(ဂ)-သမဝါယမဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အထောက်အပံ့ဖြစ်စေ ရန်အတွက် ပြည်သူများအား ထုတ်ချေးပေးထားသည့် ချေးငွေများနှင့်စပ်လျဉ်း၍ မည်သို့အကျိုး သက်ရောက်မှုရှိကြောင်းကို သိရှိလိုသည်နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၄. ၆. ၂၀၁၄)

လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ယူတဲ့အချိန်မှာ ကျွန်တော်တို့မြို့နယ်ကို ဘာတွေဆောင်ရွက်ပေးမလဲဆိုတဲ့အချိန်မှာ ကျွန်တော် တို့ အခြေခံကျတဲ့မူများ ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ ဒါ မူလကတော့ ကျွန်တော်တို့မလုပ်နိုင်လောက် ဘူးလို့ထင်တဲ့ လုပ်ငန်းများဖြစ်ပါတယ်။ ကျေးရွာတစ်ရွာမှာ သမဝါယမအသင်းတစ်သင်းဖွဲ့ရမယ်။ ချေးငွေရအောင်လုပ်မယ်။ ထုတ်ကုန်တစ်ခု အနည်းဆုံးရှိရမယ်။ တစ်မြို့နယ်လုံး ကျေးရွာတိုင်း လျှပ်စစ် မီးလင်းရမယ်။ ကျွန်တော်တို့ ဒီလိုကြွေးကြော်ပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ ဒီနေ့ ဒီလုပ်ငန်းများဟာ အကောင် အထည်ဖော်နေပြီဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီလုပ်ငန်းတွေလုပ်ဖို့အတွက် ကျွန်တော်တို့ ပထမဆုံး သမဝါယမဦးစီးဌာနဝန်ထမ်းတွေနဲ့ ကျွန်တော်တို့ နယ်မြေကွင်းဆင်းတယ်။ ရှင်းလင်းပြော ကြားပြီးတော့ အဖွဲ့အစည်းတွေဖွဲ့စည်းခဲ့ပါတယ်။ ထုတ်ကုန်များကိုလည်း ထုတ်လုပ်ဖို့ဦးတည်စေ ခဲ့ပါတယ်။ ဒါကြောင့်မို့လို့လည်း ကျွန်တော်တို့ ဒီနေ့ နောက်ဆုံးအချိန်ထိ သိရတာက ကျွန်တော့် တစ်မြို့နယ်ထဲကိုပဲ ချေးငွေဟာ သိန်းသုံးထောင်ကျော်လောက်ရရှိပါတယ်။ ဒီလိုရရှိတဲ့နောက်ပိုင်းမှာ တကယ်ရော အသင်းတွေဟာ အဆင်ပြေပြေအောင်မြင်ကြရဲ့လား။ ဆက်လက်ပြီးတော့လည်း ရပ်တည် နိုင်မှုရှိရဲ့လား။ စောစောက ဝိုင်းကြီးချုပ်စနစ်နဲ့ပေးကောပေးဆပ်နိုင်ကြရဲ့လားဆိုတာကို ဒါတွေ ကျွန်တော်တို့ သိလိုပါတယ်။ အဲ့ဒီတော့ ကိုယ့်မြို့နယ်အကြောင်းကိုသိလိုတာထက် တစ်နိုင်ငံလုံးအနေနဲ့ ခြုံငုံပြီးတော့ ဆောင်ရွက်မှုအခြေအနေများကို သိလို၍ ဤမေးခွန်းကိုမေးရခြင်း ဖြစ်ပါတယ်။ သို့ဖြစ်ပါ ၍ သမဝါယမ ဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အထောက်အပံ့ ဖြစ်စေ ရန်အတွက် ချေးငွေများထုတ်ချေးလျက်ရှိကြောင်း ကြားသိရပါတယ်။ သို့ပါ၍ ပြည်သူများအား ထုတ်ချေးပေးထားသည့် ချေးငွေများနှင့်စပ်လျဉ်း၍ မည်သို့အကျိုးသက်ရောက်မှုရှိကြောင်း၊ သိရှိလို ပါကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးခွန်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ဦးသန်းထွန်း(ဒုတိယဝန်ကြီး၊ သမဝါယမဝန်ကြီးဌာန)
