထပ်မြင်‌့အဆောက်အဦ လေးလုံးရရှိပါကြေင်း၊ ၂၀၁၇-၁၈ ခုနှစ်တွင် အထပ်မြင့်အဆောက်အဦ ၁၀ လုံးတည်ဆောက်ပြီး ၂၀၁၈-၁၉ ခုနှစ်၊ လာမည်‌့ အောက်တိုဘာဘတ်ဂျက်တွင် အထပ်မြင့် ၂၄ လုံးဆောက်ရန် လျာထားပါကြောင်း၊ ဒလမြို့တွင် ကျန်းမာရေးဝန်ထမ်းရပ်ကွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ဝန်ထမ်းများအတွက် အထပ်မြင်‌့အိမ်ရာများ တည်ဆောက်ပေးလျက်ရှိရာ ၂၀၁၅-၁၆ ခုနှစ်မှ စတင်တည်ဆောက်သည်မှာ ယခု ရှစ်ခန်းတွဲလေးထပ် နှစ်လုံးမှာ တစ်လုံးက ရာခိုင်နှုန်း ၁၀၀ နှင့် နောက်တစ်လုံးက ၈၀ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ခုနှစ်တွင် ခြောက်ခန်းတွဲ လေးထပ်တစ်လုံးကို တည်ဆောက်မည် ဖြစ်ပါကြောင်း၊ ဒလတွင် လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောသည့်အတိုင်း လိုင်းပေါင်း ၉၀ တွင် အခန်းတွဲ တစ်ထပ်သစ်သား လိုင်းများဖြစ်ပါကြောင်း၊ လိုင်းပေါင်း ၉၀ တွင် အခန်းပေါင်း ၇၂၀ နှင့် ယခု ၆၉၉ ခန်းတွင် လူနေသော်လည်း ၂၁ ခန်း လူမနေသည်ကို တွေ့ရှိရပါကြောင်း၊ နေထိုင်လျက်ရှိသည့် အိမ်ထောင်စုပေါင်း ၇၃၆ နေထိုင်ပါကြောင်း၊ ဒလတွင် ဆက်ဆောက်မည်ဆိုလျှင် အဆင်‌့မြင်‌့၊ အထပ်မြင်‌့ နေရာကမရှိသည့်အတွက် ရှိတာကိုဖျက်ပြီးမှဆောက်ရမည်ဖြစ်ပြီး အဆင့်မြင်‌့၊ အထပ်မြင်‌့ တစ်ခုဆောက်လျှင်လည်း လိုင်းလေးလိုင်းကို ဖျက်ရမည်၊ ဖျက်မယ်ဆိုလျှင် သူတို့မည်သည့်နေရာ ပြောင်းနေရမည်နည်းဆိုသည့် ပြဿနာတစ်ခုရှိပါကြောင်း၊ တစ်ပြိုင်တည်းဆောက်၍ မရပါကြောင်း၊ သို့သော်လည်း ၂၀၁၈-၁၉ ခုနှစ်သည် ဝန်ထမ်းအိမ်ရာနှစ် ဖြစ်သည့်အတွက် တိုင်းဒေသကြီးနှင်‌့ ပြည်နယ်အားလုံးက စာရင်းဇယားများ ကောက်ပြီးပါကြောင်း၊ ၂၀၁၈-၁၉ ခုနှစ် ဘတ်ဂျက်ရသည့် သန်းပေါင်း ၇၈၁၄၄.၇ သန်းထဲက ၈၃.၆၆ ရာခိုင်နှုန်းကို အိမ်များဆောက်မည် ဖြစ်ပါကြောင်း၊ ဆေးရုံအသစ်များ မဆောက်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ချထားသည့် ငွေ၏ ၇၈.၀၅ ရာခိုင်နှုန်းကို ဝန်ထမ်းအိမ်ရာ ဆောက်ရန်ရှိပါကြောင်း၊ ၂၀၁၈-၁၉ ခုနှစ်တွင် ၆၂ ခန်းပြီးမည်၊ ၂၀၁၉-၂၀ ခုနှစ်တွင် ၇၆၄ ခန်းပြီးမည်၊ ဆိုလိုတာက တစ်နှစ်တည်းဆောက်၍ မရပါကြောင်း၊ ၂၀၁၉-၂၀ ခုနှစ်တွင် အခန်း ၈၀၀ ကျော်ခန့် ရန်ကုန်တိုင်းဒေသကြီးအတွက် ဖြစ်လာမည်ဖြစ်ပါကြောင်း၊ ဒလအတွက်ကို ပြောမည်ဆိုလျှင် ၂၀၁၅-၁၆ ခုနှစ်က ဆောက်ခဲ့သည့် ရှစ်ခန်းတွဲလေးထပ်တစ်လုံးက ရာခိုင်နှုန်း ၁၀၀ ပြီးသွားသည့်အတွက် ၃၂ ခန်း ရပါကြောင်း၊ ယခု