မန္တလေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်နယ်စပ်၊ နေပြည်တော်အရှေ့ဘက် ၂၆ မိုင်မှာတည်ရှိတဲ့ အထက်ပေါင်းလောင်းရေအား လျှပ်စစ်စီမံကိန်း ဆည်တည်ဆောက်ရာမှာ ရွာ ၂၃ ရွာ၊ လူဦးရေ ၁၀၀၀၀ ခန့် ရေလွတ်ရာတောင်ပေါ် သို့ ရွှေ့ပြောင်းရေးအစီအစဉ်များ ပြုလုပ်ခဲ့ပါသည်။ ပြောင်းရွှေ့ရသူများအား နစ်နာကြေးပေးရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ဝါးအိမ်တစ်အိမ် ၁၅ သိန်း၊ သစ်သားအိမ်တစ်အိမ် ၂၅ သိန်း၊ တိုက်အိမ် သိန်း ၄၀၀ ပေးလျော်မယ်လို့ ဖော်ပြထားသော်လည်း တချို့မှာ ဝါးအိမ်ကို ၉၃၀၀၀၊ သစ်သားအိမ်ကို သိန်း ၂၀၊ တိုက်အိမ်ကို ၈၅ သိန်း စသည်ဖြင့်သာရရှိကြောင်း သိရှိရပါသည်။
လယ်ယာမြေများ အစားပေးမည်ဟု ကြေညာထားသော်လည်း အခုချိန်ထိမရရှိသေးကြောင်း လည်း သိရပါသည်။ လျော်ကြေးတွက်ပြီး အိမ်ခြေ ၄၂ အိမ်ခန့်ကိုလည်း ရေမမြုပ်ဟုဆိုပြီးတော့မှ ၃ သိန်းသာပေးပြီး လက်မှတ်ထိုး၊ လက်ဗွေနှိပ်ပေးခဲ့ရခြင်း၊ အိမ်ထောင်တစ်စုလျှင် တစ်အိမ်သာ နစ်နာ ကြေးရမည်ဟုပြောပြီး နောင်အိမ်ထောင်မရှိသူများ နစ်နာကြေးရသည်များရှိခြင်း၊ ရေမမြုပ်မည့်လယ် များ နစ်နာကြေးရပြီး ရေနစ်မြုပ်မည့်လယ်မြေများအား နစ်နာကြေးမရခြင်း စတဲ့ဖြစ်ရပ်များကြောင့် ရွာသားအများစုက ရွာအုပ်ချုပ်ရေးမှူးကို မကျေမနပ်ဖြစ်ကာ သက်ဆိုင်ရာမှ လာရောက်စုံစမ်းစစ်ဆေး ပေးစေလိုကြောင်း တောင်းဆိုနေသည်ကိုလည်း သိရှိရပါသည်။ အဆိုပါရွာများတွင် လိန်းလီ၊ ဖိုကုန်း၊ ထိန်ပင် စတဲ့ရွာတွေ ၂၃ ရွာတွေမှာ တိုင်းရင်းသားလူမျိုးများဖြစ်တဲ့ ပလောင်၊ ပအို့ဝ်နဲ့ ကယားအပြင် မြန်မာအများစုများ တောင်ယာလယ်လုပ်များဖြစ်ပြီးတော့မှ ရွာသစ်ကို ပြောင်းရွှေ့ကြရမှာလည်း ပင်လောင်းမှ ၂၅ မိုင်ခန့်ဝေးတဲ့ တောင်တက်/ဆင်းကြမ်း လမ်းကျဉ်းတဲ့ခရီးလမ်းမှာ နေကြရပြီး မိုးရွာ လို့ရှိရင် မိမိတို့နေထိုင်ရာနေရာသို့ ရေများစီးဆင်းတဲ့အတွက် သွားလာရခက်ခဲမှုများ ရှိနေပါသည်။