အဖြေ

သမဝါ ယမဝန်ကြီးဌာနဟာ နိုင်ငံတော်အစိုးရက ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ် ရှစ်ရပ်မှာပါဝင်သော အသေး စားအရင်းအနှီးချေးငွေလုပ်ငန်းနဲ့ သမဝါယမလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ချက် နှစ်ရပ် နှင့် လုပ်ငန်းစဉ်ငါးရပ်ကိုချမှတ်ပြီး စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ အသေးစားအရင်းအနှီးချေးငွေထုတ်ချေးခြင်း၊ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းများ စက်မှု လယ်ယာစနစ်သို့ အဆင့်မြှင့်တင်နိုင်ရန်အတွက် အသင်းသားများလိုအပ်သော လုပ်ငန်းသုံး၊ လယ်ယာ သုံးပစ္စည်းများကို အရစ်ကျငွေချေ (Hire Purchase) စနစ်ဖြင့် ရောင်းချပေးခြင်း၊ သမဝါယမ အသင်းများအားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုအဓိကထားဆောင်ရွက်လျက်ရှိပါတယ်။ အသေးစား အရင်းအနှီးချေးငွေလုပ်ငန်းဟာ လုပ်ငန်းစဉ်ငါးရပ်ရဲ့ အခြေခံဖြစ်ပြီး အတိုးနှုန်းသက်သက်သာသာဖြင့် ပြည်သူများအတွက် လတ်တလောသက်သာချောင်ချိမှု ရရှိစေရေးသာမကဘဲနဲ့ နောင် လေး၊ ငါးနှစ်ကြာတဲ့ အခါမှာ ပြင်ပမှငွေချေးစရာ မလိုတော့ဘဲနဲ့ မိမိဘာသာရပ်တည်လာနိုင်အောင်နှင့် ၎င်းမှတစ်ဆင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာနိုင်အောင်အထိ မျှော်မှန်းပြီးဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်။

          သမဝါယမဝန်ကြီးဌာနအနေနဲ့ ယနေ့အချိန်ထိ နေပြည်တော်ကောင်စီအပါအဝင် တိုင်း ဒေသကြီးနှင့်ပြည်နယ် ၁၅ ခု၊ မြို့နယ် ၃၁၁ မြို့နယ်နဲ့ သမဝါယမအသင်းပေါင်း ၂၇၃၄၅ သင်း၊ အသင်းသားပေါင်း ၂၈၃၆၀၄၂ ဦးအနက် အသေးစားအရင်းအနှီး ချေးငွေလုပ်ငန်း လုပ်ကိုင်သော မြို့နယ် ၃၀၆ မြို့နယ်၊ အသင်းပေါင်း ၁၆၆၆၈ သင်း၊ အသင်းသားပေါင်း ၁၄၆၁၅၁၂ ဦးသို့ သမဝါယမ အသင်းသားများရဲ့အစု၊ စုဆောင်းငွေများဖြင့်လည်းကောင်း၊ အသင်းပိုင်ပစ္စည်းများကို သမဝါယမ ဘဏ်များတွင် အာမခံထား၍ ချေးငွေရယူပြီးလည်းကောင်း၊ အသင်းအချင်းချင်း ပံ့ပိုးငွေများဖြင့် လည်းကောင်း၊ China EXIM Bank မှလည်းကောင်း ပထမအကြိမေ်ချးငွေ အမေရိကန်ဒေါ်လာသန်း ၅၀ တို့ဖြင့်လည်းကောင်း အသေးစားအရင်းအနှီးချေးငွေ စုစုပေါင်းကျပ်သန်း ၁၄၉.၈၀၇ ဘီလီယံကို အသင်းသားများ၊ ပြည်သူများ၏ အရင်းအနှီးအတွက် ထုတ်ချေးပေးနိုင်ခဲ့ပါတယ်။ China EXIM Bank ထံမှ ဒုတိယအကြိမေ်ချးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ကိုလည်း ၂၀၁၄ ခုနှစ်၊ မိုးသီးနှံ စိုက်ပျိုးစရိတ်အတွက် မေလမှစ၍ ချေးငွေများ ဆက်လက်ထုတ်ချေးပေးလျက် ရှိပါတယ်။

