(ဃ)-ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် လူနာတင်ယာဉ်တစ်စီး ချမှတ်ပေးရန်နှင့် လယ်တီ ကျေးလက်ကျန်းမာရေးဌာနအား ၁၆ ခုတင်ဆံံ့တိုက်နယ်ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ချမှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၅. ၆. ၂၀၁၄)

 ကြို့ပင်ကောက်မြို့နယ်အတွင်းမှာ ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်တဲ့မေးခွန်း မေးမြန်းတင်ပြမှာဖြစ်ပါတယ်။ ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ဆေးရုံဟာ ယခင်က ၂၅ ခုတင်ဆံ့ ဆေးရုံဖြစ်ပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ ဒီဆေးရုံကို ခုတင် ၅၀ ဆံ့ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးဖို့ ကြယ်ပွင့်မပြမေးခွန်းနဲ့ မေးမြန်းတင်ပြခဲ့ပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပေးမယ်ဆိုတဲ့ ဖြေကြားချက်နှင့်အညီဆောင်ရွက်ပေးနေပြီဖြစ်လို့ မြို့နယ်ပြည်သူများက ဝမ်းသာပီတိဖြစ်နေကြပါတယ်။ အခုဆိုရင် ခုတင် ၅၀ ဆံ့ဆေးရုံအဆင့်နဲ့ လျော်ညီတဲ့ နှစ်ထပ်လူနာဆောင်ကြီး ဆောက်လုပ်နေတာကို တွေ့မြင်ကြရတဲ့အတွက် နိုင်ငံတော်ကို အထူးပဲကျေးဇူးတင် ဝမ်းမြောက်လျက်ရှိကြပါတယ်။ ကြို့ပင်ကောက်မြို့နယ်အတွင်းမှာ နှစ်စဉ် တိုးတက်လာတဲ့ လူဦးရေနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးနိုင် ပါရန် အောက်ပါမေးခွန်းသုံးခုကို မေးမြန်းတင်ပြအပ်ပါတယ်။

(က) မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် လူနာတင်ယာဉ်အသစ်တစ်စီး ချမှတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် မည်သည့်နှစ်တွင် ချမှတ်ပေးမည်။ (ခ) လယ်တီကျေးလက်ကျန်းမာရေးဌာနအား ၁၆ ခုတင် ဆံံ့တိုက်နယ်ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ချမှတ်ပေးရန် အစီအစဉ်ရှိ/မရှိ။ (ဂ) ကြို့ပင်ကောက်မြို့နယ် အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲများအား ဒေသလိုအပ်ချက် အရ အဆင့်တိုးမြှင့်သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက ဦးစားပေးအစီအစဉ် အလိုက် ဖြေကြားပေးပါရန် ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင် စေလိုတဲ့စေတနာနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းပါသည်။

ဖြေကြားသူ
ဒေါက်တာသန်းအောင်(ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန)
အဖြေ

 ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဗဟိုအဆင့်ဆေးရုံကြီးတွေ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆေးရုံ ကြီးတွေကို လူနာတင်ယာဉ်များ ထောက်ပံ့ပေးလျက်ရှိပြီး ခရိုင်အဆင့်ဆေးရုံအချို့ကိုလည်း ဦးစားပေး အစီအစဉ်အလိုက် လူနာတင်ယာဉ်များကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ အချို့မြို့နယ်များတွင်မူ ပုဂ္ဂလိကအလှူရှင်၊ စေတနာရှင်များမှလှူဒါန်းသော လူနာတင်ယာဉ်များကို အသုံးပြုလျက်ရှိပြီး တစ်ချိန်တည်းမှာပဲ မြို့နယ်အလိုက် မိမိတို့အလှူရှင်၊ စေတနာရှင်များမှ လှူဒါန်းလိုပါက ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့်လည်း တင်သွင်းခွင့်ရရှိရေးအတွက် ထောက်ခံပေးလျက်ရှိကြောင်း တင်ပြလို ပါတယ်။ သို့ဖြစ်ပါ၍ ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ဆေးရုံအတွက် လူနာတင်ယာဉ်ထောက်ပံ့နိုင် ရန်မှာ ယခု လောလောဆယ် အစီအစဉ်မရှိသေးပါကြောင်း တင်ပြအပ်ပါတယ်။ 

ဆက်လက်ပြီး ဒုတိယအချက်အား ပြန်လည်ရှင်းလင်းတင်ပြလိုပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ လယ်တီကျေးရွာတွင် လူဦးရေ ၁၆၅၈၂ ဦး၊ အိမ်ခြေ ၄၀၈၇ အိမ်ရှိပြီး မြို့နယ် ဆေးရုံနှင့် ၉ မိုင် ၃ ဖာလုံ၊ ဘိုကုန်းကျေးလက်ကျန်းမာရေးဌာနနှင့် ၅ မိုင်ခန့်ကွာဝေးကြောင်း လေ့လာ တွေ့ရှိရပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ပဲခူးတိုင်းဒေသကြီးအတွင်း၌ ၁၆ ခုတင်ဆံ့ ဆေးရုံ သုံးရုံဖြစ်တဲ့ ကျောက်တံခါး၊ အုတ်ဖိုနှင့် သနပ်ပင်မြို့နယ်များတွင် ဖွဲ့စည်းခွင့်ရရှိခဲ့ပြီး ဆောင်ရွက်လျက် ရှိကြောင်း တင်ပြလိုပါတယ်။ သို့ဖြစ်ပါ၍ မြို့နယ်ဆေးရုံနှင့် ၁၀ မိုင်အကွာမှာရှိနေတဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို လွှမ်းခြုံနိုင်သဖြင့် ယခုလောလောဆယ်တွင် တင်ပြပါ လယ်တီကျေးရွာအား တိုက်နယ်ဆေးရုံအဖြစ် ဖွင့်လှစ်ရန် အစီအစဉ်မရှိသေးပါကြောင်း တင်ပြလိုပါတယ်။ တစ်ဖန် ကြို့ပင်ကောက်မြို့နယ်အတွင်း၌ ခုတင် ၅၀ ဆံ့ဆေးရုံတစ်ရုံ၊ အလယ်ကုန်းတိုက်နယ်ဆေးရုံမှာ တစ်ရုံ၊ ကျေးလက် ကျန်းမာရေးဌာနငါးခု၊ အလယ်ကုန်း၊ လှေကုန်း၊ ခုနှစ်ရွာ၊ အိုးဘိုကုန်းနှင့်လယ်တီတို့အား ဖွင့်လှစ်ထားရှိပြီးဖြစ်ရာ လုပ်ငန်းလိုအပ်ချက်အရ လိုအပ်လို့ရှိရင် ဆက်လက်ပြီးစီစဉ်ဆောင်ရွက်သွား မြည်ဖစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။