အလုပ်လက်မဲ့ဘဝဖြင့် ဒုက္ခရောက်နေကြသူတွေသည် ကျွန်မဆီဒီစာပို့လိုက်တဲ့အချိန်ဟာ မတ်လဆန်းမှာဖြစ်တဲ့အတွက် အဲ့ဒီအချိန်အခါတုန်းက နွေရာသီတောင်ယာမခုတ်ရ အမိန့်ကြောင့် တောင်ယာခုတ်စိုက်ပျိုးရတဲ့ နနွင်းစိုက်ပျိုးမှုလည်း ရပ်ဆိုင်းထားရပါသည်။ အဲ့ဒါကြောင့် လူဦးရေ ၁၀၀၀၀ ခန့်ရဲ့ အလုပ်ရရှိရေး၊ ဘဝအာမခံချက် ရရှိရေးတို့အတွက် ပူပင်နေကြသဖြင့် အမြန်ဆုံး အကူအညီပေးရန်တောင်းဆိုလာကြပါသည်။ လောလောဆယ်အချိန်မှာလည်း အကူအညီမရ၍ ရွာသစ်မှာနေ့စဉ်စားသောက်ရေးနဲ့ နေရေးခက်ခဲတဲ့အတွက်ကြောင့်မို့ ရေမမြုပ်မီ အခုချိန်ကာလမှာ ရွာဟောင်းကိုပြန်လည်ပြီးတော့မှ မူရင်းအလုပ်တွေကို သွားရောက်လုပ်ကိုင်နေရပါတယ်။ အဲ့ဒါကြောင့် အထက်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းမှ နေပြည်တော်ရာဇဌာနီအတွက် လျှပ်စစ်မီးရရှိမည့် အကျိုးကျေးဇူးခံစားရရှိစေသကဲ့သို့ ကျေးလက်နေအခြေခံပြည်သူများအတွက် အလားတူအကျိုး ကျေးဇူးအဖြစ် ဘဝလုံခြုံမှုကို အလေးထားစဉ်းစားကုစားကာကွယ်ပေးရန်ကိုလည်း လိုအပ်မည်ဟု ယူဆပါသည်။ သို့ပါ၍ မေးမြန်းလိုသည်မှာ (၁)ပြောင်းရွှေ့ကျေးရွာ ၂၃ ရွာ၊ အိမ်ခြေ ၂၀၀၀ ကျော်၊ လူဦးရေ ၁၀၀၀၀ ခန့်နေထိုင်ရေး၊ အလုပ်အကိုင်ရရှိရေး၊ ဘဝအာမခံချက်ရရှိရေး၊ သောက်သုံး ရေရှိရေးနှင့် ပညာရေး၊ ကျန်းမာရေးအတွက် အမြန်ဆုံးကူညီဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီစဉ်ရှိပါက မည်သည့်အချိန်ကာလအတွင်း မည်သို့စီမံဆောင်ရွက်သည်ကိုသိရှိလိုပါကြောင်း (၂) နိုင်ငံတော်မှပေးအပ်သော လျော်ကြေး၊ နစ်နာကြေးများကို အမှန်တကယ်နစ်နာသူများရရှိအောင် စီမံဆောင်ရွက်ရန်ရှိ/မရှိနှင့် ရိုးသားကြသော ကျေးလက်ပြည်သူနစ်နာသူများအပေါ် မမှန်မကန် အခွင့်အရေးအလွဲသုံးစားပြုသည့် တာဝန်ရှိသူများကို ဖော်ထုတ်စိစစ်အရေးယူရန်ရှိ/မရှိ၊ ရှိပါက မည်သို့စိစစ်ဆောင်ရွက်ပေးမည်တို့ကို သိရှိလိုပါကြောင်း နစ်နာနေကြသော ပြည်သူများကိုယ်စား ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာ မေးမြန်းပါသည်။
အထက်ပေါင်းလောင်း စီမံကိန်းနဲ့ပတ်သက် လို့ပြောင်းရွှေ့တဲ့ကျေးရွာ ၂၃ ရွာ၊ အိမ်ထောင်စုပေါင်း ၂၅၂၄ စုတို့နေထိုင်ရေးအတွက် ကျေးရွာ အသစ်အဖြစ် မြေ ၆၀၄ ဧက ဖော်ထုတ်ပေးခဲ့ပါတယ်။ လူနေအိမ်များကို ကျေးရွာသူ/ကျေးရွာသားများ စိတ်ကြိုက်ပြန်လည်ဆောက်လုပ်နိုင်ရေးအတွက် လိုအပ်တဲ့အကူအညီထောက်ပံ့မှုနှင့် ငွေကြေးပံ့ပိုးပေး ခြင်း၊ ကျေးရွာချင်းဆက်လမ်း၊ ကျေးရွာတွင်းလမ်းများ ၅၂.