ဆရာဝန်ဘွဲ့ရကျောင်းသား/ကျောင်းသူများအား အရည်အချင်းစစ်စာမေးပွဲဖြင့် ရွေးချယ်ခန့်အပ်ခြင်း မပြုဘဲ ဘွဲ့ရအမှတ်စဉ်အလိုက် အလုပ်ခန့်အပ်ပေးနိုင်ခြင်းရှိ/မရှိ၊ လွန်ခဲ့သော ၁၀ နှစ်မှ နှစ်အလိုက် ဆေးပညာဘွဲ့ရဦးရေနှင့် အလုပ်ခန့်နိုင်မှုဦးရေ၊ ယခုအချိန်တွင် အလုပ်ခွင်သို့ ဝင်ရောက်ခွင့်မရသေး သည့်ဦးရေနှင့် နောင်တွင်ဘွဲ့ရလာမည့် ဆရာဝန်များ လုပ်ငန်းခွင်သို့အချိန်နှင့်တစ်ပြေးညီဝင်ရောက်နိုင် ရေးအတွက် မည်သို့စီမံချက်များချမှတ်ထားသည်ကို သိရှိလိုသည်နှင့်စပ်လျဉ်းသည့်မေးခွန်း
၁၀ တန်းကို ဂုဏ်ထူးများစွာဖြင့်အောင်မြင်ပြီးတော့ ဆေးပညာဘွဲ့(M.B.B.S)ကိုလည်း ခြောက်နှစ်၊ ခုနစ်နှစ် စာတွေ့ရော၊ လက်တွေ့ပါသင်ကြားပြီးတော့ အောင်မြင်လာတဲ့ တိုင်းပြည်ရဲ့ တကယ့် ထူးချွန် တဲ့လူငယ်လေးတွေဟာ အလုပ်ခွင်ကိုဝင်ခွင့်မရဘဲ အခက်အခဲကြုံတွေ့နေရတာနဲ့ပတ်သက်ပြီးတော့ ဖြေရှင်းနိုင်ဖို့ စေတနာထားပြီးမေးမြန်းခြင်းဖြစ်ပါတယ်။
ဒီဆေးကျောင်းမှာ တက်ခွင့်ရတဲ့ ကျောင်းသားတွေဟာ စာတွေ့ရော၊ လက်တွေ့ရော ခြောက်နှစ်၊ ခုနစ်နှစ် ငွေကုန်ကြေးကျခံပြီးတော့ ဆေးပညာကို သင်ခဲ့ကြရပါတယ်။ ဆေးပညာဘွဲ့ရလာပြီးတဲ့အချိန်အခါမှာ ရေးဖြေ၊ နှုတ်ဖြေစာမေးပွဲ တွေကိုဖြေဆိုပြီးတော့မှ အလုပ်ခွင်ကို ဝင်ခွင့်ရကြပါတယ်။ အဲဒီတော့ တစ်ဖက်မှာ တချို့ဆိုရင် နှစ်နှစ်၊ သုံးနှစ် အဲဒီလိုစာမေးပွဲကျပြီးတော့ ဝင်ခွင့်မရတဲ့ ဘွဲ့ရကျောင်းသားဟောင်းတွေလည်းရှိပါတယ်။ အဲဒီလိုအခက်အခဲတွေနဲ့တွေ့ကြုံရတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့နိုင်ငံမှာ ၂၀၀၁ ခုနှစ် ကစပြီးတော့ ၂၀၁၂ ခုနှစ်အထိ ဆေးပညာကျောင်းကိုတက်ခွင့်ရတဲ့ ကျောင်းသား နှစ်စဉ် ၂၄၀၀ ရှိပါ တယ်။ ကုန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်မှလိုအပ်ချက်အရ ၁၂၀၀ သို့ လျှော့ချတယ်လို့သိရှိရပါတယ်။ ဒီတော့ အဲဒီလောက် ပမာဏကျောင်းသားတွေဟာ ကျွန်တော်တို့နိုင်ငံမှာ ဆေးပညာဘွဲ့ရပြီးတော့ အလုပ်ခွင် ကိုမဝင်နိုင်တဲ့ ကျောင်းသားတွေအများကြီးရှိပါတယ်။ အခြေအနေအရ နိုင်ငံခြားမှာသွားပြီးတော့လည်း လုပ်ခွင့်မရတဲ့သဘောမျိုးတွေ့ရပါတယ်။ ဆေးပညာကျောင်းသားတွေကို ဆေးကျောင်းတက်စဉ် ကတည်းက ဆေးပညာကို ဘွဲ့ရလာတဲ့အခါမှာ သုံးနှစ် မဖြစ်မနေ တာဝန်ထမ်းဆောင်ရမယ်ဆိုပြီးတော့ ကတိခံဝန်ချက်တွေလည်း ရေးထိုးထားရပါတယ်။ ကျောင်းသားတွေဘက်က