(ခ)-ဖာပွန်မြို့ရှိ အန္တရာယ်ရှိသောအားကစားရုံကို ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၅. ၆. ၂၀၁၄)

          ကျွန်တော်တို့မြို့နယ်မှာ အားကစားဝန်ကြီးဌာနပိုင် မြို့နယ်အားကစားရုံတစ်ရုံနှင့် မြို့မအားကစားကွင်းတစ်ကွင်းရှိပါတယ်။ ရှေးဦးစွာ အားကစားရုံရဲ့ အခြေအနေကို ကျွန်တော်တင်ပြပါမယ်။ လက်ရှိအားကစားရုံကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ (၁၉၉၅-၁၉၉၆) လောက်က နိုင်ငံတော်ရန်ပုံငွေနဲ့ဆောက်လုပ်ပေးခဲ့ပြီးတော့ သစ်သား၊ အုတ်ညှပ်၊ သွပ်မိုး အဆောက်အအုံအမျိုးအစားဖြစ်ပါတယ်။ ထိရောက်တဲ့ပြုပြင်ထိန်းသိမ်းမှုတွေ မဆောင်ရွက်ပေးနိုင်တဲ့ အတွက် လက်ရှိအခြေအနေဟာ (၁) သွပ်မိုးတွေပေါက်ပြဲနေပါတယ်၊ (၂) ကြမ်းခင်းအင်္ဂတေကွာထွက် နေပါတယ်၊ သစ်သားတိုင်တွေ၊ အမိုးပိုင်းသစ်သားထည်တွေဖြစ်တဲ့ ထုပ်လျောက်ဒိုင်းမြားတန်းတွေ၊ ကြံ့ခိုင်မှုအားနည်းပြီးတော့ အန္တရာယ်ရှိတဲ့အနေအထားကို ရောက်ရှိနေပါတယ်။ ဒီလို အန္တရာယ်ရှိတဲ့ အနေအထားကြောင့် ဘယ်သူ့ကိုမျှအားကစားဝင်ရောက်လုပ်ကိုင်ခွင့်မပြုတော့ဘဲနဲ့ တံခါးများပိတ် ထားရတဲ့အနေအထားကို ရောက်ရှိနေပါတယ်။

          ဆက်လက်ပြီးတော့ မြို့မအားကစားကွင်းရဲ့အခြေအနေကို တင်ပြပါမယ်။ မြို့မအားကစားကွင်း ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကတည်းက ဆောက်လုပ်ခဲ့တာဖြစ်ပြီးတော့ မီတာ ၄၀၀ ပြေး လမ်း၊ လူ ၁၀၀ လောက်ဆံ့တဲ့ပွဲကြည့်စင်နဲ့ သစ်သား  Gold Score Board တစ်ခုရှိပါတယ်။ အရင် ကတော့ ကွင်းပတ်လည်ကို ပျဉ်းကတိုးသားသစ်သားခြံစည်းရိုးနဲ့ ကာရံထားပြီးတော့ သပ်သပ်ရပ်ရပ် ရှိတယ်လို့ဆိုနိုင်ပါတယ်။ နှစ်စဉ်မိုးရာသီ၊ ဆောင်းရာသီအားကစားကာလတွေမှာ ကျင်းပလေ့ရှိတဲ့ မြို့နယ်/ခရိုင်အုပ်ချုပ်ရေးမှူး ဖလား၊ အခြေချစစ်ဗျူဟာမှူးဖလားအစရှိတဲ့ ဘောလုံးပြိုင်ပွဲတွေနဲ့ တခြားသော အားကစားနည်းပြိုင်ပွဲတွေ အဓိကကျင်းပရာကွင်းတစ်ကွင်း ဖြစ်ခဲ့ပါတယ်။ လက်ရှိကွင်း ရဲ့အနေအထားကတော့ ပြုပြင်ထိန်းသိမ်းမှုမဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ခြံစည်းရိုးတွေကတော့ ငုတ်တိုင်တောင်မကျန်တော့ဘဲနဲ့ ကျွဲ၊ နွား၊ ဆိတ်တွေ လွှတ်ကျောင်းတဲ့ စားကျက်ကွင်းလိုဖြစ်နေပါ တယ်။ ပွဲကြည့်စင်ကလည်း မိုးယိုပြိုပျက်လျက်ရှိနေပါတယ်။ 

          ဒါကြောင့် ဒေသခံအားကစားသမား လူငယ်မောင်မယ်တွေအပါအဝင် ပြည်သူတွေနဲ့ ဖာပွန် အခြေချတပ်ရင်းတပ်ဖွဲ့တွေက တပ်မတော်သားများရဲ့ကိုယ်စား ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါ မေးခွန်းများကို လေးစားစွာမေးမြန်းအပ်ပါတယ်ခင်ဗျား။(၁) အန္တရာယ်ရှိတဲ့ အနေအထားကြောင့် တံခါးများပိတ်ထားရတဲ့ ဖာပွန်မြို့အားကစားရုံကို ပြန်လည်ပြုပြင်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/ မရှိ။(၂) ဖာပွန်မြို့မှ အားကစားကွင်းရဲ့ ပတ်လည်စည်းရိုးတွေနဲ့ ပွဲကြည့်စင်တွေကို ပြုပြင်မွမ်းမံ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ။ (၃) အစီအစဉ်ရှိပါလျှင် မည်သည့်ကာလတွင် ဆောင်ရွက် ပေးနိုင်မည်ကို သိရှိလိုပါကြောင်း ဥက္ကဋ္ဌကြီးမှတစ်ဆင့်မေးမြန်းပါသည်။


 

ဖြေကြားသူ
ဦးသန့်ရှင်း(ဒုတိယဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန-၁)
အဖြေ

 ကရင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဖြေကြားတင်ပြသွား မှာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်၊ ဖာပွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင် မေးမြန်းသည့် မေးခွန်းနှင့်ပတ်သက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဖြေကြားချက်မှာ ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ဖာပွန်မြို့နယ် မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးအားကစားကွင်း တည်ဆောက်ခြင်းလုပ်ငန်းအား ပြည်နယ်ဘတ်ဂျက် ကျပ်သန်း ၉၀ ဖြင့်လည်းကောင်း၊ ဖာပွန်မြို့နယ် အားကစားရုံတည်ဆောက်ခြင်းလုပ်ငန်းအား ပြည်နယ် ဘတ်ဂျက် ကျပ်သန်း ၃၀၀ ဖြင့်လည်းကောင်း လျာထားဆောင်ရွက်ထားပါကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် ဖြေကြားပါသည်။