၅ မိုင် ဖောက်လုပ်ပေးခြင်းတို့ ဆောင်ရွက် ပေးခဲ့ပါတယ်။ သောက်သုံးရေရရှိရေးအတွက် အုတ်ရေကန် ၁၇၀ လုံးနှင့် ရေပိုက်လိုင်း ၃၂၉၀၀၀ ပေသွယ်တန်းပေးခဲ့ပါတယ်။ ကျေးရွာသစ်များမှာ မူလရှိရင်းထက် သာလွန်တဲ့ပုံစံဖြင့် ပြန်လည် အစားထိုးဆောက်လုပ်ပေးတဲ့ ဘာသာရေးအဆောက်အအုံများဖြစ်တဲ့ ဘုန်းကြီးကျောင်း ၁၈ ကျောင်း၊ စေတီတစ်ဆူ၊ ဇရပ် ၂၀ လုံး၊ ဓမ္မာရုံ သုံးလုံး၊ သီလရှင်ကျောင်း တစ်ကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုး ကျောင်း တစ်ကျောင်း၊ တောရကျောင်း သုံးကျောင်း၊ အာရုံခံတန်ဆောင်း ငါးလုံး ဆောက်လုပ်ပြီး သိမ် ၁၅ လုံး ဆောက်လုပ်ပေးရမယ့်အနက် တည်ဆောက်ဆဲဖြစ်ပါတယ်။ ကျန်းမာရေး ဆေးပေးခန်း လေးလုံး၊ ပညာရေးအတွက် စာသင်ကျောင်း ၁၉ ကျောင်း၊ ဆရာ ဆရာမများနေအိမ် ၂၁ လုံး၊ အုပ်ချုပ် ရေးမှူးရုံး သုံးလုံး စသည့် အဆောက်အဦအားလုံးကိုလည်း ဆောက်လုပ်နေပြီ ဖြစ်ပါတယ်။ ကျေးရွာ သစ်များမှာ လျှပ်စစ်မီးရရှိရေးအတွက် အထက်ပေါင်းလောင်းဓာတ်အားပေးစက်ရုံမှ ဓာတ်အားလိုင်း သွယ်တန်းခြင်းနှင့် နေအိမ်များအရောက် မီတာတပ်ဆင်ခြင်းလုပ်ငန်းများဖြစ်တဲ့ ၃၃ ကေဗွီလိုင်း မိုင် ၄၀၊ ၁၁ ကေဗွီလိုင်း မိုင် ၃၀ နှင့် ၄၀၀ ဗို့လိုင်း ၃၅ မိုင်၊ ၃၃/၁၁ ကေဗွီ 5 MVA ဓာတ်အားခွဲရုံ တစ်ရုံနဲ့ အိမ်သုံးမီတာ ၂၆၁၁ လုံး တပ်ဆင်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ တမံရေဝပ်ဧရိယာအတွင်းကျရောက်တဲ့ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ် ထိန်ပင်နှင့် သပြေကုန်း ကျေးရွာ အုပ်စုနှစ်စုက ကျေးရွာပေါင်း ၂၃ ရွာ ရေလွတ်ကင်းရာနေရာကို အချိန်မီ ရွှေ့ပြောင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာကော်မတီများဖွဲ့စည်းပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလမှစတင်၍ အရှိန်အဟုန်တိုးမြှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာမှာ ယခု ၂၀၁၄ ခုနှစ် မတ်လကုန်အထိ ဆောင်ရွက်ပေး ရမယ့်လုပ်ငန်းအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို ဆောင်ရွက်ပြီး ဖြစ်ပါတယ်။