အဲဒီလိုကတိမျိုးပေးခဲ့ရ ပါတယ်။ ဒါပေမယ့် အစိုးရဘက်ကကျတော့ ကျောင်းသားတွေကို တိုင်းပြည်က တကယ်တမ်း လိုအပ်ချက်လည်းရှိနေပါလျက်နဲ့ လိုအပ်ချက်ရှိတယ်ဆိုတာ အားလုံးအသိပါပဲ။ ကျွန်တော်တို့ အခုနက မေးခွန်းတွေမှာလည်းပါပါတယ်။ တိုက်နယ်ဆရာဝန်တစ်ဦးတောင်မှမရှိတဲ့ မြို့နယ်တစ်မြို့နယ်မှာမှ ဆရာဝန် တစ်ဦးစ၊ နှစ်ဦးစရှိတဲ့ တစ်မြို့နယ်လုံးမှာမှ ဆရာဝန် နှစ်ဦးစ၊ သုံးဦးစရှိတဲ့ အဲဒီလိုအဖြစ်မျိုး ဟာ သူများနိုင်ငံနဲ့စာရင် အများကြီးခေတ်နောက်ကျနေပါပြီ။ ဒီတော့ တိုင်းပြည်က ထုတ်လုပ်မှုအား လည်းရှိတယ်။ ဒီမှာ လိုအပ်ချက်အားလည်းရှိတယ်။ အဲဒီနှစ်ခု ပြည့်စုံပါလျက်နဲ့ ဒီလူငယ်လေးတွေဟာ ဘာကြောင့် အလုပ်ခွင်သို့ အချိန်နှင့်တစ်ပြေးညီဝင်ရောက်ခွင့်မရှိကြတာလဲ။ မရှိနိုင်ရတာလဲ။ ဘာကြောင့် နှုတ်ဖြေ၊ ရေးဖြေစာမေးပွဲတွေနဲ့ ကန့်သတ်ပြီးတော့ ခေါ်နေရတာလဲ။ အဲဒီအပေါ်မှာ ကျွန်တော့်အနေနဲ့ ဒီကျောင်းသားလေးတွေကို အချိန်နှင့်တစ်ပြေးညီ တခြားဆေးခန်းလေးတွေဖွင့် ပြီးတော့ အပြင်မှာ နောက်ဆုံးသူတို့က ဘယ်လိုမှ အလုပ်ခွင်ထဲဝင်ခွင့်မရဘဲ။ အဲဒီလိုပဲ အဆုံးသတ် သွားရတဲ့ ဆေးကျောင်းသားတွေလည်း တွေ့ဖူးပါတယ်။ အဲဒါကြောင့် ဒီလူငယ်လေးတွေကို ကျွန်တော် တို့ အဲ့ဒီလိုကန့်သတ်မယ့်အစား တိုင်းပြည်ရဲ့လိုအပ်ချက်အရ အချိန်နှင့်တစ်ပြေးညီဝင်နိုင်အောင် အတွက်လည်း ရည်ရွယ်ထားပြီးတော့ ကျွန်တော်မေးမြန်းခြင်းဖြစ်ပါတယ်။ အဲဒါကြောင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါမေးခွန်းကို လေးစားစွာမေးမြန်းလိုပါတယ်။ မေးခွန်း(၁) ဆရာဝန်ဘွဲ့ရကျောင်းသားကျောင်းသူများ အရည်အချင်းစစ်စာမေးပွဲဖြင့် ရွေးချယ်ခန့်အပ်ခြင်းမပြုဘဲ ဘွဲ့ရနံပါတ်စဉ်အလိုက် အလုပ်ခန့်အပ်နိုင်ခြင်းရှိ/မရှိ။ မရှိပါက အဘယ်ကြောင့်ပါနည်း။ မေးခွန်း(၂) လွန်ခဲ့သော ၁၀ နှစ်မှစ၍ နှစ်စဉ်ဘွဲ့ရဦးရေနှင့် နှစ်စဉ်အလုပ်ခန့်နိုင်မှုဦးရေကို နှစ်အလိုက်ယှဉ်တွဲလို့ သိလိုပါသည်။ မေးခွန်း(၃) ယခုအချိန်တွင် အလုပ်ခွင်သို့ဝင်ရောက်ခွင့်မရသေးသည့် ဆေးပညာဘွဲ့ရ အရေအတွက်မည်မျှကျန်ရှိပါသနည်း။ အလုပ်ခွင်ဝင်ရောက်ခွင့်မရရှိသေးသော ဘွဲ့ရဆရာဝန်များနှင့် နောင်နှစ်စဉ်ဘွဲ့ရလာမည့် ဆရာဝန်များအလုပ်ခွင်သို့ အချိန်နှင့်တစ်ပြေးညီဝင်ရောက်နိုင်ရန်အတွက် မည်ကဲ့သို့ လုပ်ငန်းစီမံချက်များချမှတ်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၌ တာဝန်ထမ်းဆောင်လိုတဲ့ မည်သည့်အရာရှိဝန်ထမ်း မဆို ပြည်ထောင်စုရာထူးဝန်အဖွဲ့မှတစ်ဆင့်ခေါ်ယူသော ရာထူးအတွက် ဖြေဆိုအောင်မြင်သူများကို သာ ခန့်အပ်ခဲ့ပါတယ်။ ခွင့်ပြုဖွဲ့စည်းပုံအတိုင်းသာ ခန့်အပ်နိုင်ခဲ့ပြီး ပြုန်းတီးအင်အားနှင့် အသစ်တိုး အင်အားကိုချိန်ဆ၍ မွေးထုတ်ပေးလျက်ရှိပါတယ်။ အစိုးရဝန်ထမ်းအဖြစ် ဆောင်ရွက်လိုခြင်းမရှိသော် လည်း ပြင်ပတွင်အခြားသော ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကိုသာ လုပ်ဆောင်လိုသော ဆရာဝန်များလည်းရှိပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသိပ္ပံပညာဦးစီးဌာနအနေဖြင့် ဆရာဝန် ဘွဲ့ရကျောင်းသူကျောင်းသားများအား အရည်အချင်းစစ်စာမေးပွဲဖြင့် ရွေးချယ်ခန့်အပ်ခြင်းမပြုဘဲ ဘွဲ့ရနံပါတ်စဉ်စီးရီးအလိုက် အလုပ်ခန့်အပ်ပေးနိုင်ခြင်းမရှိပါကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၇ ပုဒ်မခွဲ(က)အရ ဝန်ထမ်းအဖွဲ့အစည်းအသီးသီးရှိ ဝန်ထမ်းအမျိုးအစားအလိုက် သတ်မှတ်သည့် စတင် ခန့်ရာထူးအဆင့်အတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ရွေးချယ်ပေးသော ဝန်ထမ်းများကိုသာ ခန့်ထားရခြင်းဖြစ်ပါတယ်။
လွန်ခဲ့သော ၁၀ နှစ်အတွင်း စုစုပေါင်းဆေးပညာဘွဲ့ရသူ ၁၈၄၃၈ ဦးနှင့် စုစုပေါင်း အလုပ်ခန့် နိုင်မှုမှာ ၇၀၈၆ ဦးဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၀၄ ခုနှစ်တွင် ဘွဲ့ရဦးရေ ၇၇၉ ဦးမှာ ခန့်အပ် ၄၂၆ ဦး၊ ၂၀၀၅ ခုနှစ်တွင် ဘွဲ့ရဦးရေ ၁၁၄၉ ဦးမှာ ခန့်အပ်နိုင်တာက ၃၇၀ ဦး၊ ၂၀၀၆ ခုနှစ်တွင် ဘွဲ့ရဦးရေ ၇၉၉ ဦးမှာ ခန့်အပ်တာ ၉၀၀ ဦးဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်တွင် ဘွဲ့ရဦးရေ ၂၀၉၂ ဦးရှိရာ ခန့်အပ်မှာ ၄၉၇ ဦးဖြစ်ပြီး၊ ၂၀၀၈ ခုနှစ်တွင် ဘွဲ့ရ ၁၅၃၅ ဦးမှာ ခန့်အပ်ဦးရေ ၅၅၃ ဦး၊ ၂၀၀၉ ခုနှစ်တွင် ဘွဲ့ရဦးရေ ၂၀၀၇ ဦးရှိပြီး ခန့်အပ်မှာ ၂၀၂၈ ဦး၊ ၂၀၁၀ ခုနှစ်တွင် ဘွဲ့ရ ၂၁၀၈ ဦးရှိပြီး ၂၀၁၁ ခုနှစ်တွင် ဘွဲ့ရဦးရေ ၂၀၃၆ ဦးဖြစ်ပြီး၊ ၂၀၁၂ ခုနှစ်တွင် ဘွဲ့ရဦးရေ ၁၉၇၃ ဦးရှိပြီး ခန့်အပ်မှာ ၄၈၆ ဦးဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်တွင် ဘွဲ့ရ ၁၉၃၁ ဦးဖြစ်ပြီး၊ ခန့်အပ်မှာ ၁၈၂၆ ဦး၊ ၂၀၁၄ ခုနှစ်တွင် ဘွဲ့ရမှာ ၁၉၂၉ ဦးဖြစ်ပါတယ်။