          ထို့ပြင် အသင်းသားများလိုအပ်တဲ့ လယ်ယာသုံး၊ လုပ်ငန်းသုံး၊ ရေလုပ်ငန်းသုံးပစ္စည်းများကို အရစ်ကျငွေချေစနစ်ဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ၁၀ ခု၊ မြို့နယ် ၁၇၀ မြို့နယ်၊ အသင်းပေါင်း ၁၃၀၉ သင်းမှ အသင်းသား ၇၇၀၅ ဦးသို့ တန်ဖိုးကျပ်သန်းပေါင်း ၇၉၃၂ သန်းရှိတဲ့ လယ်ယာသုံး စက်ကိရိယာ ၃၁၁၄ စီး၊ လုပ်ငန်းသုံးစက်ကိရိယာ ၄၆၁၆ စီး၊ ရေလုပ်ငန်းသုံးကိရိယာ ၅၁ စီး စတဲ့  စက်ကိရိယာအမျိုးမျိုး အရေအတွက်ပေါင်း ၇၇၈၁ ခုကို အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးနိုင် ခဲ့ပါတယ်။ အသေးစားအရင်းအနှီးချေးငွေလုပ်ငန်းမှ ငွေချေးသူ အသင်းသားများက သတ်မှတ်ကာလ အတိုင်း ပြန်လည်ပေးဆပ်ရာမှာ အရင်းငွေနဲ့အတူ ဝန်ဆောင်စရိတ် ၁ ကျပ် ၅၀ ပြား နှုန်းပါ ပေးဆပ်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီ ဝန်ဆောင်စရိတ် ၁ကျပ် ၅၀ ပြားအနက် China EXIM Bank သို့ အတိုးပေးငွေ ၃၇.၅ ပြား၊ ဗဟိုသမဝါယမအသင်းသို့ ၃၇.၅ ပြား၊ သက်ဆိုင်ရာ အခြေခံသမဝါယမ အသင်းက ၃၃.၃၃ ပြား၊ မြို့နယ်သမဝါယမအသင်းစုက ၃၃.၃၃ ပြားနဲ့ တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမအသင်းစုချုပ်က ၈.၃၄ ပြားစီ အသီးသီးခွဲဝေရရှိကြမှာ ဖြစ်ပါတယ်။  အခြေခံသမဝါယမ အသင်း၊ မြို့နယ်သမဝါယမအသင်းစုနဲ့ တိုင်းဒေသကြီး/ပြည်နယ်သမဝါယမ အသင်းစုချုပ်များဟာ သက်ဆိုင်ရာ အသင်းသားပြည်သူများပိုင်တဲ့ အသင်းများဖြစ်ကြပြီးတော့ အဲ့ဒီအသင်းသားများက ရလာ တဲ့အကျိုးအမြတ်ကို အသင်းသား ပြည်သူများကပဲ ပြန်လည်ခံစားကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့  အဲ့ဒီအသင်းများကို ပြန်လည်ခွဲဝေပေးတဲ့အတိုး(ဝန်ဆောင်စရိတ်) ၇၅ ပြားဟာ အသင်းသားများကို ပြန်လည်ပေးခဲ့တာဖြစ်လို့ သေသေချာချာ စိစစ်ကြည့်မယ်ဆိုရင် အသင်းသားပြည်သူများထံမှ အမှန် တကယ်ရယူတဲ့ အတိုးနှုန်း(ဝန်ဆောင်စရိတ်)ဟာ ၇၅ ပြားသာ ဖြစ်တယ်ဆိုတာကို တွေ့ရမှာဖြစ်ပါ တယ်။