သက်ဆိုင်ရာရေဝပ်ကျေးရွာ ၂၃ ရွာမှ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာမှ ရွေးချယ်တင်မြှောက်တဲ့ ကျေးရွာ ရပ်မိရပ်ဖ ၁၀ ဦး ပါဝင်တဲ့အဖွဲ့များနှင့် ပူးပေါင်းပြီး ကျေးရွာတစ်ရွာချင်းမှာရှိတဲ့ အိမ်ထောင်စု တစ်စုချင်းအလိုက် အသေးစိတ်စာရင်းများကောက်ယူပြီး အခြေခံစံနှုန်းများအတိုင်း တွက်ချက်ခြင်း၊ သက်ဆိုင်ရာအိမ်ပိုင်ရှင်မှ ကျေနပ်သည်အထိ ညှိနှိုင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါ တယ်။ ရေဝပ်ကျေးရွာပေါင်း ၂၃ ရွာရှိ အိမ်ထောင်စုပေါင်း ၂၅၂၄ စုအတွက် ထောက်ပံ့ပေးခဲ့တဲ့ အဆောက်အဦ ထောက်ပံ့ငွေ ကျပ် ၆၈၇၆.၇၄၉ သန်း၊ လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ် ထောက်ပံ့ငွေ ကျပ် ၃၉၀၅.၈၇ သန်းနဲ့ နှစ်ရှည်သီးနှံပင် ထောက်ပံ့ငွေကျပ် ၅၂၉.၁၃ သန်း၊ ဈေးဆိုင်များအတွက် ထောက်ပံ့ငွေကျပ် ၅၅.၆၄ သန်း ဒါကြောင့်မို့လို့ စုစုပေါင်း ထောက်ပံ့ကြေးငွေမှာ ၁၁၃၆၇.၃၈၉ ကျပ်သန်းပေါင်းဖြစ်ပြီး ထောက်ပံ့ကြေးများကို ၅၀ ရာခိုင်နှုန်းနှစ်ကြိမ်ခွဲပြီး သက်ဆိုင်ရာကျေးရွာများမှာ အခမ်းအနားဖြင့် အိမ်ထောင်စုတစ်စုချင်းအလိုက် ငွေသားဖြင့် လက်ဝယ်အရောက်ပေးအပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပင်လောင်းမြို့နယ်မှ ဌာနဆိုင်ရာများ ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ငွေပေး၊ ငွေယူပြေစာပုံစံမှာ သက်ဆိုင်ရာအိမ်ထောင်စု၊ အိမ်ထောင်ဦးစီးက လက်မှတ်ထိုး၊ လက်ဗွေနှိပ်၍ လက်ခံရယူခြင်း၊ ပင်လောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ အရာထမ်းလေးဦး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူ ညွှန်ကြားရေးမှူးတို့က အတည်ပြုလက်မှတ်ရေးထိုးခြင်း ဆောင်ရွက်ပေးခဲ့ပါတယ်။
နိုင်ငံတော်မှ ပေးအပ်သော လျော်ကြေး၊ နစ်နာကြေးများကို အမှန်တကယ်နစ်နာသူများရရှိအောင် အိမ်ထောင်စုတစ်စုချင်းအလိုက် စနစ်တကျမျက်မြင်ကောက်ယူခြင်း၊ အိမ်ပိုင်ရှင်မှ ကျေနပ်သည်အထိညှိနှိုင်း အတည်ပြုလက်မှတ် ရေးထိုးခြင်းများကို စနစ်တကျဆောင်ရွက်ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ နစ်နာမှုများရှိခြင်းကြောင့် တိုင်ကြားမှုများလက်ခံရရှိခြင်းမရှိသေးပါကြောင်းနှင့် မမှန်မကန်အခွင့်အရေးယူ အလွဲသုံးစားပြု လုပ်ခြင်းများရှိခဲ့ရင်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့နဲ့ ပင်လောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း ပြီးဖြေရှင်းပေးခြင်း၊ လိုအပ်သည့်အရေးယူမှုများ ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း တင်ပြ ဖြေကြားပါသည်။