နောက်ထပ် ရှစ်ခန်းတွဲ လေးထပ်တစ်လုံး ဆောက်သည်မှာ ဒလတွင် ၈၅ ရာခိုင်နှုန်း ပြီးပါကြောင်း၊ ၂၀၁၈ ခုနှစ် နှစ်ကုန်ခန့်တွင် ပြီးရန်ရှိပါကြောင်း၊ ရန်ကုန်ဆေးရုံ၊ မြောက်ဥက္ကလာပဆေးရုံ၊ သင်္ဃန်းကျွန်းစံပြဆေးရုံ၊ မင်္ဂလာဒုံအထူးကုဆေးရုံ၊ အင်းစိန်အထွေထွေ ရောဂါကုဆေးရုံ၊ အရိုးအဆစ်အထွေထွေ ရောဂါဆေးရုံ၊ အရိုးအထူးကုဆေးရုံ၊ ရန်ကုန်ကလေးဆေးရုံကြီး၊ ရန်ကုန်အထူးကုကလေးဆေးရုံ၊ ရန်ကုန်အထွေထွေ ရောဂါဆေးရုံ၊ တာမွေနား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံ အားလုံးအခန်းပေါင်း အကုန်လုံးလျာထားပါကြောင်း၊ ၎င်းကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပြီး ဘတ်ဂျက်ဒီထက်မက ရမယ်ဆိုလျှင် ဆောက်ပေးချင်ပါကြောင်း၊ မိမိတို့ ဝန်ထမ်းများ၏ အဓိကက အိမ်ဖြစ်သည့်အတွက် မည်ကဲ့သို့ ခွဲဝေမည်နည်းဆိုသည်ကို အကုန်လုံးအဆင်သင်‌့ရှိပါကြောင်းနှင့် သေချာပြီဆိုလျှင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင်‌့ ပြည်နယ်အစိုးရအဖွဲ့များကို စတင် အကြောင်းကြားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါက်တာစိန်မြအေး (ဒလမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဒလမြို့ကျန်းမာရေးဝန်ထမ်းအိမ်ရာ ရပ်ကွက်တွင် ဝန်ထမ်းအိမ်ရာစီမံကိန်း တည်ဆောက်ခြင်းရှိ/မရှိ တိတိကျကျသိချင်သည့်အတွက် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ကျန်းမာရေးနှင်‌့ အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး

ဒလတစ်ခုတည်းကို ကွက်ကြည်‌့၍ မရပါကြောင်း၊ ကျန်ရှိသည့် တိုင်းနှင့်ပြည်နယ်များအတွက် လျာထားရန်လည်း ရှိပါကြောင်း၊ ဝန်ထမ်းအိမ်ရာများ ကြည့်မကောင်းသည်မှာ မည်သူ့တွင် တာဝန်ရှိပါသလဲဟုမေးမည်ဆိုလျှင် အမှန်တိုင်းပြောရလျှင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးဖြစ်ပါကြောင်း၊ မည်သည့်အတွက်ကြောင့် ပြောရသလဲဆိုလျှင် မနှစ်က ပိုက်ဆံသန်းပေါင်း ပြင်ဆင်ထိန်းသိမ်းစရိတ်တွင် ပိုက်ဆံသန်းပေါင်း ၄၇၄၇ ခု ပြန်အပ်လိုက် ရပါကြောင်း၊ ဒါကမဖြစ်သင်‌့သည့်ကိစ္စဖြစ်ပါကြောင်း၊ ယခုနှစ်လည်း အရေးပေါ်ဘတ်ဂျက်လုပ်ထား ပါကြောင်း၊ ပိုက်ဆံပြတ်သည်ဆိုတာ လုပ်ငန်း၏ Efficiency မကောင်း၍ ပြန်အပ်ရခြင်းဖြစ်သော်လည်း မိမိသည် လုံးဝမအပ်ပါကြောင်း၊ မအပ်သော်ငြားလည်း ပိုက်ဆံများကို သေသေချာချာစိစိစစ်စစ်ဖြင့် အကျိုးရှိစွာ သုံးစွဲရန် ပြောကြားထားပါကြောင်းဖြင့် ရှင်းလင်းဖြေကြားပါသည်။