          တိုင်းဒေသကြီး/ပြည်နယ်သမဝါယမအသင်းစုချုပ်များကရရှိတဲ့ ၈.၃၄ ပြား၊ မြို့နယ်သမဝါယမ အသင်းစုက ရရှိတဲ့ ၃၃.၃၃ ပြားနဲ့ အ‌ွခေခံအသင်းက ရရှိတဲ့ ၃၃.၃၃ ပြားတို့ကို လုပ်ငန်းအသုံးစရိတ်၊ လုပ်ငန်းတိုးချဲ့ခြင်း၊ လိုအပ်သောဝန်ထမ်းများခန့်ထားခြင်း၊ သင်တန်းနဲ့ အသိပညာပေးရေးလုပ်ငန်း များဆောင်ရွက်ခြင်း၊ သဘာဝဘေးရန်ပုံငွေနဲ့ မမျှော်မှန်းနိုင်သော အသုံးစရိတ်ရန်ပုံငွေများ လျာထား ခြင်းစသည်တို့အတွက် လျာထားသုံးစွဲသွားမှာ ဖြစ်ပါတယ်။ အသင်းသားများဟာ ချေးငွေတစ်ကြိမ် ချေးတိုင်း ချေးငွေ၏ ၁၀ ရာခိုင်နှုန်းကို စုဆောင်းစေပါတယ်။ ဒီလို စုဆောင်းခြင်းအားဖြင့် နောင် လေး၊ ငါးနှစ်ကြာတဲ့အခါမှာ အခြေခံသမဝါယမအသင်းများဟာ မိမိတို့အသင်းသားများရဲ့ စုဆောင်းငွေ များဖြင့် အသေးစားအရင်းအနှီး ချေးငွေလုပ်ငန်းများကို ဆောင်ရွက်နိုင်ပြီးရရှိလာတဲ့ ဝန်ဆောင်စရိတ် ၁ ကျပ် ၅၀ ပြားအနက်ကနေပြီးတော့ အ‌ွခေခံသမဝါယမအသင်းက ၅၀ ပြားရရှိပြီး စုဆောင်းငွေ ပိုင်ရှင် အသင်းသားကနေပြီးတော့ ၁ ကျပ် ရရှိမှာဖြစ်ပါတယ်။ အသေးစားအရင်းအနှီးချေးငွေ လုပ်ငန်းကနေပြီးတော့ အသင်းသားပြည်သူများအနေနဲ့ လိုအပ်သောအရင်းအနှီးအတွက် ပြင်ပမှ အတိုးကြီးပေး ငွေချေးယူရခြင်းမှ သက်သာသွားမှာဖြစ်ပါတယ်။ တစ်ဦးကို ငါးသိန်းအထိ ထုတ်ချေး ပေးတဲ့အခါမှာ ပြင်ပမှအတိုးကြီးပေး၍ ငွေချေးယူရမှုမှ ကင်းစင်သွားတဲ့အကျိုးကို ရရှိမှာဖြစ်ပါတယ်။ မိမိတို့ပိုင်စုဆောင်းငွေများ တဖြည်းဖြည်းများပြားလာပြီးတော့ နောင်ကျရင် မိမိလုပ်ငန်းအတွက် ပြန်လည်ထုတ်ယူခွင့်ရကြမှာ ဖြစ်ပါတယ်။ မိမိစုဆောင်းထားတဲ့ စုဆောင်းငွေပေါ်မှာ အတိုး ၁ ကျပ်နှုန်းရရှိမှာ ဖြစ်ပါတယ်။ ထို့အတူ အ‌ွခေခံသမဝါယမအသင်းအနေနဲ့လည်း ဗဟိုကချပေးသော ငွေကြေးဖြင့် ချေးငွေလုပ်ငန်းလုပ်ရာမှာ အသင်းရန်ပုံငွေအဖြစ် ၃၃.၃၃ ပြားနှုန်း ရရှိမှာဖြစ်ပါတယ်။ အသင်းသားများရဲ့စုဆောင်းငွေဖြင့် အသင်းရန်ပုံငွေ တဖြည်းဖြည်းများပြားလာပြီး အသင်းကိုယ်ပိုင် ငွေဖြင့်လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ အသင်းပိုင်ရန်ပုံငွေဖြင့် အသေးစား အရင်းအနှီးချေးငွေလုပ်ငန်း လုပ်ကိုင်ရာမှာ ၁ ကျပ် ၅၀ ပြားနှုန်းနှင့် အတိုးရရှိကြမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အသင်းသားများနဲ့ ကျေးရွာအခြေခံသမဝါယမအသင်းများဟာ နောင် ၄၊ ၅ နှစ် ကြာတဲ့အခါမှာ မိမိပိုင်ငွေကြေးဖြင့် မိမိဘာသာလုပ်ငန်းများကို ရပ်တည်ဆောင်ရွက်နိုင်တဲ့အခြေအနေ၊ ၎င်းမှတစ်ဆင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်တဲ့ အခြေအနေကို ရောက်ရှိလာနိုင်မှာ ဖြစ်ပါတယ်။