လွန်ခဲ့သော ၁၀ နှစ်အတွင်း စုစုပေါင်းသွားဘက်ဆိုင်ရာဆေးပညာဘွဲ့ရသူဦးရေမှာ ၂၁၇၁ ဦးနှင့် စုစုပေါင်းအလုပ်ခန့်နိုင်မှုမှာ ၄၆၃ ဦးဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၀၄ ခုနှစ်တွင် ဘွဲ့ရ ၁၀၆ ဦးရှိရာ ခန့်အပ်မှာ ၄၉ ဦး၊ ၂၀၀၅ ခုနှစ်တွင် ဘွဲ့ရ ၁၆၅ ဦးရှိရာ ခန့်အပ်မှာ ၆၈ ဦး၊ ၂၀၀၆ ခုနှစ်တွင် ဘွဲ့ရ ၁၈၈ ဦးရှိရာ ခန့်အပ်မှာ ၉၆ ဦး၊ ၂၀၀၇ ခုနှစ်တွင် ဘွဲ့ရ ၁၄၃ ဦးရှိရာ ခန့်အပ်မှာ ၁၀၈ ဦး၊ ၂၀၀၈ ခုနှစ်တွင် ဘွဲ့ရ ၁၅၄ ဦး၊ ၂၀၀၉ ခုနှစ်တွင် ဘွဲ့ရ ၁၅၆ ဦး၊ ၂၀၁၀ ခုနှစ်တွင် ဘွဲ့ရ ၂၄၃ ဦး၊ ၂၀၁၁ ခုနှစ်တွင် ဘွဲ့ရ ၂၆၉ ဦး၊ ၂၀၁၂ ခုနှစ်တွင် ဘွဲ့ရ ၂၈၅ ဦးနှင့် ခန့်အပ်က ၁၄၂ ဦး၊ ၂၀၁၃ ခုနှစ်တွင် ဘွဲ့ရ ၂၃၉ ဦး၊ ၂၀၁၄ ခုနှစ်တွင် ဘွဲ့ရ ၂၂၃ ဦးဖြစ်ကြောင်း တွေ့ရှိရပါတယ်။
ကျန်းမာရေးဦးစီးဌာန၏ လက်ထောက်ဆရာဝန်ရာထူးတွင် ခွင့်ပြု ၇၉၀၈ ဦးရှိရာ ခန့်အပ်က ၅၄၀၂ ဦးဖြစ်ပြီး လစ်လပ်ရာထူးမှာ ၂၅၀၆ ဦးဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဇွန်လ နောက်ဆုံးပတ်တွင် သစ်လွင်ဆရာဝန် ၁၁၆၄ ဦးကို ခန့်အပ်မည်ဖြစ်ရာ လစ်လပ်ရာထူးအင်အားမှာ ၁၃၈၂ ဦးသာဖြစ်ပါ ကြောင်း တင်ပြလိုပါတယ်။ ထို့အတူ ကျန်းမာရေးဦးစီးဌာန၊ သွားဘက်ဆိုင်ရာဆရာဝန်ရာထူးတွင် ခွင့်ပြု ၅၆၃ ဦးကနေ ခန့်အပ်ပြီးက ၃၃၁ ဦးဖြစ်၍ လစ်လပ်မှာ ၂၃၂ ဦးဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် သစ်လွင်သွားဘက်ဆိုင်ရာဆရာဝန်များကို ခန့်အပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း တင်ပြလိုပါတယ်။
လစ်လပ်လျက်ရှိတဲ့ လက်ထောက်ဆရာဝန်နှင့် သွားဘက်ဆရာဝန်ရာထူးနေရာများအပြင် ပြုန်းတီးအင်အားဖြစ်တဲ့ (အငြိမ်းစား၊ နှုတ်ထွက်၊ ကွယ်လွန်) နေရာများကိုလည်း နှစ်စဉ်ဖြည့်ဆည်း ခန့်အပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ အလုပ်ခွင်သို့ ဝင်ရောက်ခွင့်မရသေးသော ဆရာဝန် များ လုပ်ငန်းခွင်သို့ဝင်ရောက်နိုင်ရေးအတွက်လည်း ဆေးသိပ္ပံပညာဦးစီးဌာနကို တိုးချဲ့ဖွဲ့စည်းပြီး သရုပ်ပြဆရာဝန် ၆၀၅ ဦးနေရာကို လစ်လပ်လျက်ရှိပါတယ်။ သို့ဖြစ်၍ လုပ်ငန်းခွင် လိုအပ်ချက်အရ ၎င်းလစ်လပ်ရာထူးများတွင် ဖြည့်တင်းနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှနေ၍ ပြည်ထောင်စု ရာထူးဝန်အဖွဲ့နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတို့နှင့်ညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