          ယခုလို အသေးစားအရင်းအနှီး ချေးငွေလုပ်ငန်းဆောင်ရွက်ပေးခြင်းကြောင့် သမဝါယမ အသင်းများအနေဖြင့် အသင်းမှချေးငွေ အတိုးနှုန်းနှင့် အခြားပြင်ပမှချေး‌ငွေ အတိုးနှုန်းများအား နှိုင်းယှဉ်ပါက အောက်ပါအတိုင်း သက်သာကြောင်းကို ထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်-

-        သမဝါယမ အသင်းသားများဟာ  ထုတ်ချေးပေးထားသော ချေးငွေ ကျပ်သန်းပေါင်း ၁၄၉.၈၀၇ ဘီလီယံကို အသင်းချေးငွေ အတိုးနှုန်းဖြစ်တဲ့ ငွေ ၁၀၀ လျှင် တစ်လ ၁ ကျပ် ၅၀ ပြားနှုန်းဖြင့် ထုတ်ချေးပေးတဲ့အတွက်  တစ်လအတိုးငွေ ကျပ်သန်းပေါင်းဟာ ၂၂၄၇.၁၀၇ သန်းဖြစ်ပြီးတော့ ပြင်ပအတိုးနှုန်းဖြစ်တဲ့ အနည်းဆုံး တစ်လ ၁၀ ကျပ်နှုန်း ဖြင်‌့ ချေးယူမယ်ဆိုပါက တစ်လအတိုးငွေ ကျပ်သန်းပေါင်းဟာ ၁၄၉၈၀.၇၁၅ သန်း ကျမှာဖြစ်ပါတယ်။ နှိုင်းယှဉ်ကြည့်တဲ့အခါမှာ တစ်လကိုပေးရတဲ့ငွေ ကျပ်သန်းပေါင်း ၁၂၇၃၃.၆၀၈ သန်းသက်သာတဲ့ အကျိုးကျေးဇူးကို ရရှိမှာဖြစ်ပါတယ်။

-        ၁၀ ကျပ် အတိုးနှုန်းထက် ပိုမိုမြင်‌့မားတဲ့ ၁၅ ကျပ်တိုး၊ ၂၅ ကျပ်တိုး၊ နေ့ပြန်တိုး၊ လုံးတိုး၊ ခွဲတိုးများနှင့်သာ နှိုင်းယှဉ်မည်ဆိုပါက အဆပေါင်းများစွာ ပြည်သူများဟာ သက်သာ ကြောင်းကိုတွေ့ရှိရမှာဖြစ်ပါတယ်။

          ဒါကြောင့်မို့လို့ အသေးစားအရင်းအနှီးချေးငွေလုပ်ငန်းဟာ ကျေးလက်ပြည်သူများနှင့် မြို့ပြ နေအခြေခံပြည်သူများရဲ့ လူမှုစီးပွားဘဝမြှင့်တင်ရေးနဲ့ ဆင်းရဲမှုလျှော့ချရေးအတွက် အခြေခံကျ ပြီးတော့ လက်တွေ့ကျတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။  ဒီလို ထုတ်ချေးပေးနိုင်တဲ့အတွက် အသင်းသားများ အနေဖြင့် ပြင်ပမှ အတိုးကြီးပေးပြီး ငွေချေးရသောဒုက္ခမှ သက်သာခြင်း၊ ထိုအတိုးကြီး ပေးရမည့် ငွေများကို မိမိမိသားစုအရေးအတွက် ပိုမိုအသုံးပြုနိုင်ခြင်း၊ မိမိပိုင်စုဆောင်းငွေများ တ‌ဖြည်းဖြည်း များပြားလာခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပါတယ်။ ထို့အတူ အသင်းသားတောင်သူ များအား မိရိုးဖလာလက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် အသင်းသားများလိုအပ်သော လယ်ယာသုံးစက်ကိရိယာများကို အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေး နိုင်ခဲ့ပြီး မြို့ပြနေအခြေခံပြည်သူများအတွက်လည်း ယာဉ်ငှား၊ ဆိုင်ကယ်ငှား၊ ဆိုက္ကားငှား၊ အပ်ချုပ် စက်ငှားပြီး အလုပ်လုပ်နေရသူဘဝမှ ယာဉ်ပိုင်၊ ဆိုင်ကယ်ပိုင်၊ ဆိုက္ကားပိုင်၊ အပ်ချုပ်စက်ပိုင်ဖြင့် အလုပ်လုပ်နိုင်သူဘဝရောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ အရစ်ကျငွေချေစနစ်ဖြင့် ဝယ်ယူ ခွင့်ရကြတဲ့ အသင်းသားအငှား(ဆိုက္ကား)အနှေးယာဉ်မောင်းများဟာ ဆိုက္ကားတစ်စီးကို ၂ သိန်း ၇ သောင်းနှုန်းကို ပထမအရစ်အနေဖြင့် တန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကိုပေးချေရပြီး ကျန်ငွေကို ၁ နှစ် အတွင်းမှာ ၄ ရစ်ခွဲပြီးတော့ အရစ်ကျပေးသွင်းကာ ကိုယ်ပိုင်အနှေးယာဉ်အဖြစ်ရရှိမှာ ဖြစ်ပါတယ်။

          အသင်းသား အငှားကားမောင်းသူများအနေနဲ့ အငှားယာဉ်တစ်စီး တန်ဖိုးကျပ် ၉၅ သိန်းကို ပထမအရစ်အနေဖြင့် ကျပ်သိန်း ၂၀ ပေးချေပြီးတာနဲ့ ပစ္စည်းလက်ဝယ်ရရှိမှာဖြစ်ပါတယ်။ ကျန်ငွေကို ၃ နှစ်အတွင်းမှာ လစဉ်အရင်း ၂ သိန်း ၈ ထောင်၊ အတိုး ၁ ကျပ်ခွဲနှုန်းဖြင့် ပေးဆောင်ရမှာ ဖြစ်ပါတယ်။  အဲ့ဒီနည်းနဲ့  ၃ နှစ်အတွင်းမှာ အဆိုပါအသင်းသားဟာ ယာဉ်အငှားမောင်းဘဝမှနေ ပြီးတော့ ယာဉ်ပိုင်ရှင် ဖြစ်လာမှာဖြစ်ပါတယ်။ လယ်ယာသုံးစက်ကိရိယာများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲ့ရာမှာ အသင်းသားတောင်သူတစ်ဦးဟာ အင်ဂျင်စက်တစ်လုံးကို တန်ဖိုးကျပ် ၄.၅ သောင်းကို ပထမအရစ်အနေဖြင့် ၂၀ ရာခိုင်နှုန်းပေးချေပြီး ကျန်ငွေကို အတိုးနှုန်း ၁ ကျပ်ခွဲနှုန်းနှင့် ၁ နှစ်အတွင်းမှာ ၄ ရစ်ခွဲ၍ အရစ်ကျပေးသွင်းရမှာ ဖြစ်ပါတယ်။ လယ်ယာမြေအသင့်အတင့်ရှိတဲ့ တောင်သူတစ်ဦးအနေနဲ့ စပါးရိတ်သိမ်းခြွေလှေ့စက်တစ်စီး တန်ဖိုးကျပ် ၃၂၅ သိန်းကို ပထမအရစ် အနေဖြင့် ၂၀ ရာခိုင်နှုန်း ၆၅ သိန်း ပေးချေရပြီး ကျန်ငွေကို ၃ နှစ်အတွင်းမှာ အတိုးနှုန်း ၁ ကျပ် ၅၀ ပြားနှုန်းဖြင်‌့  ၆ လတစ်ကြိမ် အရင်းနှင့်အတိုးပေးချေခြင်းဖြင်‌့ ကိုယ်ပိုင်ရရှိမှာ ဖြစ်ပါတယ်။ ယခုလို ရောင်းချပေးနိုင်တာကြောင့် တောင်သူများအနေနဲ့ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းပြီး မိမိပိုင် စက်ကိရိယာများဖြင့် ရိတ်သိမ်းနိုင်ခြင်းအပြင် အခြားလယ်ယာများသို့ပါ အငှားထွန်ယက်ရိတ်သိမ်း ပေးနိုင်တာကြောင့် ဝင်ငွေတိုးတက်ရရှိတဲ့ အကိြုးကျေးဇူးများကို ရရှိကြမှာဖြစ်ပါတယ်။  သမဝါယမ ဝန်ကြီးဌာနအနေနဲ့ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်းအနှီးမတည်ငွေ ရရှိမှုပေါ်မှာမူတည်ပြီး အသေးစားအရင်းအနှီးချေးငွေလုပ်ငန်းကို ၂၀၁၅ ခုနှစ်ကုန်မှာ တစ်နိုင်ငံလုံးရှိ ကျေးရွာအားလုံးကို လွှမ်းခြုံမိအောင် မျှော်မှန်းပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် သမဝါယမအသင်းများ အဆင့်မြှင့်တင်ရန်အတွက်စံနှုန်းများ သတ်မှတ်စိစစ်ပြီး အိမ်ထောင်စုတစ်စု လျှင် ၅ သိန်းနှုန်းအထိ  တိုးမြှင့်ထုတ်ချေးခြင်း ဆောင်ရွက်သွားဖို့ရည်ရွယ်ထားပါတယ်။

          ဒါကြောင့်မို့လို့ သမဝါယမအသင်းများ ဆောင်ရွက်နေတဲ့ အသေးစား အရင်းအနှီးချေးငွေ လုပ်ငန်းဟာ ကျေးလက်နေပြည်သူများနဲ့ မြို့ပြနေ အခြေခံ ပြည်သူများရဲ့ လိုအပ်နေတဲ့ငွေကြေးများကို ပြင်ပမှအတိုးကြီး ပေးနေရတဲ့ဘဝမှ လွတ်မြောက်စေပြီး မိသားစုဝင်ငွေ တိုးတက်လာစေပါတယ်။  တိုးတက်လာတဲ့ဝင်ငွေများနဲ့ မိမိတို့မိသားစုအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအဆင့်အတန်း မြင့်မားရေးတို့ကို များစွာအထောက်အကူပြုတဲ့ လုပ်ငန်းဖြစ်ကြောင်း တင်ပြလိုပါတယ်။ ဒါ့အပြင်  အရစ်ကျငွေချေစနစ်နဲ့ ရောင်းချတဲ့(Hire Purchase) စနစ်ကလည်း သမဝါယမအသင်းများ တောင်သူလယ်သမားများအတွက် လိုအပ်တဲ့လယ်ယာသုံး စက်ကိရိယာများကို စက်အမျိုးအစား အလိုက် တစ် နှစ်၊ နှစ် နှစ်၊ သုံး နှစ်အတွင်းမှာ လယ်ယာသုံးစက်ကိရိယာပိုင်ရှင်များအဖြစ် ရောက်ရှိ စေပြီးတော့ နိုင်ငံတော်ကအကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ မိရိုးဖလာ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ် ကူးပြောင်းွခင်းကို အထောက်အကူပြုနိုင်တဲ့အတွက် များစွာအကျိုးကျေးဇူးရှိပါ ကြောင်းနှင်‌့ ကျေးလက်နဲ့မြို့ပြနေ အခြေခံပြည်သူများအတွက်လည်း အမှန်တကယ်လိုအပ်နေတဲ့ ရေလုပ်ငန်းသုံးပစ္စည်း၊ မော်တော်ယာဉ်၊ ဆိုင်ကယ်၊ အနှေးယာဉ်(ဆိုက္ကား)၊ အပ်ချုပ်စက်စတဲ့ လုပ်ငန်းသုံးပစ္စည်းများကိုလည်း အငှားဘဝမှ ကိုယ်ပိုင်ဘဝရောက်ရှိလာမှာဖြစ်တဲ့အတွက်ကြောင့် အကျိုးကျေးဇူးရှိပါကြောင်းနှင့် ကျွန်တော်တို့ ဒီဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်ထဲမှာ ကျွန်တော်တို့ရဲ့ ပထမအကြိမ် သမဝါယမအသင်းများမှ ရှိကြတဲ့ငွေနဲ့ ချေးပေးခြင်း၊ ဒုတိယအကြိမ် ကျွန်တော်တို့ အသင်းပိုင်ပစ္စည်းများအား သမဝါယမဘဏ်မှာအပေါင်ထား၍ ချေးယူရာမှာ ယနေ့အထိ ၉၇ ရာခိုင်နှုန်းအထိ ကျွန်တော်တို့ပေးဆပ်မှု ရရှိလျက်ရှိပါတယ်။ ဒါကြောင့်မို့လို့ကြောင့် အခု ဆက်လက်ပြီး တော့ ထုတ်ချေးပေးထားတဲ့ငွေများကိုလည်း ကျွန်တော်တို့ ဒီလိုပြန်ပြီးတော့ အားလုံးရရှိနိုင်မယ်လို့  မျှော်မှန်းထားပါကြောင်း  ဖြေကြားပါသည်။